‘ဂိုး ၁,၀၀၀ ဆိုတဲ့ မှတ်တမ်းကို မင်း လိုက်မီနိုင်တယ်’လို့ အမ်ဘာပေကို ပီလီ ပြော

‘ဂိုး ၁,၀၀၀ ဆိုတဲ့ မှတ်တမ်းကို မင်း လိုက်မီနိုင်တယ်’လို့ အမ်ဘာပေကို ပီလီ ပြော
Photo: AFP

ဘရာဇီးလ် ဂန္တဝင်ဘောလုံးကစားသမားကြီး ပီလီက သူအနေနဲ့ အမ်ဘာပေဟာ သူ့ရဲ့ ကစားသမားဘဝတစ်လျှောက် သွင်းယူခဲ့တဲ့ ဂိုး ၁,၀၀၀ ဆိုတဲ့ အောင်မြင်မှုကို လိုက်မီနိုင်တယ်လို့ ယုံကြည်ကြောင်း ပြင်သစ်လူငယ်ကစားသမားကို ပြောခဲ့တယ်လို့ သိရပါတယ်။

အသက် ၇၈ အရွယ်ရှိပြီဖြစ်တဲ့ ပီလီဟာ ကစားသမားတစ်လျှောက် ဂိုး ၁,၀၀၀ ကျော် သွင်းယူခဲ့ပြီး ဘာပေကတော့ လက်ရှိမှာ စုစုပေါင်း ဂိုး ၁၀၃ ဂိုး သွင်းယူထားပါတယ်။

"ဒါက ဖြစ်နိုင်ပါတယ်။ အတိအကျပြောရရင် ကျနော် ၁,၀၂၅ ဂိုး သွင်းယူခဲ့တယ်။ ဒါ့ကြောင့် ဘာပေအတွက် ဂိုး ၁,၀၀၀ သွင်းဖို့ဆိုတာ ဖြစ်နိုင်ပါတယ်။"လို့ ပီလီက ပဲရစ်မြို့ရှိ စပွန်ဆာပွဲအခမ်းအနားတစ်ခုမှာ ဘာပေနဲ့ တွေ့ဆုံရာမှာ AFP ကို ပြောဆိုခဲ့ပါတယ်။

ဘာပေဟာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ခြေစွမ်းတွေ ပြသနိုင်ခဲ့ပြီး စံချိန်တွေလည်း ရယူနိုင်ခဲ့သလို ပြင်သစ်တို့ နှစ် ၂၀ ကြာ စောင့်မျှော်ခဲ့ရတဲ့ ကမ္ဘာ့ဖလားဆုကိုလည်း ပြန်လည်ဆွတ်ခူးနိုင်ဖို့ ကူညီပေးနိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ပြင်သစ်တို့ ခရိုအေးရှားကို ၄-၂ ဂိုးနဲ့ နိုင်တဲ့ ပွဲမှာ ဘာပေဟာ ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ပီလီပြီးနောက် ဂိုးသွင်းယူနိုင်တဲ့ ဒုတိယမြောက် ဆယ်ကျော်သက်ကစားသမားဖြစ်လာပါတယ်။ 

သူဟာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ၄ ဂိုး သွင်းယူခဲ့ပြီး ၁၉၅၈ ကမ္ဘာ့ဖလားတုန်းက ဘရာဇီးအတွက် ပီလီသွင်းယူခဲ့တဲ့ ၆ ဂိုးနောက်ပိုင်း ဂိုးအများဆုံးသွင်းတဲ့ ပထမဆုံး ဆယ်ကျော်တက်ကစားသမားလည်းဖြစ်ပါတယ်။

အသက် ၂၀ အရွယ် ပီအက်စ်ဂျီတိုက်စစ်မှူးကတော့ သူအနေနဲ့ ပီလီရဲ့ ဂိုးသွင်းမှတ်တမ်းနဲ့ အောင်မြင်မှုမျိုးကို လိုက်မီနိုင်မှာ မဟုတ်ပေမယ့် အတတ်နိုင်ဆုံးကြိုးစားသွားမယ်လို့ ဆိုပါတယ်။

အမ်ဘာပေဟာ ဒီရာသီ ပီအက်စ်ဂျီအတွက် လိဂ်သွင်းဂိုး ၂၇ ဂိုးအပါအဝင် ပြိုင်ပွဲစုံမှာ ၃၂ ဂိုးအထိ သွင်းယူထားပါတယ်။

(AFP)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly