မြိတ်တွင် ကုမ္ပဏီတစ်ခုက တောင်သူများထည့်ဝင်ထားသော အစုရှယ်ယာများ မထုတ်ပေးသဖြင့် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်

မြိတ်တွင် ကုမ္ပဏီတစ်ခုက တောင်သူများထည့်ဝင်ထားသော အစုရှယ်ယာများ မထုတ်ပေးသဖြင့် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်
ဓာတ်ပုံ - ဒီမိုးသွေး (မြိတ်)

မြိတ်၊ ဧပြီ (၄) ။     ။ မြိတ်မြို့၌ အများနှင့်သက်ဆိုင်သော ကုမ္ပဏီတစ်ခုမှ တောင်သူများ ထည့်ဝင်ထားသော အစုရှယ်ယာများကို မထုတ်ပေးသဖြင့် ဆုံးရှုံးနစ်နာမှုများ ဖြစ်ပေါ်နေကြောင်း ဧပြီလ ၃ ရက်နေ့က တောင်သူအယောက် ၃ဝကျော် က သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

အဆိုပါ သတင်းစာ ရှင်းလင်းပွဲကို ဧပြီလ ၃ ရက်နေ့ ညနေ ၄ နာရီခွဲ အခချိန်တွင် မြိတ်မြို့၊ ကလွင်ကျေးရွာ အုပ်စု ရှမ်းချောင်းကြီးကျေးရွာရှိ ဦးချိုထွေး၏ နေအိမ်၌ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

“အခုဆိုရင် ကျွန်တော်တို့ ထည့်ဝင်ထားတဲ့ အစုရှယ်ယာတွေ ကုမ္ပဏီဘက်က မထုတ်ပေးတာ ၃ နှစ်နီးပါး လောက်ကို ရှိနေပါပြီ။ နှစ်ပတ်လည် အစုရှယ်ယာ စုံညီအစည်းအဝေးနဲ့တာဝန်ရှိတဲ့လူကြီးတွေကို တင်ပြပေမယ့် တုန့်ပြန်မှု ဘာတစ်ခုမှ မပေးပဲ လစ်လျူရှုခံနေရတယ်”ဟု သတင်းစာရှင်းလင်းပွဲ ဦးဆောင် ပြုလုပ်သူ ရှမ်းချောင်းကျေးရွာမှ ရှယ်ယာရှင် တစ်ဦးဖြစ်သော ဦးစိန်သန်းက ပြောကြားသည်။

Myeik Future Development Public., Ltd (MFD) မြိတ်အနာဂတ် ဖွံ့ဖြိုးတိုးတက်ရေး အများနှင့် သက် ဆိုင်သော ကုမ္ပဏီသည် မြိတ်ဒေသတွင် လူငယ်စီးပွားရေး လုပ်ငန်းရှင်များ၊ မြို့ခံပြည်သူများနှင့် တောင်သူများ ၏ ထည့်ဝင်ငွေများဖြင့် တည်ထောင်ထားသော ကမ္ပဏီတစ်ခု ဖြစ်သည်။

“အခုက ကုမ္ပဏီထဲမှာ အစုရှယ်ယာများတဲ့ သူတွေက နေရာတွေ ယူပြီး လုပ်ချင်သလိုမျိုး လုပ်နေကြပါတယ်။ ကုမ္ပဏီ စတင် ထူထောင်စဉ်က ယခင် ဥက္ကဋ္ဌ ဟောင်းတွေက ထည့်ဝင်ထားတဲ့ တောင်သူတွေကို အမြတ်/ အစွန်းတွေ ထုတ်ပေးတယ်။ အခုနောက်ပိုင်း ကြီးစိုးနေတဲ့ လူကြီးတွေက တောင်သူတွေကို လုံးဝ ပြန်မကြည့် ဘူး။ အစုရှယ်ယာရဲ့ အမြတ်ကိုလည်း ကနေ့ အထိ မထုတ်ပေးတာ ၃ နှစ်လောက်ရှိနေပြီး ဖြစ်တယ်”လို့ ရှမ်းချောင်းကြီးကျေးရွာ မြို့ပတ် (၂) လမ်းတွင် နေထိုင်သော ဒေါ်သန်းဆွေက သတင်း မီဒီယာများကို ပြောကြားလိုက်သည်။

ယင်း ကုမ္ပဏီသည်၊ မြိတ်ဒေသ၌ ရေနက်ဆိပ်ကမ်း၊ သင်္ဘောကျင်း၊ စက််ရုံများ၊ အလုပ်ရုံများ၊ အိမ်ယာမြေ ဖော်ထုတ်ရေး စီမံကိန်းများနှင့် အခြားသော လုပ်ငန်းများ ဖြစ်သော အကြီးဆုံး စီမံကိန်း တစ်ခု အကောင် အထည်ဖော််ရန် စတင်ခဲ့ခြင်း ဖြစ်သည်။

ယင်း ကုမ္ပဏီ၌ ထည့်ဝင်ထားသော တောင်သူများ၏ အစုရှယ်ယာများမှာ ကုမ္ပဏီစတင် ထူထောင်စဉ်က စီမံကိန်း ဧရိယာအတွင်း ပါဝင်နေသော မြေယာများကို တန်ဖိုးငွေ အလိုက် ရောင်း/ ဝယ် ပြုလုပ်၍ သတ်မှတ်ကာ အစုရှယ်ယာများကို ထည့်ဝင်ထားခြင်း ဖြစ်သည်။

“ဒါကတော့ တောင်သူတွေက သူတို့ တစ်ဖက်သတ် ပြောနေတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ မတ်လ ၃၁ ရက်နေ့က ပြုလုပ်တဲ့ အစုရှယ်ယာ ရှင်များနဲ့စုံညီ အစည်းအဝေးမှာ အားလုံးကို စာရင်းဇယားတွေ ချပြထားပြီး သားပါ။ ဒါ သူတို့ နားမလည်တာ ဖြစ်ပါလိမ့်မယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး တောင်သူတွေ ရွာသားတွေ အားလုံး ပြန်ဖိတ်ခေါ်ပြီး ကုမ္ပဏီဘက်ကနေပြီး ပြန်ပြီးတော့ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ပေးသွားမှာ ဖြစ်ပါတယ်”ဟု ကုမ္ပဏီမှ တာဝန်ရှိသူ ဥက္ကဋ္ဌ ဦးဘုန်းဝင်း ပြောကြားသည်။

 

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly