ယူနက်စကိုဝင်ရေး လှုပ်ရှားမှုတစ်ခုဖြစ်သည့် ''နှလုံးသားထဲကပုဂံ'' ဓာတ်ပုံပြပွဲ ရန်ကုန်တွင် ပြသ

By သီဟ
04 April 2019
ယူနက်စကိုဝင်ရေး လှုပ်ရှားမှုတစ်ခုဖြစ်သည့် ''နှလုံးသားထဲကပုဂံ'' ဓာတ်ပုံပြပွဲ ရန်ကုန်တွင် ပြသ
ဓာတ်ပုံ - သက်ကို

ရန်ကုန်၊ ဧပြီ ၄ ။           ။ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် ယူနက်စကိုဝင်ရန် ကြိုးစားနေသော''နှလုံးသားထဲကပုဂံ'' ဓာတ်ပုံပြပွဲ၏ ရှစ်ကြိမ်မြောက်အဖြစ် ဧပြီ ၄ ရက်နေ့မှ ၆ ရက်နေ့အထိ ရန်ကုန်မြိ်ု့ Junction City တွင် သုံးရက်တိုင်တိုင် ကျင်းပနေသည်။

အဆိုပါ ဓာတ်ပုံပြပွဲတွင် ပုဂံယဉ်ကျေးမှုအမွေအနှစ် ဆိုင်ရာဓာတ်ပုံများကိုခင်းကျင်းပြသထားပြီး အမှတ်တရ ပစ္စည်းများကိုလည်းရောင်းချပေးလျက်ရှိသည်။ ပြပွဲမှ ရရှိသောငွေများကို ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ အမှိုက်သန့်ရှင်းရေးအတွက် အသုံးပြုသွားမည်ဖြစ်သည်။

ပုဂံဒေသအား လာမည့် ၂၀၁၉ခုနှစ်၊ ဇူလိုင်လတွင် အဇာဘိုင်ဂျန်နိုင်ငံမှာ ကျင်းပမည့် UNESCO အစည်းအဝေးမှ ဆုံးဖြတ်ပေးမည့် ၂၀၁၉ ကမ္ဘာ့ အမွေအနှစ်စာရင်း ကြေညာချက်တွင် ပါဝင်စေရန် ရည်ရွယ်ပြုလုပ်နေသော ပြပွဲ ဖြစ်သည်။

''ကမ္ဘာ့အမွေအနှစ်အနေနဲ့ တင်သွင်းဖို့က အစိုးရတစ်ရပ်ကတင်သွင်းမှသာ UNESCO က လက်ခံ စဉ်းစားပေးတာ ။ ကမ္ဘာ့အမွေအနှစ် ဝင်ချင်တယ်ဆိုရင် UNESCO ရဲ့ စည်းမျဉ်းကိုက်ညီမှု ၆ ချက်နဲ့ ညီမှသာ ဝင်လို့ရပါတယ်။ အဲဒီထဲက တစ်ချက်နဲ့ ကိုက်ညီရင်လည်း ဝင်လို့ရပါတယ်။ မြန်မာနိုင်ငံက ပုဂံအတွက် စည်းမျဉ်းကိုက်ညီမှုအချက် ၃ ချက်နဲ့ချဉ်းကပ်လျှောက်ထားပါတယ်'' ဟု ပွဲတာဝန်ခံ ဦးမျိုးဆွေသန်းက ပြောသည်။

ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ်ဝင်ရန် ကြိုးပမ်းလျက်ရှိပြီး ၂၀၁၉ ကမ္ဘာ့အမွေအနှစ်စာရင်းကြေညာချက်ကို အခြားနိုင်ငံ ၃၆ နိုင်ငံက ယဉ်ကျေးမှုအမွေအနှစ်များနှင့်အတူ ယှဉ်ပြိုင်အရွေးခံရန် အသင့်ဖြစ်နေပြီဟု သိရသည်။

''နှလုံးသားထဲကပုဂံ'' ဓာတ်ပုံပြပွဲကို အမေရိကန်နှင့် ကိုရီးယားနိုင်ငတို့တွင် ထပ်မံပြသသွားရန်ရှိနေသည်။

ပုဂံဒေသ၏ ထူးခြားမှုများကို လူအများသိရှိလာစေရန်နှင့် အမွေအနှစ်ကိုထိန်းသိမ်းနိုင်ရန် ယူနက်စကိုဝင်ရေး လိုအပ်ကြောင်းပါ သိရှိစေရန် ရည်ရွယ်၍ ပြပွဲ ပြုလုပ်နေခြင်း ဖြစ်သည်။
    

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly