ကျောက်ကပ်ရောဂါ အကြောင်း သိကောင်းစရာ

By မျိုးသန့်(မဇ္စျိမ)
05 April 2019
ကျောက်ကပ်ရောဂါ အကြောင်း သိကောင်းစရာ

မင်္ဂလာပါ မဇ္ဈိမ ပရိသတ်များခင်ဗျား ကျွန်တော်တို့ အပတ်စဉ်တင်ဆက်ပေးနေကြဖြစ်တဲ့ 4R Health Talk အစီအစဉ်ကနေ ကြိုဆိုပါတယ်ခင်ဗျား၊ အဲ့ဒီတော့ ဒီကျောက်ကပ်ရောဂါနဲ့ ပတ်သက်ပြီးတော့မှ အထူးပြုဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ဒီနေ့ ဖိတ်ခေါ်ထားတဲ့ဆရာဝန်ကတော့ ပါမောက္ခ ဒေါက်တာ ခင်မောင်မောင်သန်း ဖြစ်ပါတယ်။ ဆရာကြီးကဆိုရင် ဆီးနဲ့ ကျောက်ကပ်အထူးကု ပါရဂူလည်းဖြစ်ပါတယ်။ နောက်တစ်ယောက်နဲ့ မိတ်ဆက်ပေးရမယ်ဆိုရင်တော့ 4R Health Talk အစီအစဉ်ကို ကမကထလုပ်ပေးနေတဲ့    Mr. Ravindra Jain ဖြစ်ပါတယ်။ Mr. Ravindra Jain ကတော့ 4R C0nsultancy Co. Ltd ရဲ့ Managing Director လည်းဖြစ်ပါတယ်ခင်ဗျား။

Mr. Ravindra Jain ။  ။  ကျောက်ကပ်ရောဂါနဲ့ သေဆုံးမှုဟာ ကမ္ဘာမှာဆိုရင် အဆင့် ၆ ပေါ့နော်၊ အဲ့ဒီတော့ ဒီကျောက်ကပ်ရောက်ဖြစ်ပေါ်မှုနှုန်းကလည်း ကမ္ဘာပေါ်မှာဆိုလို့ရှိရင် တစ်နေ့ထက်တစ်နေ့ တိုးတက်များပြား လာတာကို တွေ့မြင်ရတယ်။ အဲ့ဒီတော့ ဒီနေ့ဟာဆိုရင်လည်း ကမ္ဘာ့ကျောက်ကပ်ရောဂါနေ့ဖြစ်တယ်။ အဲ့ဒီတော့ ကျောက်ကပ်ရောဂါနဲ့ ပတ်သက်ပြီးတော့ အထူးပြုဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ ဆရာကြီး ဦးခင်မောင်မောင်သန်းပေါ့လေ၊ ဆရာကြီးဟာဆိုရင် ကျောက်ကပ်ကုသမှုနဲ့ ပတ်သက်ပြီးတော့ နှစ်ပေါင်း ၃၅ နှစ်လောက်ကို   အတွေ့အကြုံရှိတဲ့ ဆရာဝန်ကြီးလည်း ဖြစ်ပါတယ်။   ကျောက်ကပ် လဲလှယ်မှုများစွာကို မြန်မာပြည်ထဲမှာ လုပ်ခဲ့တဲ့အတွက် ဒီကျောက်ကပ်ရောဂါနဲ့ပတ်သက်ပြီးတော့မှ သိလိုတာတွေရှိလို့ရှိရင် မဇ္ဈိမပရိသတ်တွေ မေးမြန်းနိုင်ပါတယ်။

မေး။ ။ ကျောက်ကပ်နဲ့ ပတ်သက်ပြီးတော့  မတ်လ ၁၄ ရက်နေ့ဟာ ကမ္ဘာ့ကျောက်ကပ်ရောဂါနေ့ဖြစ်ပါတယ် ၊ အဲ့ဒီတော့ ဆရာကြီးအထူးပြုပြီးတော့မှ အသိပေးချင်တာ ဒါမှမဟုတ်လည်း သတင်းစကားပေးချင်တာလေးရှိရင် ဆရာကြီး ပြောပေးစေလိုပါတယ်ခင်ဗျား

ဖြေ။ ။ မင်္ဂလာပ။ါ ကျွန်တော်တို့ မတ်လ ၁၄ရက် ၂၀၁၉ပေါ့နော် ဒီနေ့မှာတော့ ကျွန်တော်က နိုင်ငံတကာ အဖွဲ့အစည်းတွေကနေပြီးတော့ ချမှတ်ထားတဲ့ ကမ္ဘာ့ကျောက်ကပ်ရောဂါနေ့ဆိုပြီး World kidney day ပေါ့နော်။ အဲ့ဒါကတော့ ၂၀၀၆ ခုနှစ်ပေါ့။ အဲ့ဒါကျွန်တော်တို့ အပြည်ပြည်ဆိုင်ရာ ကျောက်ကပ်အဖွဲ့အစည်းတွေကနေပြီးတော့ စုပေါင်းပြီးတော့မှ ၂၀၀၆ ခုနှစ်ကနေစတင်ပြီးတော့ နှစ်စဉ်နှစ်တိုင်း မတ်လရဲ့ ဒုတိယအပတ် ကြာသပတေးနေ့မှာ ကမ္ဘာ့ကျောက်ကပ်နေ့ဆိုပြီး သတ်မှတ်ခဲ့တယ်။ ၂၀၁၉ ခုနှစ်အတွက်က မတ်လ ၁၄ရက်နေ့က အဲ့ဒီနေ့ကျပါတယ် ဒီနေ့ပေါ့လေ။ အဲ့ဒီတော့ ၂၀၀၆ ခုနှစ်မှာ နိုင်ငံတကာမှာ စတင်ပြီး ဆောင်ရွက်တဲ့အခါမှာ ၄၅ နိုင်ငံကနေစပြီး လုပ်ခဲ့တာ ကျွန်တော်တို့ဖက်က ဂုဏ်ယူစရာ တစ်ခုကတော့ မြန်မာနိုင်ငံအနေနဲ့ အဲ့ဒီ ၄၅နိုင်ငံထဲမှာ ပါဝင်ခဲ့ပါတယ်။ ဒါကြောင့်မို့လို့ ၂၀၀၆ ခုနှစ် စတင်ခဲ့တဲ့အချိန်ကတည်းက ကျွန်တော်တို့က ဒီကျောက်ကပ်ရောဂါနဲ့ ပတ်သက်တဲ့ လှုပ်ရှားမှုပေါ့လေ ပါဝင်ဆောင်ရွက်ခဲ့ပါတယ်။ အခုတော့ နိုင်ငံတကာ နိုင်ငံပေါင်း တစ်ရာကျော်က လှုပ်ရှားမှု activity ပေါ့နော် ဆောင်ရွက်ကြပါတယ်။ အမျိုးမျိုးပေါ့ လမ်းလျှောက်တယ်၊ လေ့ကျင့်ခန်းတွေလုပ်တယ်။ ဟောပြောပွဲတွေလုပ်တယ်။ အသိပညာပေးတယ်ပေါ့နော်။ ဒါလေးတွေပေါ့ အဲ့ဒီတော့ ဒီကျောက်ကပ်ရောဂါနေ့ကို ဘာဖြစ်လို့ သတ်မှတ်တာလဲ ဆိုတဲ့ အကြောင်းကလည်း စောစောက Mr. Ravindra Jain ပြောသွားသလိုပေါ့နော် ။ ကမ္ဘာမြေနဲ့အဝှမ်း ကျောက်ကပ်ရောဂါ ဖြစ်ပွားမှုနှုန်းဟာ တိုးတက်လာတယ်၊ နောက်တစ်ခုကတော့ ကျွန်တော်တို့က ဒီကျောက်ကပ်ရောဂါဖြစ်လာပြီဆိုရင် လူပင်ပန်း၊ ရောဂါခံစားရတာတစ်ခုတည်းမဟုတ်ဘူး၊ ငွေကြေး ကုန်ကျမှု အပိုင်းတွေကလည်း အရမ်းများပါတယ်။ ကျောက်ကပ်လုံးဝပျက်သွားပြီဆိုတဲ့အချိန်မှာ ကျောက်ကပ်ဆေးရင်ဆေး၊ မဆေးရင် လဲရတယ်ဆိုတဲ့ အဆင့်ရောက်သွားလို့ရှိရင် လူနာတွေတင်မကပါဘူး ကိုယ့်ရဲ့ မိသားစုတစ်ခုလုံးမှာပါ burden ခေါ်တဲ့ ဝန်တွေပိတာပေါ့နော်။ ဒါက ငွေးရေးကြေးရေးရော လုပ်ငန်းလုပ်အားဆုံးရူံးမှုတွေ စီးပွားရော၊ ထိခိုက်မှုတွေ မနာမကျန်းဖြစ်ပြီး နောက်ဆုံးမှာတော့ သေဆုံးတဲ့အထိ ဖြစ်နိုင်တဲ့အတွက်ကြောင့်မို့လို့ ကျောက်ကပ်ရောဂါကတော့ မဖြစ်အောင် ကာကွယ်နိုင်မယ်၊ ဒါမှမဟုတ်လို့ရှိရင် ထိန်းသိမ်းနိုင်မယ်ဆိုလို့ရှိရင်တော့ အကောင်းဆုံးဖြစ်တဲ့အတွက် ဒီဟာကို ကမ္ဘာမှာ ရှိတဲ့ ပြည်သူပြည်သားတွေ သိမြင်လာအောင်ပေါ့လေ၊ ဒီနှစ်ရဲ့ ကျွန်တော်တို့က theme ခေါ်တာပေါ့၊ သတ်မှတ်ထားတဲ့ Logo ကတော့ ခုနပြောသွားတဲ့ kidney help for everywhen everywhere ပေါ့။ ကျွန်တော်က အဲ့ဒါကို မြန်မာလို ပြန်ထားပါတယ်။ အဲ့ဒါက ဘာလဲဆိုရင် နေရာတိုင်းမှာ လူတိုင်းမှာ အလေးပေးပေါ့၊ ကျောက်ကပ်ကျန်းမာရေးဆိုပြီးတော့ပေါ့၊ ဒါက လူတိုင်းလည်း ပါဝင်ပတ်သက်ဖို့လိုတယ်၊ နောက်တစ်ခုက နေရာတိုင်း ဆိုတဲ့အတိုင်းပဲ နိုင်ငံတိုင်း အလွှာအသီးသီးပေါ့ ဆင်းရဲ ချမ်းသာမရွေး လူအားလုံးမှာ ဖြစ်နိုင်တဲ့အတွက်ကြောင့်မို့လို့ ဒါလေးကို ကျွန်တော်တို့က ဦးတည်ပြီးတော့ပေါ့လေ ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။

မေး။ ။ ခုနက Mr. Ravindra ပြောသွားတဲ့အထဲမှာ ရောဂါဖြစ်ပွားပြီးသေဆုံးတာ ကမ္ဘာပေါ်မှာ ကျောက်ကပ်ရောဂါဟာဆိုလို့ရှိရင် အဆင့် ၆ မှာ ရှိနေတယ်ဆိုတော့။ ဒါဟာ အင်မတန်မှ အန္တရာယ်ရှိတယ်ဆိုတဲ့ဟာမျိုးလို့ ပြောလို့ရပါတယ်။ အဲ့ဒီတော့ ကျွန်တော်တို့ မြန်မာနိုင်ငံမှာရော ဘယ်အနေအထားအထိရှိနေလဲ၊ ဒီကျောက်ကပ်ရောဂါနဲ့ ပတ်သက်ပြီးတော့ ဆရာကြီး ဘာများ ထပ်ဖြည့်ပြောချင်ပါသေးလဲ။

ဖြေ။ ။ ကျွန်တော်တို့ဆီမှာလည်း အခုတော့ ကျောက်ကပ်ရောဂါဖြစ်တဲ့နှုန်းပေါ့လေ ဒါက ကျွန်တော်တို့မှာ တစ်ခုအခက်အခဲရှိတာကတော့ ကျွန်တော်တို့ registry လို့ ခေါ်တဲ့ မှတ်ပုံတင်ထားခြင်းမျိုးမရှိသော်လည်း ခန့်မှန်းခြေအရပေါ့၊ တစ်ပြည်လုံး အတိုင်းအတာနဲ့ ဆိုလို့ရှိရင် နာတာရှည် ကျောက်ကပ်ပျက်စီးတဲ့လူနာ တစ်သောင်းဝန်းကျင်လောက်ရှိမယ်လို့ ခန့်မှန်းပါတယ်။ လတ်တလော အဲ့ဒီထဲမှာ လူနာအားလုံး ၁၈၀၀ နဲ့ ၂၀၀၀ ကြားလောက်မှာတော့ ကျောက်ကပ် သွေးသန့်စင်စက်နဲ့ ဆေးနေကြရတယ်။ တကယ်တမ်းပြောရင်တော့ ကျွန်တော်တို့က ငါးပုံးတစ်ပုံလောက်ပဲ ထိရောက်တဲ့ကုသမှု ရယူတယ်လို့ ပြောရမှာ။ အဲ့ဒီထဲမှာ ကျွန်တော်တို့ ကျောက်ကပ်လဲလှယ်ပေးနိုင်တာ လူနာ လေးရာကျော်လောက်ပဲ ရှိပါတယ်။ ရာခိုင်နှုန်းနဲ့ ပြန်တွက်လိုက်မယ်ဆိုလို့ရှိရင် လေးရာခိုင်နှုန်းလောက်ပဲ သူ့ရဲ့ အန္တိမရည်မှန်းချက် လို့လည်းပြောလို့ရတဲ့ ကျောက်ကပ်လဲလှယ်ခြင်းကို လုပ်နိုင်မှာဖြစ်ပါတယ်။

မေး။ ။ ကျောက်ကပ်ရောဂါ စဖြစ်တာ ဘယ်ကနေ ဘယ်လိုဖြစ်တာလဲ ဆိုတာ သိချင်ပါတယ် ဆရာ။

ဖြေ။ ။ ကျောက်ကပ်ရောဂါဖြစ်တဲ့အကြောင်းတွေကတော့ အများကြီးထဲမှာ ကျွန်တော်တို့ဆီမှာ နံပါတ် ၁ ပေါ့နော်၊ များသောအားဖြင့် သွေးတိုးပေါ့။ သွေးတိုးရောဂါကတော့ အနည်းနဲ့ အများရှိကြတယ်၊ အထူးဖြင့် အသက်ကြီးလာရင် အလိုလိုရှိလာတတ်ကြတာများတယ်ပေါ့။ သို့သော်လည်း ဒီသွေးတိုးကို မထိန်းဘူး၊ ဂရုမစိုက်ဘူး ဆိုလို့ရှိရင် သွေးပေါင်တွေ တစ်အားတက်သွားပြီးတဲ့နောက်ပိုင်းမှာ ကျောက်ကပ်ပျက်စီးတာ၊ လက်ရှိမှာတော့ သူကတော့ မြန်မာပြည်မှာတော့ အဖြစ်အများဆုံး အကြောင်းတွေထဲမှာပါပါတယ်။ ဒုတိယကတော့ ဆီးချို၊ သွေးချိုပေါ့။ ကျွန်တော်တို့ကတော့ သွေးချိုခေါ်တာပေါ့လေ၊ မြန်မာလို အများစုကလည်း ဆီးချိုလို့လည်း နားလည်တယ်။ အတူတူပါပဲ ဆီးချိုသွေးချို။ အဲ့ဒီရောဂါက နံပါတ် ၂လောက်မှာ ရှိပါတယ်။ နောက် ကျောက်ကပ်ရောင်တာ၊ ကျောက်ကပ်ရောင်တယ်ဆိုလို့ရှိရင် လူကဘယ်လိုဖြစ်လာလဲဆိုတော့ ဖောလာတယ်၊ တစ်ကိုယ်လုံး ဖောလာတယ်ပေါ့နော်၊ အနာတွေပေါ်လာတယ် ၊ ဗိုက်တွေဖောလာတယ် ခြေထောက်တွေရောင်လာတယ်ပေါ့။ အဲ့ဒါက နံပါတ် ၃ လောက်မှာ ရှိပါတယ်။ နောက်ပြီးတော့ ဆီးလမ်းကြောင်းမှာ ပိတ်ဆို့မှုတွေပေါ့လေ၊ ကျောက်တို့ အဲ့ဒီလိုဟာမျိုးတွေကြောင့် ပိတ်ဆို့ပြီး ကျောက်ကပ်ပျက်စီးတာတွေလည်း ရှိတယ်။ ဒါတွေကတော့ အဖြစ်အများဆုံး အကြောင်းတရားတွေပေါ့။

မေး။ ။ နောက်တစ်ခုကတော့ ရေများများသောက်ပြီးတော့ ဆီးများများသွားတယ်ဆိုရင် ကျောက်ကပ်ရောဂါကို ကာကွယ်နိုင်တယ်လို့ ယူဆချက်တွေရှိပါတယ်။ အဲ့ဒါကရော တကယ်ကာကွယ်နိုင်သလား ဆရာ။

ဖြေ။ ။ ယေဘုယျအနေနဲ့တော့ ဒီစကားက မှန်သလောက် မှန်တယ်ပြောရမှာပေါ့နော်။ ရာနှုန်းပြည့်မဟုတ်ပေမယ်လို့ သူ့ရဲ့ ကျောက်ကပ်က အလုပ်လုပ်နေတဲ့အခါမှာ ရေများများသောက်ရင် ဆီးများများသွားတယ်ပေါ့့။ တစ်နည်းအားဖြင့် ပြောရင်တော့ ကျွန်တော်တို့က ဆီးလမ်းးကြောင်းကို ဆေးကြောသန့်စင်ပေးလိုက်တဲ့သဘောလို့ပဲ ပြောလို့ရပါတယ်။ ဒါပေမယ့် ရေများများသောက်တာတော့ ကျောက်ကပ်အတွက်ကောင်းတယ်လို့ ကျွန်တော်တို့က ယူဆပါတယ်။ ဒီမှာလည်း မေးကြတယ်ပေါ့ ဘယ်လောက်သောက်ရင် အကောင်းဆုံးလည်းဆိုပြီး မေးခွန်းပေါ့နော်။ အဲ့ဒီတော့ သူတို့ အကြမ်းဖျဉ်း သူတို့ပြောကြတာကတော့ လူတစ်ယောက်က သုံးထောင်ပတ်ဝန်းကျင်လောက်ပေါ့နော်၊ အများဆုံးတော့ လေးထောင်ပေါ့နော်၊ အဲ့ဒီလောက်ကို သောက်နိုင်ရင်တော့ ကောင်းတယ်လို့ ယူဆတယ်ပေါ့။ သို့သော်လည်း ဒါကတော့ ယေဘုယျ သတ်မှတ်ချက်ပေါ့နော်။ တစ်ယောက်နဲ့ တစ်ယောက် မတူတဲ့အတွက် တစ်ချို့က တစ်နေ့လုံးနေမှ တစ်ထောင် နှစ်ထောင်လောက်ပဲ သောက်တဲ့လူတွေလည်း ရှိပါတယ်။ အဲ့ဒီတော့ ကိုယ်က အသီးသီးကို သောက်နေရမယ်တော့ မဟုတ်ပါဘူး။ သို့သော်လည်း ကျောက်ကပ်ကောင်းနေလို့ရှိရင် များများသောက်ရင်တော့  များများပေါက်တယ်ပေါ့နော်။ အဲ့ဒါကလည်း ကောင်းတယ်လို့ ယူဆပါတယ်။   ။ (ဆက်ရန်)

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly