ကဖင်းဆိုတိုင်း လန်းရောလား

ကဖင်းဆိုတိုင်း လန်းရောလား

ရေးသားသူ Aye Thi Mon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win.

 အိပ်ငိုက်လိုက်တာ ကော်ဖီသောက်ပါလား။ ဒါမှမဟုတ် လက်ဖက်ရည်လေးဖြစ်ဖြစ်ပေါ့ လို့ပြောနေကြတာကြားဖူးမှာပါ။ ညကအိပ်ရေးပျက်တယ် အိပ်ငိုက်တော့မှာပဲ၊ လက်ဖက်ရည်ကျကျလေးသောက်လိုက်မယ်ဆိုတာရော၊ အိပ်ချင်ပြေ လက်ဖက်သုပ်လေးစားပါလား၊ဆိုတာတွေက အိပ်ငိုက်လိုက်တာဆိုတဲ့ စစကားတစ်ခွန်းအတွက် ပေးတတ်ကြတဲ့အဖြေတွေပေါ့။ ဒါဆိုရင် ဒီအစားအစာတွေက အိပ်ချင်ပြေစေတယ်ဆိုတဲ့သဘောပေါ့။ နောက်တစ်ခွန်းကျန်သေးတယ် ခေါင်းထဲမှာမကြည့်ဘူး။ ခေါင်းကြည်ပြီး လန်းသွာအောင် ကော်ဖီသောက်ပါလားဆိုတာမျိုးပေါ့။ အခုပြောခဲ့တာတွေအားလုံးက ကဖင်းပါတဲ့ အစားအစာတွေပါ။ ဒီနေရာမှာမေးစရာတစ်ခုက ခန္ဓာကိုယ်မှာ မလန်းမဆန်းဖြစ်နေရင် ကဖင်းပါတာတစ်ခုခုစားပြီး လန်းအောင်လုပ်လို့ရတာလား။ ကဖင်းက အတန်အသင့်ဆိုရင် လန်းဆန်းစေနိုင်ပေမယ့် အရမ်းများရင်တော့ ပါဝါမတက်ဘဲ ပါဝါထိုးကျသွားမှာပါ။
ကဖင်းဆိုတိုင်း လန်းရောလား
အရာရာက တန်ဆေး လွန်ဘေးပါ။ ကဖင်းက အတန်အသင့်ဆိုရင် တက်ကြွလန်းဆန်းစေနိုင်ပေမယ့် အရမ်းများသွားရင်တော့ နေမထိထိုင်မသာဖြစ်တာ၊ အသားတွေတုန်လာတာမျိုး၊ရင်တွေတုန်လာတာမျိုး ကျန်းမာရေးဆိုးကျိုးတွေခံစားရနိုင်ပါတယ်။
ကဖင်းလွန်ရင်ဘာဖြစ်မလဲ
 စိတ်ပူပန်မယ်
ကဖင်းက တက်ကြွစေနိုင်တယ်ဆိုပေမယ့် အရမ်းများရင်တော့ ပင်ပန်းသလိုခံစားလာရပါလိမ့်မယ်။ ကဖင်းကို အတန်အသင့် သောက်တာက စိတ်ကြည်လင်လန်းဆန်းစေနိုင်တယ်ဆိုပေမယ့် လိုတာထက်ပိုသောက်ရင်တော့ ပိုလန်းလာမှာ မဟုတ်ဘဲ အာရုံရှုပ်ထွေးပြီး စိတ်ပူပန်မှုတိုးလာစေမှာပါ။
 အိပ်မပျော်ဖြစ်မယ်
 သောက်လိုက်ခါစမှ ခေါင်းကြည်ပြီး အိပ်မငိုက်တော့ဘဲ ဖြစ်နိုင်ပေမယ့် ညဘက်အိပ်တဲ့အခါမှာလည်း ဘယ်လိုမှ ကောင်းကောင်းအိပ်မပျော်တော့တာမျိုးဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် တစ်ခွက်၊နှစ်ခွက်ထက်ပိုမသောက်မိပါစေနဲ့။
အစာခြေစနစ် ပြဿနာခံစားရနိုင်တယ်
ကော်ဖီ နည်းနည်းလောက်သောက်တာ၊ ကဖင်းပါတဲ့ အစားအသောက်ကို နည်းနည်းလောက်စားတာက အစာခြေစနစ်ကို ကျန်းမာစေနိုင်တယ်ဆိုပေမယ့် အရမ်းများသွားရင်တော့ ဝမ်းပျက်တာနဲ့ စားချဉ့်ရည်ပြန်ဆန်တက်တာမျိုးဖြစ်နိုင်ပါတယ်။
သွေးတိုးစေနိုင်တယ်
 ကဖင်းဓာတ်အလွန်အကျွံ စားသုံးမှုက နှလုံးရောဂါဖြစ်နိုင်ခြေကို တိုးစေနိုင်သလို လေဖြတ်တာကို ဖြစ်စေနိုင်ပါတယ်။ လေ့လာမှုတွေအရတော့ ကဖင်းဓာတ်က အာရုံကြောစနစ်ကို လှုံ့ဆော်ပေးနိုင်တာကြောင့် သွေးပေါင်ချိန်ကို မြင့်တက်စေနိုင်ပါတယ်။
နှလုံးခုန်မြန်စေနိုင်တယ်
တစ်နေ့ကို ကော်ဖီ ၄ ခွက်ထက်ပိုသောက်မယ်ဆိုရင်နှလုံးခုန်နှုန်းမြန်လာတာမျိုးဖြစ်နိုင်ပါတယ်။ ဒါတင်မကသေးပါဘူး ခန္ဓာကိုယ်က လက်ခံနိုင်တဲ့ ကဖင်းပမာဏထက်ကျော်လွန်သွားတာကြောင့် ရေရှည်သာအလွန်အကျွံသောက်နေမယ်ဆိုရင်  ကျောက်ကပ် ထိခိုက်တာအပြင် အခြားပြင်းထန်တဲ့ ရောဂါတွေကိုပါခံစားရနိုင်ပါတယ်။

ခြေကုန်လက်ပမ်းကျမယ်

ကော်ဖီ၊လက်ဖက်ရည်နဲ့ အခြား ကဖင်းဓာတ်ပါတဲ့ သောက်စရာတွေက တိုက်ရိုက်အကျိုးဆက်အနေနဲ့ တက်ကြွလန်းဆန်းစေနိုင်တယ်ဆိုပေမယ့် တကယ်တော့ နောက်ပိုင်းရရှိလာမယ့် အကျိုးဆက်က ခန္ဓာကိုယ်မှာ အင်အားကုန်ခမ်းပြီး ခြေကုန်လက်ပမ်းကျသွားတာပါ။

ဆီးခဏခဏ သွားမယ်၊ ဆီးမအောင့်နိုင်ဖြစ်မယ်

ကဖင်းဓာတ်က ဆီးရွှင်စေနိုင်ပါတယ်။ ကဖင်းပါတဲ့ ကော်ဖီ၊လက်ဖက်ရည်တွေကိုသောက်မိရင်ဖြစ်ဖြစ် ကဖင်းပါတဲ့ အချိုရည်တွေကို သောက်ပြီးရင်ဖြစ်ဖြစ် ခဏခဏ ဆီးသွားချင်နေတာမျိုးဖြစ်နိုင်ပါတယ်။ ဒီလိုဆီးခဏခဏသွားတာနဲ့အတူဖြစ်လာနိုင်တာက ရေဓာတ်ဆုံးရှုံးတာပါ။

သွေးတွင်းသကြားဓာတ်မြင့်တက်စေနိုင်တယ်

ကဖင်းဓာတ်က အမျိုးအစား – ၂ ဆီးချိုရောဂါဖြစ်နိုင်ခြေကို ကျဆင်းစေနိုင်တယ်ဆိုပေမယ့် ဆီးချိုရှိပြီးသူတွေမှာတော့ ကဖင်းများလွန်းရင် သွေးတွင်းသကြားဓာတ်မြင့်တက်စေနိုင်ပြီး အင်ဆူလင်တု့ံပြန်နိုင်မှုကို ထိခိုက်စေနိုင်ပါတယ်။

ကဖင်းပါတဲ့အရာတွေကို အလွန်အကျွံစားမိတာ၊ သောက်မိတာတွေကြောင့် ပိုလန်းမသွားပါဘူး။ ပိုပြီး ဂါ သွားနိုင်တယ်နော်။ ဒီတော့ အိပ်ရေးပျက်တိုင်း ကဖင်းကိုချည်းသောက်မနေဘဲ ပြည့်ဝတဲ့ အိပ်စက်မှုလေးရအောင်ဂရုစိုက်ပါလို့ တိုက်တွန်းပါရစေ။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly