ရွှေစက်တော် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောအတွင်း ရွှေသမင်ထိန်းသိမ်းရေးများ ဆောင်ရွက်

ရွှေစက်တော် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောအတွင်း ရွှေသမင်ထိန်းသိမ်းရေးများ ဆောင်ရွက်

မကွေး၊ ဧပြီ ၄ ။     ။ မကွေးတိုင်းဒေသကြီး မင်းဘူး/စကုမြို့နယ်ရှိ ရွှေစက်တော် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောအတွင်း မြန်မာ့ရွှေသမင်အကောင်ရေ(၁၅၀၀)ကျော်အထိပေါက်ဖွားရှင်သန်နေပြီး ရွှေသမင်ထိန်းသိမ်းရေး လုပ်ငန်းများကို ဆောင်ရွက်နေကြောင်း မကွေးတိုင်းဒေသကြီးသစ်တောဦးစီးဌာနမှ သိရသည်။

“မြန်မာနိုင်ငံမှာ သဘာဝထိန်းသိမ်းရေး နယ်မြေ (၄၃) ခု ရှိတဲ့အနက် ရွှေစက်တော် ဘေးမဲ့တောလည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။ ရွှေစက်တော်၊ ကျောက်အိုးနဲ့ကျွဲတံခါး သစ်တောကြိုးဝိုင်း(၃)ခု၊ မြို့စဖို ကာကွယ်တောနဲ့ ရွှေစက်တော်ကြီးကန်ကာကွယ်တော (၂)ခုတို့ကို ရွှေသမင်များကာကွယ်ရန် တောရိုင်း တိရစ္ဆာန်ဘေးမဲ့တောအဖြစ် (၁၉၄၀)ခုနှစ်က သတ်မှတ်တည်ထောင်ခဲ့ပါတယ်” ဟု မကွေးတိုင်း ဒေသကြီး သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူးဦးမြင့်သိန်းခိုင်က ပြောသည်။

ကမ္ဘာ့အနှံအပြားတွင် သမင်(Deer) မျိုးစိတ်(၄၃)မျိုးရှိပြီး မြန်မာနိုင်ငံတွင် သမင်မျိုးစိတ်(၈)မျိုးရှိကြောင်း၊ မြန်မာနိင်ငံရှိ ရွှေသမင်များကို သိပ္ပံအမည် Rucervuseldi Thaminဟုခေါ်ကြောင်း ရွှေစက်တော်တောရိုင်း တိရစ္ဆာန်ဘေးမဲ့တောမှ သိရသည်။

“ရွှေသမင်တွေ ကျက်စားရာတောက အင်းတိုင်းတော၊ သန်းဒဟပ်တောနဲ့ မြက်ခင်းလွင်ပြင်တို့ဖြစ်ပါတယ်။ ရွှေသမင်တွေက ဆီးသီး၊ ဆီးဖြူသီး၊ ကန်ဇွန်းရွက်၊ မြက်နဲ့ သစ်ရွက်နု သစ်ဖုလေးတွေ အကြိုက်စားပါတယ်။ သူတို့သောက်ရေအတွက် မင်းဘူး/စကုမြို့နယ်မှာ ကြို့ပင်စမ်းကန်၊ မင်းဘူး/စကုမြို့နယ်နဲ့ ပွင့်ဖြူမြို့နယ် နယ်စပ် အနီးမှာ ကန်တော်ကြီးကန်၊ ပွင့်ဖြူမြို့နယ်မှာ မှန်ကပ်ကန်တို့ကို တူးဖော်ပေးထားပါတယ်” ဟု တောအုပ်ကြီး ဦးရွှေဘက ပြောပြသည်။

မြန်မာ့ရွှေသမင်များသည် ဖေဖော်ဝါရီလမှ ဧပြီလအထိ မိတ်လိုက်ကြပြီး ကိုယ်ဝန်လွယ်ချိန်မှာ (၈)လခန့် ကြာမြင့်ကြောင်း အောက်တိုဘာလနှင့် နိဝင်ဘာလတွင် ပေါက်ဖွားလေ့ရှိပြီး (၁)ကြိမ် (၁)ကောင်နှုန်း ပေါက် ဖွားကြောင်း၊ ချိုချချိန်မှာ ဇူလိုင်လမှ သြဂုတ်လအထိဖြစ်ပြီး ချိုရင့်ချိန်မှာ ဒီဇင်ဘာ ဖြစ်ကြောင်း၊ ရွှေသမင်များ၏ သက်တမ်းမှာ အနှစ်(၂၀)မှ (၂၅)နှစ်အထိ ရှိကြောင်း သိရသည်။

မြန်မာ့ရွှေသမင်များကို မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် ပခုက္ကူမြို့နယ်၊ မင်းဘူးခရိုင် မင်းဘူး/စကုမြို့နယ် ရွှေစက်တော် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ကန့်ဘလူမြို့နယ်ရှိ ချပ်သင်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောတို့တွင် တွေ့ရှိနိင်ကြောင်း သိရသည်။

ရွှေစက်တော် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောသည် မင်းဘူးခရိုင် မင်းဘူး၊ပွင့်ဖြူ ၊ ငဖဲနှင့် စေတုတ္တရာမြို့နယ် အတွင်း တည်ရှိပြီး (၁၁၄၆၇၈.၇၁ )ဧက အကျယ်ဝန်းရှိကြောင်း၊ ရွှေသမင် ကာကွယ်တောအတွင်း ၂၀၁၆ ခုနှစ်တွင် ရွှေသမင်အကောင်ရေ (၁၅၇၉) ကောင်၊ ၂၀၁၇ ခုနှစ်တွင် (၁၄၅၆) ကောင်၊ ၂၀၁၈ ခုနှစ်တွင် (၁၅၀၄) ကောင်အထိ ပေါက်ဖွားရှင်သန်လျက် ရှိကြောင်း၊ ၂၀၁၉ခုနှစ်အတွက် စာရင်းကောက်ယူလျက် ရှိကြောင်း မကွေးတိုင်းဒေသကြီးသစ်တောဦးစီးဌာနမှ သိရသည်။
သတင်းပုံ မကွေးတိုင်းဒေသကြီးသစ်တောဦးစီးဌာန
    
    

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly