နေလောင်ကာလိမ်းဆေးကို မလိမ်းခင် ဘာတွေ သိထားသင့်လဲ

နေလောင်ကာလိမ်းဆေးကို မလိမ်းခင် ဘာတွေ သိထားသင့်လဲ

ရေးသားသူ Ye Myo Myat

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win.

နေရောင်ခြည်ထဲမှာပါဝင်တဲ့ UV-A နဲ့ UV-B ခရမ်းလွန်ရောင်ခြည် ၂မျိုးဟာ အသားအရေကို မဲခြောက်ပြီး ကြမ်းတမ်းစေတယ်။ အရေးအကြောင်း ထွက်လာပြီး လူကို အိုမင်းရင့်ရော်စေတယ်။ ဒါ့အပြင် တခြား အရေပြားဆိုင်ရာ ကျန်းမာရေးပြဿနာတွေ၊ အရေပြားကင်ဆာတွေပါ ဖြစ်လာနိုင်သည်အထိ ဒုက္ခပေးနိုင်ပါတယ်။ ဒီလို ခရမ်းလွန်ရောင်ခြည်ကို ထိရောက်စွာ ကာကွယ်ပေးနိုင်ဖို့ နေလောင်ကာလိမ်းဆေးကို အပြင်ထွက်တိုင်း လိမ်းပေးကြပါတယ်။

နေလောင်ဒဏ်ကို ကာကွယ်ပေးနိုင်တယ်ဆိုတိုင်းလည်း နေလောင်ကာလိမ်းဆေးတွေရဲ့ တခြား ဘေးထွက်ဆိုးကျိုးတွေ၊ ဆောင်ရန်၊ ရှောင်ရန်တွေကို လျစ်လျူရှုထားလို့ မဖြစ်ပါဘူး။ ဒီဆောင်းပါးလေးမှာတော့ နေလောင်ကာလိမ်းဆေးနဲ့ ပတ်သက်ပြီး သိထားသင့်တဲ့ အကြောင်းအရာတွေကို ဗဟုသုတအနေနဲ့ ပြောပြပေးသွားမှာ ဖြစ်ပါတယ်။

၁။ အလှကုန်ပစ္စည်း၊ အသားအရေထိန်းသိမ်းတဲ့ ဆေးတွေ အသုံးမပြုခင် ကိုယ်နဲ့ ဓာတ်တည့်၊ မတည့် အရင်ဆုံး လက်မှာ စမ်းသပ်ကြည့်ပါ။ မိနစ်အနည်းငယ်အတွင်း ယားယံပြီး အသားအရေနီရဲလာတယ်။ အဖုအပိမ့်တွေ ထလာတယ်။ အသားအရောင် ပြောင်းသွားတယ်ဆိုရင် သုံးစွဲဖို့ မသင့်ပါဘူး။

၂။ ၆လ မပြည့်သေးတဲ့ ကလေးတွေကို နေရောင်ခြည်နဲ့ ပေးမထိသင့်သလို နေလောင်ကာခရင်မ်တွေလည်း မလိမ်းပေးသင့်ပါဘူ။ အဲ့ဒီအရွယ်ဟာ အသားအရေအလွန် နုနယ်ပြီး ထိခိုက်ပျက်စီးဖို့၊ ဘေးထွက်ဆိုးကျိုး ဖြစ်စေဖို့ ပိုမိုလွယ်ကူတာကြောင့် ဖြစ်ပါတယ်။

၃။ အသက်ကြီးလာတာကြောင့် အိမ်ပြင် သိပ်မထွက်တော့တဲ့ လူကြီးမိဘ၊ သက်ကြီးရွယ်အိုတွေကို နေလောင်ကာခရင်မ် မကြာခဏ လိမ်းပေးတာမျိုး မလုပ်သင့်ပါဘူး။ မနက်စောစော လမ်းပေးလျှောက်တာမျိိုး၊ အိမ်ပတ်ဝန်းကျင်မှာ ကိုယ်လက်လေ့ကျင့်ခန်း လုပ်ဖို့ ကူညီတိုက်တွန်းပေးပါ။ ဗီတာမင် ဒီ ဓာတ် ပါဝင်မှု များတဲ့ နွားနို့၊ ငါး၊ ဖြည့်စွက်အားဆေးတွေကို သေချာကျွေးပေးဖို့လည်း လိုအပ်ပါတယ်။ အားဆေးအတွက်ကိုတော့ ပြသနေကျ ဆရာဝန်နဲ့ အရင်တိုင်ပင်ပြီးမှ တိုက်တာ အကောင်းဆုံးပါပဲ။

၄။ နေလောင်ကာခရင်မ်ကို တခြား အရေပြားလိမ်းဆေးတွေနဲ့ တွဲပြီး မလိမ်းသင့်ပါဘူး။ မတူညီတဲ့ ဆေး ၂မျိုး ရောလိမ်းတဲ့အခါ အာနိသင်ပြယ်သွားတာ၊ ဓာတ်မတည့်တာ၊ အရေပြား ထိခိုက်ပျက်စီးစေတာ၊ ရှိပြီးသား အရေပြားပြဿနာက ပိုဆိုးလာတာမျိျုး ဖြစ်နိုင်ပါတယ်။

၅။ ကိုယ်သွားမယ့် နေရာဒေသပေါ် မူတည်ပြီး နေလောင်ကာခရင်မ်ရဲ့ SPF ပမာဏကို ညှိသင့်ပါတယ်။ ဥပမာ – ပုံမှန်မြေပြန့်တွေမှာဆိုရင် SPF 15 ပါဝင်တဲ့ နေလောင်ကာလိမ်းဆေးလောက်နဲ့ ရပေမဲ့ တောင်ပေါ်ဒေသ၊ နေနဲ့ ထိတွေ့မှုပိုများတဲ့နေရာတွေ၊ ပူလွန်းတဲ့ အရပ်ဒေသတွေကို သွားတော့မယ်ဆိုရင် SPF 15 ထက် ပိုများပြီး ရေစိုခံတဲ့ နေလောင်ကာခရင်မ်မျိုး လိမ်းပေးသင့်ပါတယ်။

၆။ နေလောင်ဒဏ်ကြောင့် အသားအရေထိခိုက်မှုကို မဖြစ်စေဖို့ UV-A နဲ့ UV-B ၂မျိုးလုံးကို ကာကွယ်ပေးနိုင်တဲ့ နေလောင်ကာခရင်မ်မျိုး ဝယ်ယူအသုံးပြုပေးပါ။ လိမ်းတဲ့အခါမှာလည်း မျက်နှာ၊ လည်ပင်း၊ ဂုတ်သားအပြင် တခြားနေရောင်ခြည်နဲ့ ထိတွေ့နိုင်တဲ့ ကိုယ်လက်အင်္ဂါအစိတ်အပိုင်းတွေကိုပါ လိမ်းပေးဖို့ လိုပါတယ်။

၇။ နေပူထဲ အပြင်မထွက်ခင် မိနစ် ၃ဝခန့် ကြိုတင်ပြီး နေလောင်ကာခရင်မ် လိမ်းပေးရပါမယ်။ ချွေးအလွန်ထွက်တာမျိုး၊ ရေကူးပြီးတဲ့အခါမျိုးမှာ မျက်နှာပေါ်က နေလောင်ကာခရင်မ်တွေ ပျက်သွားနိုင်တဲ့အတွက် ထပ်ပြီး လိမ်းပေးဖို့ လိုပါတယ်။

၈။ ခန္ဓာကိုယ် ပြင်ပအရေပြားအတွက်သာ အသုံးပြုရမှာ ဖြစ်ပြီး မျက်လုံးထဲ၊ ပါးစပ်ထဲ မဝင်စေဖို့ သေချာ ဂရုစိုက်ပေးပါ။ ကလေးငယ်လေးတွေ အလွယ်တကူ လက်လှမ်းမမီလောက်တဲ့ နေရာမှာ သိမ်းထားပါ။ ပူလွန်းတဲ့ နေရာတွေ၊ နေရောင်ခြည်အောက် တည့်တည့်မှာ ထားရင် အာနိသင်ပျက်သွားနိုင်လို့ အခန်းအပူချိန်မှာပဲ သိမ်းဆည်းပေးပါ။ သက်တမ်းကုန်ဆုံးသွားတဲ့ အလှကုန်ပစ္စည်းတွေကို လွှင့်ပစ်လိုက်ပါ။
နေလောင်ကာလိမ်းဆေးကြောင့် ဘေးထွက်ဆိုးကျိုးတွေ ဖြစ်စေနိုင်လား။

ပုံမှန်အားဖြင့် နေလောင်ကာလိမ်းဆေးကြောင့် အသားအရေအတွက် ပြဿနာ မဖြစ်စေနိုင်ပေမဲ့ ကိုယ်သုံးနေတဲ့ တံဆိပ်ကြောင့် အရေပြားပေါ်မှာ ဝက်ခြံ၊ အဖုအပိမ့်တွေ၊ ပူစပ်ပူလောင်၊ ယားယံတာ၊ အသားထဲက စူးတာ၊ နီရဲပြီး ယောင်လာတာ၊ အနီကွက်တွေ ထလာတာ၊ အမွေးအမျှင်ရှိတဲ့ နေရာတွေမှာ စပ်တာ၊ မွေးညှင်းပေါက်ကနေ ပြည်တွေ ထွက်လာတာမျိုးဆိုရင်တော့ ဆရာဝန်နဲ့ ပြသသင့်ပါတယ်။ ဒီလိုလက္ခဏာတွေဟာ သိပ်ပြီး စိုးရိမ်စရာမရှိဘဲ အနည်းငယ် ကုသလိုက်ရုံ၊ လိမ်းဆေးနဲ့ အရေပြား အသားကျသွားရင် ပျောက်သွားမှာပါ။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly