တောင်ကိုရီးယားတက္ကသိုလ်ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲသို့ မြန်မာယူ ၂၂ အသင်း ဝင်ရောက်ယှဉ်ပြိုင်မည်

တောင်ကိုရီးယားတက္ကသိုလ်ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲသို့ မြန်မာယူ ၂၂ အသင်း ဝင်ရောက်ယှဉ်ပြိုင်မည်
 ဓာတ်ပုံ-MFF

ရန်ကုန်၊ ဧပြီ ၅ ။    ။ မြန်မာလက်ရွေးစင် ယူ ၂၂ အသင်းသည် မေလ ၂၃ ရက်နေ့မှ ဇွန်လ ၂ ရက်နေ့အထိ ကျင်းပမည့် တောင်ကိုရီးယား နိုင်ငံတကာ တက္ကသိုလ်များ ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရန် စီစဉ် ထားကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သိရသည်။

မြန်မာလက်ရွေးစင် ယူ ၂၂ အသင်းသည် ဖိလစ်ပိုင်နိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် အကြိမ် (၃၀) မြောက် အရှေ့တောင်အာရှ အားကစားပွဲတော်(ဆီးဂိမ်းစ်) အတွက်ကြိုတင်ပြင်ဆင်သည့် အနေဖြင့် အဆိုပါပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခြင်း ဖြစ်သည်။

တောင်ကိုရီးယား ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ အပြီးတွင်  ဗီယက်နမ်ဘောလုံးအဖွဲ့ချုပ်၏ ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ ဖြစ်သော ဗီယက်နမ် ယူ ၂၂ အသင်းနှင့်လည်း လာမည့် ၂၀၁၉ ခုနှစ်ဇွန်လ ၇ ရက်နေ့တွင် ခြေစမ်းပွဲ ယှဉ်ပြိုင် ကစားရမည်ဟု သိရသည်။

တောင်ကိုရီးယားနိုင်ငံ Teabaek တွင် ကျင်းပမည့်  International Football Tournament 2019 ပြိုင်ပွဲကို နိုင်ငံတကာမှ အသင်းပေါင်း ၁၀ သင်းကျော်က ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဟု သိရပြီး မြန်မာယူ ၂၂ အသင်း အနေဖြင့် မတ်လ ၂၂ ရက်နေ့ မှ မတ်လ ၂၆ရက်နေ့အထိ ကျင်းပခဲ့သည့် အာရှယူ -၂၃ ခြေစစ်ပွဲများအပြီးတွင် လေ့ကျင့်မှု ခေတ္တရပ်နားကာ မေလတွင် အသင်းကို ပြန်လည်ဖွဲ့စည်း၍ လေ့ကျင့်ပြင်ဆင်မှုများ ပြုလုပ်သွား မည်ဟု သိရသည်။

မြန်မာလက်ရွေးစင် ယူ ၂၂ အသင်းသည် ပြီးခဲ့သည့် နိုင်ငံတကာ ပြိုင်ပွဲများတွင် ရှုံးနိမ့်မှုများရှိခဲ့ပြီး  ၂၀၁၉  ဖိလစ်ပိုင်ဆီးဂိမ်းစ်တွင်အောင်မြင်မှု ရရှိရန် ကြိုတင်ပြင်ဆင်မှုအနေဖြင့် တောင်ကိုရီးယားဖိတ်ခေါ်ပြိုင်ပွဲ နှင့် ဗီယက်နမ် ဖိတ်ခေါ်ခြေစမ်းပွဲတို့ကို ဝင်ရောက်ယှဉ်ပြိုင်ခြင်း ဖြစ်ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly