နေစရာနေရာ ပြန်မရသော ညောင်ရွာမီးဘေးသင့်ပြည်သူအချို့ လူကယ်ပြန်ဝန်ကြီး တွေ့ဆုံမည်

နေစရာနေရာ ပြန်မရသော ညောင်ရွာမီးဘေးသင့်ပြည်သူအချို့ လူကယ်ပြန်ဝန်ကြီး တွေ့ဆုံမည်
ဓာတ်ပုံ- သူရ

ရန်ကုန်၊ ဧပြီလ ၄ ။     ။ မီးလောင်မှုဖြစ်ပွားခဲ့သည့် လှိုင်သာယာမြို့နယ်၊ ပန်းလှိုင်ဂေါက်ကွင်းအနီးရှိ ညောင်ရွာမှ ပြည်သူအချို့မှာ မူလနေရာတွင် နေစရာပြန်မရသဖြင့် ဧပြီလ ၄ ရက်နေ့တွင် ရန်ကုန်ဝန်ကြီးချုပ်နှင့် တွေ့ဆုံရန် တောင်းဆိုခဲ့ သော်လည်း မရရှိခဲ့ဘဲ လူကယ်ပြန်ဝန်ကြီးမှ ဧပြီလ ၅ ရက်နေ့တွင် ၎င်းတို့နှင့် တွေ့ဆုံမည်ဖြစ်ကြောင်း ပြန်လည်အကြောင်း ပြန်ခဲ့သည်ဟု သိရသည်။

ပြီးခဲ့သည့် မတ်လ ၉ ရက်နေ့က မီးလောင်ခံခဲ့ရသည့် ညောင်ရွာတွင် နေထိုင်သူ ၅ဝ  ခန့်မှာ ၎င်းတို့ မူလနေ ထိုင်သည့် နေရာများတွင် ပြန်လည်နေထိုင်ခွင့်မပြုတော့သည့်အပေါ် ဧပြီလ ၄ ရက်နေ့၊ နံနက်ပိုင်းတွင် ရန် ကုန်တိုင်းရုံးရှေ့၌ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် တွေ့ဆုံခွင့်ရရန် တောင်းဆိုခဲ့ကြခြင်းဖြစ်သည်။

" မနက်ဖြန် ၁ နာရီ ညီမတို့ကို လှိုင်သာယာထွေအုပ်ရုံးမှာ လူကယ်ပြန်ဝန်ကြီး ကိုယ်တိုင်လာတွေ့မယ်တဲ့။ တိုင်းရုံးက လုံခြုံရေး ပြောတာပါ။ အခု ညီမတို့ပြန်ပါပြီ"ဟု ဝန်ကြီးချုပ်နှင့် တွေ့ဆုံခွင့် ရရန် ဦးဆောင်ပါဝင်ခဲ့ သော ညောင်ရွာမှ မခင်လေးနိုင်က မဇ္စျိမသို့ ဧပြီလ ၄ ရက်၊ မွန်းလွဲ ၁၂ နာရီ၊ ၁၁ မိနစ်ခန့်တွင် ပြောသည်။

ညောင်ရွာ၌ မတ်လ ၉ ရက်နေ့တွင် တစ်ကြိမ်၊ မတ်လ ၂၁ ရက်နေ့တွင် တစ်ကြိမ် မီးလောင်မှုဖြစ်ပွားခဲ့ပြီး ဒုတိယအကြိမ်မီးလောင်မှုမှ ပြည်သူအချို့မှာ မူလနေရာတွင် ပြန်နေခွင့်ရကြသော်လည်း ပထမအကြိမ် မီးလောင်ခံခဲ့ရမှုမှ ပြည်သူအချို့မှာ မူလနေရာတွင် ပြန်နေထိုင်ခွင့်မရကြခြင်းအပေါ် ယခုကဲ့သို့ ဝန်ကြီးချုပ်နှင့် တွေ့ဆုံခွင့်ရရန် လာရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"  မီးလောင်တော့ မိုက်နဲ့ လိုက်အော်တာကြတော့။ အောင်မင်္ဂလာ ကယ်ဆယ်ရေးစခန်းကို လာခဲ့ပါပေါ့။ ကျွန်မ တို့ကလည်း အားချင်းဆိုတော့ အထုပ်တွေဆွဲ၊ ဘာတွေဆွဲပြေးတာပေါ့။ မီးတွေလောင်နေပြီဆိုတော့ ကလေးဆွဲ ဘုန်းကြီးကျောင်းကိုပြေး။ ကျောင်းကနေပြီးတော့ ၁၅ ရက်နေ့ကြရော ကိုယ့်နေရာ ကိုယ်ပြန်သွား ချင်တယ် ဆိုတော့ အထုပ်ဆွဲပြီးသွားကြတော့ ဘယ်မှ အဝင်မခံတော့ဘူး" ဟု ညောင်ရွာမှ ဒေါ်တင်တင်ဇော်က ပြောသည်။

“ပြန်ဆောက်ဖို့ အနေအထား တောင်မရှိသေးဘူး။ လမ်းမှာ အခင်းခင်းပြီး အထုပ်တွေနဲ့ ထိုင်နေတုန်း အုပ်ချုပ် ရေးမှူးတွေ၊ ပြောမယ်ဆိုရင် စွမ်းအားရှင်တွေပါ လာပြီးတော့ ဒီနေရာက ဖယ်ဆိုပြီး မောင်းထုတ်တယ်။ အဲ့ဒါနဲ့ ကျွန်မတို့က ကိုယ့်နေရာကိုယ် ပြန်ဆောက်မယ်ဆိုပြီး နောက်နေ့ကျတော့ လုပ်လည်း လုပ်ရော သူတို့က မီးလောင်ပြင်ထဲက တိုင်တွေကို စိုက်၊ မီးလောင်ပြင်ထဲက သွပ်တွေကို ကာပြီးတော့ မီးလောင်ပြင် မကျူး ကျော်ရဆိုပြီးတော့ ဆိုင်းဘုတ်ကြီးကပ် လိုက်ရော။ အဲ့ဒီလိုမျိုး"ဟု သူက ဆက်ပြောသည်။

ထိုသို့ မူလနေရာတွင် ပြန်နေခွင့် မရသည့် ကိစ္စအတွက် ညောင်ရွာတွင် နေထိုင်သူများမှာ လှိုင်သာယာမြို့နယ် အုပ်ချုပ်ရေးမှူးရုံး၊ ခရိုင်အုပ်ချုပ်ရေးမှူးရုံးများသို့ အကြိမ်ကြိမ်သွားရောက် ညှိနှိုင်းတောင်းဆိုခဲ့ကြောင်း၊ နောက် ဆုံး အဆင်မပြေသည့်အတွက် ယခုကဲ့သို့ ဝန်ကြီးချုပ်နှင့် မဖြစ်မနေတွေ့ဆုံခွင့်ရရန် လာရောက်ခဲ့ခြင်းဖြစ် ကြောင်း ဆိုသည်။

" ကျွန်တော်တို့ကို ဘာမှလည်းမပြောဘူး။ ပြန်ဆောက်တော့ ဆောက်ခွင့်မရှိတာဘဲရှိတယ်။ သိရတာကတော့ ရပ်ကျေးက သိမ်းထားတယ်လို့ ပြောတယ်။ ကျွန်တော်တို့ အိုးအိမ်ရောက်တော့ အိုးအိမ်က မသိမ်းဘူး။ စည်ပင်ရောက်တော့ စည်ပင်က မသိမ်းဘူး။ EPC ကလည်းမသိမ်းထားဘူးဆိုလို့ ကျွန်တော်တို့ အဲ့ဒီနေရာ သွားပြန်ဆောက်တော့ ကျွန်တော်တို့ကို ဓားနဲ့ ခုတ်တယ်။ လူကိုတော့ မခုတ်ဘူး။ ပစ္စည်းတွေ ခုတ်တာ။ လူကို ထွက်ခိုင်းတာ မထွက်ရင် လူပါ ခုတ်မယ်လို့ ပြောတယ်"ဟု ညောင်ရွာမှ ဦးကျော်စိုးက ပြောသည်။

အဆိုပါ ညောင်ရွာအတွင်း နေထိုင်သူအများစုမှာ ၂ဝဝ၈ ခုနှစ်၊ နာဂစ်မုန်တိုင်း တိုက်ခတ်မှုအပြီးတွင် ဧရာဝတီတိုင်း ဒေသကြီးဘက်မှ ပြောင်းရွေ့လာသူများဖြစ်ကြောင်း သိရသည်။

" အခုလောလောဆယ်တော့ ကျွန်မတို့ ဘုန်းကြီးကျောင်းရှေ့မှာ တာလပတ်ကလေး မိုးပြီး လူတွေစုပြီးတော့ မီးဘေးစခန်းပုံစံမျိုးလေး နေကြပါတယ်။ စားဝတ်နေရေးကတော့ ဘုန်းကြီးကျောင်းက လှူထားတဲ့ ဆန်လေး တွေ၊ ဘာတွေတော့ ရှိတယ်ပေါ့နော်။ နောက် ရှိတာလေး ရှာကြံချက်ပြီး စုစားကြတယ်"ဟု ညောင်ရွာတွင် ၁ဝ နှစ်ကျော်နေထိုင်ခဲ့သည့် မခင်လေးက ပြောသည်။

ညောင်ရွာတွင် ပြီးခဲ့သည့် မတ်လ ၉ ရက်နေ့က မီးလောင်မှုဖြစ်ပွားခဲ့ခြင်းကြောင့် အိမ်ခြေ ၁ဝဝ ကျော်မီးလောင် ဆုံးရှုံးခဲ့ပြီး မတ်လ ၂၁ နေ့တွင် ဒုတိယအကြိမ် ထပ်မံမီးလောင်မှုကြောင့် အိမ်ခြေ ၈ဝ ကျော် မီးလောင်ဆုံးရှုံးခဲ့ သည်။
    

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly