ကော်လာဂျင်မြင့်တက်စေဖို့ စားပေးသင့်တဲ့ အစားအစာတွေ

ကော်လာဂျင်မြင့်တက်စေဖို့ စားပေးသင့်တဲ့ အစားအစာတွေ

ရေးသားသူ Aye Thi Mon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win.

အသားအရေလေးလှအောင်လုပ်မယ်လို့ စဉ်းစားလိုက်ရင် နေပူမခံရအောင်ကာကွယ်ဖို့ ပြီးတာနဲ့ ခေါင်းထဲမှာ ပေါ်လာတာတစ်ခုက ကော်လာဂျင်သောက်မယ်ပေါ့။ ကော်လာဂျင်သောက်ရင် အသားလေးလှလာမှာပဲလို့တွေးမိတယ်ကြတယ်ဟုတ်။ ကော်လာဂျင်ဆိုတာက ဆေးတွေသော်မှရမှာလား။ အစားအစာတွေကနေရော မရနိုင်ဘူးလား။ ဒီတစ်ခေါက်တော့ အသားအရေလှအောင် အထေက်အပံ့ပေးတဲ့ ကော်လာဂျင်ရရှိနိုင်တဲ့ အစားအစာလေးတွေအကြောင်းပြောပြပေးမယ်နော်။
ကော်လာဂျင်ဆိုတာ

ကော်လာဂျင်ဆိုတာက အရွယ်တင်နုပျိုစေပြီး လှပနေစေတဲ့ ပရိုတင်းတစ်မျိုးပေါ့။ အလှအပအတွက် အားဖြည့်ပေးနေတဲ့ ဇာတ်ကောင်လေးဆိုလည်း မမှားပါဘူး။ ခန္ဓာကိုယ်မှာရှိနေတဲ့ ပရိုတင်းတစ်မျိုးဖြစ်ပြီး အရေပြား၊အရိုး၊ကြွက်သား၊ အရိုးနု၊အရွတ်၊သွေးကြောနဲ့ အူမကြီးတွေမှာရှိတဲ့ တွယ်ဆက်တစ်ရှုးတွေကို အားဖြည့်ပေးထားပါတယ်။
ခန္ဓာကိုယ်မှာ ကော်လာဂျင်နည်းလာရင် ဘာဖြစ်မလဲ

ကော်လာဂျင်ဆိုတာက ပရိုတင်းတစ်မျိုးဖြစ်ပြီး ခန္ဓာကိုယ်ထဲမှာအလျှံအပယ်ရှိတဲ့ ပရိုတင်းတစ်မျိုးပါ။ ကြွက်သားတွေ။ အရိုး၊ အရွတ်၊ အကြော၊ ကိုယ်တွင်းအင်္ဂါတွေ၊ သွေးကြော၊ အရေပြား၊ အူအတွင်းနံရံတွေ နဲ့ အခြားသောတွယ်ဆက်တစ်ရှုးတွေထဲမှာရှိပါတယ်။

ကော်လာဂျင်ပမာဏကို မတိုင်းတာနိုင်ပေမယ့် ကိုယ်တွင်းမှာ ကော်လာဂျင်ပမာဏ ကျဆင်းလာတဲ့အခါ အိုမင်းရင့်ရော်မှုကို ခံစားရနိုင်ပါတယ်။ လက္ခဏာတွေအနေနဲ့ကတော့

    အရေပြားတွေတွဲကျလာတာ၊ အရေးအကြောင်းတွေပေါ်လာတာ
    အကြောတွေတောင့်တင်းတာ၊ အရွတ်တွေတောင့်တင်း
    ကြွက်သားတွေလျော့ရဲလာတာ
    အရိုးနုတွေ ထိခိုက်ပျက်စီးတာကြောင့် အဆစ်တွေနာတာ
    အစာခြေစနစ်အတွင်းနံရံတွေအားနည်းလာတာကြောင့် အစာခြေ အူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေ ခံစားရတာမျိုးဖြစ်နိုင်ပါတယ်။

ခန္ဓာကိုယ်မှာ ကော်လာဂျင်တိုးစေဖို့ဘာတွေစားရမလဲ

ကီဝီသီး

ခန္ဓာကိုယ်က ကော်လာ၈ျင်ထုတ်လွှတ်အောင်လှုံ့ဆော်ရာမှာ အရေးပါတဲ့ ဗီတာမင် C ကြွယ်ဝစွာပါဝင်နေပါတယ်။

ဘယ်ရီသီးတွေ

ကော်လာဂျင်ထုတ်လွှတ်စေဖို့ အရေးပါတဲ့ ဓာတ်တစ်ခုဖြစ်တဲ့ ဗီတာမင် C ကြွယ်ဝစွာပါဝင်နေပါတယ်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေလည်း ကြွယ်ဝစွာပါဝင်နေတာကြောင့် Free radical တွေရဲ့ ရန်ကနေ အသားအရေကို ကာကွယ်ပေးနိုင်မှာပါ။

အယ်လ်မွန်စေ့
အယ်လ်မွန်စေ့မှာ အရေပြားအတွက် အရေးပါတဲ့ အာဟာရတစ်မျိုးဖြစ်တဲ့ ဗီတာမင် E ကြွယ်ဝစွာပါဝင်နေပါတယ်။ ဗီတာမင် E က ဓာတ်တိုးဆန့်ကျင်အာနိသင်ပါရှိပြီး Free Radical တွေကြောင့် ကော်လာဂျင်ဆဲလ်တွေ ပျက်စီးတာမျိုးမဖြစ်အောင်လုပ်ဆောင်ပေးပါတယ်။ ဗီတာမင် C နဲ့အတူလည်း ကော်လာဂျင်ထွက်ရှိမှု မြင့်တက်လာအောင်လုပ်ဆောင်ပေးပါတယ်။
 ထောပတ်သီး  
ထောပတ်သီးကလည်း အပေါ်မှာ ပြောခဲ့တဲ့ အယ်လ်မွန်စေ့လိုပဲ ဗီတာမင် E ကြွယ်ဝ ပါဝင်နေသလို ဓာတ်တိုးဆန့်ကျင်အာနိသင်လည်း လုံလောက်စွာပါရှိတာကြောင့် အရေပြားနဲ့ဆံသားကို ကျန်းမာစေနိုင်ပါတယ်။
မုန်လာဥနီ
မုန်လာဥနီမှာ ပျက်စီးသွားတဲ့ အရေပြားကိုပြန်လည်ကောင်းမွန်စေဖို့နဲ့ ကော်လာဂျင်တွေကို ပြန်လည်စုဆောင်းပေးနိုင်တဲ့ ဗီတာမင် A ပါဝင်နေတာကြောင့် ကော်လာဂျင် မြင့်တက်စေချင်သူတွေစားသုံးပေးလို့ရပါတယ်။ မုန်လာဥနီမှမဟုတ်ပါဘူး။ အခြားဗီတာမင် A ကြွယ်ဝစွာပါရှိတဲ့ ကန်စွန်းဥ၊ တရုတ်ဇီးသီး၊ သခွားမွှေး၊ သရက်သီးတွေကလည်း ကော်လာဂျင်ကို မြင့်တက်အောင် လုပ်ဆောင်ပေးနိုင်ပါတယ်။

အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေ

ဟင်းသီးဟင်းရွက်အများစုက အစိမ်းရောင်တွေပါ။ ဒါပေမယ့် အစိမ်းရောင်ရင့်ရင့်ဖြစ်နေတဲ့ ပန်းဂေါ်ဖီစိမ်း၊ ဟင်းနုနွယ်၊ ကိုက်လန်တို့လိုမျိုး ဟင်းသီးဟင်းရွက်တွေက အာဟာရကြွယ်ဝသလို ဗီတာမင် A၊ ဗီတာမင် C နဲ့ ဗီတာမင် E တို့ကြွယ်ဝစွာပါဝင်နေပြီး ခန္ဓာကိုယ်ရဲ့ ကော်လာဂျင်ထုတ်လုပ်မှုပမာဏကို တိုးစေနိုင်ပါတယ်။
 ကြက်သွန်ဖြူ
ကော်လာဂျင်ထုတ်လုပ်မှုကို တိုးတက်စေနိုင်တဲ့ မရှိမဖြစ်အရေးပါတဲ့ သတ္တုဓာတ်တစ်မျိုးဖြစ်တဲ့ ဆာလဖာ ပါဝင်နေတဲ့ ကြက်သွန်ဖြူက ကေ်ာလာဂျင်အမျှင်တွေ ပျက်စီးမသွားအောင် ကူညီပေးပြီး အရေပြားနဲ့ အဆစ်တွေကို ကျန်းမာစေနိုင်မှာပါ။
ဖရုံစေ့

အခွံမာသီးတွေနဲ့ အစေ့အဆန်တွေမှာ ဇင့်ဓာတ်ကြွယ်ဝစွာပါဝင်နေတာကြောင့် ကော်လာဂျင်ပမာဏတိုးအောင်လှုံ့ဆော်ကူညီပေးနိုင်ပါတယ်။ ဒါကြောင့် အသားအရေလှပဖို့ ကော်လာဂျင်များများလိုချင်တယ်ဆိုရင် သစ်ကြားသီးနဲ့ ဖရုံစေ့တို့ကို စားပေးလို့ရပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly