AA နှင့် တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားရာ အနီးနားကျေးရွာများမှ ၆ ဦးသေဆုံး၊ ၉ ဦး ဒဏ်ရာရ

AA နှင့် တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားရာ အနီးနားကျေးရွာများမှ ၆ ဦးသေဆုံး၊ ၉ ဦး ဒဏ်ရာရ
ဓာတ်ပုံ- တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

ရန်ကုန်၊ ဧပြီ ၅ ။               ။ ယမန်နေ့ ဧပြီ ၃ ရက်က ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ဝါးခုတ်ချောင်းကျေးရွာအနီးတွင် AA နှင့် တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားရာ အနီးနားကျေးရွာများမှ ဘင်္ဂါလီရွာသား ၆ ဦး သေဆုံးခဲ့သည်ဟု တပ်မတော် ဘက်မှ ထုတ်ပြန်ထားသည်။

ဝါးခုတ်ချောင်းကျေးရွာ၏ အရှေ့ဘက် စိုင်းဒင်ချောင်းတစ်ဝိုက်ရက္ခိုင့်တပ် AA အင်အား ၁၅၀ ခန့်ကို တပ်မတော် စစ်ကြောင်းက သွားရောက်ရှင်းလင်းခဲ့သည်ဟု သိရသည်။

စိုင်းဒင်ချောင်းအနီး ဖြစ်ပွားသောတိုက်ပွဲတွင် အနီးနားရှိ သရက်ပြင်၊ ဒဖြူချောင်း၊ ကင်းတောင်၊ ထိပ်တူးပေါက် နှင့် ဖုန်ညိုလိပ်ကျေးရွာများမှ ဘင်္ဂါလီရွာသား ၆ ဦး သေဆုံးခဲ့ပြီး ၉ ဦး ဒဏ်ရာရခဲ့သည်ဟု တပ်ဘက်မှ ထုတ်ပြန်ထားသည်။

အဆိုပါနေ့ ညပိုင်းတွင် ဘူးသီးတောင် မြို့နယ် ဖုန်ညိုလိပ်ကျေးရွာအနီးရှိ နယ်မြေခံတပ်ဌာနချုပ်အား AA မှ လာရောက် တိုက်ခတ်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး နောက်ဆက်တွဲသတင်းများနှင့် AA ဘက်သို့ မေးမြန်းချက်များကို မဇ္ဈိမမှ ဆက်လက် ဖော်ပြသွားမည် ဖြစ်ပါသည်။

“ ကျွန်တော်တို့နဲ့ တိုက်ပွဲမဖြစ်ဘူး အဲ့နေ့က။ သူတို့ အဲ့ဒီမှာ အသားလွတ်ကြီး လာပစ်တာ။ အဲ့ဒီမှာ ရွာသားတွေ ထိသွားတာ။ ကျွန်တော်တို့ ကြားတာ အဲ့ဒီမှာ ရွာသားက ဆယ်ဂဏန်းနီးပါးထိတောင် သေကြေတယ်လို့ ပြောတယ်။ နောက်ပြီးတော့ ဒဏ်ရာရတာလည်း ၂ဝ နီးပါးလောက်တောင် ရှိတယ်လို့ ကြားတယ်” ဟု AA ၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ဧပြီ ၃ ရက် ညနေ ၃ နာရီခွဲက မဇ္ဈိမသို့ပြောသည်။

အဆိုပါ ဒဏ်ရာရရှိသူများကို ဘူးသီးတောင်မြို့၊ တပ်မတော်ဆေးရုံသို့ ပို့ဆောင်ကာ ဆေးဝါးကုသမှုများ၊ ထောက်ပံ့မှုများ ဆောင်ရွက်ပေးထားပြီး လိုအပ်သော စိစစ်မှုများ ဆောင်ရွက်လျက်ရှိကြောင်း တပ်မတော် ဘက်မှ ထုတ်ပြန်ထားသည်။

“ အဲ့ဒီ ဘင်္ဂါလီတွေသာ တကယ်တမ်း AA နဲ့အတူ ရှိနေလို့ ရှိရင် သူတို့ အဲ့ဒီစစ်ဆေးရုံမှာ တင်ပြီးတော့ ဆေးကု နေစရာ လိုလို့လား။ စစ်ဌာနချုပ်ကနေပြီးတော့ တစ်ခါတည်း ့ အမှုဖွင့်ပြီးတော့ အရေးယူပေါ့။ AA နဲ့ အတူ ရှိနေတယ်ဆိုလို့ရှိရင်” ဟု AA ဘက်မှ ဦးခိုင်သုခက ပြောသည်။

ရခိုင်ပြည်နယ်အတွင်း ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၄ ရက်နေ့ မှ မတ်လ ၂၈ ရက်နေ့အထိ တပ်မတော်နှင့် AA တို့အကြား ထိတွေ့တိုက်ပွဲဖြစ်ပွားမှုပေါင်း ၁၀၃ ကြိမ်ဖြစ်ပွားခဲ့ပြီး မိုင်းပေါက်ကွဲမှုဖြစ်စဉ်ပေါင်း ၄၄ ကြိမ်အထိ ဖြစ်ပွားခဲ့သည်ဟု မတ်လ ၂၉ ရက်နေ့က နိုင်ငံတော်သမ္မတရုံးတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ တွင် ဦးဇော်ဌေးက ဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly