ပရီးမီးယားလိဂ်ဇယားထိပ် မန်စီးတီး ပြန်ရောက်လာပေမယ့် ဒဏ်ရာရ ကစားသမားတွေကြောင့် ခေါင်းစားနေရတဲ့ ဂွာဒီယိုလာ

ပရီးမီးယားလိဂ်ဇယားထိပ် မန်စီးတီး ပြန်ရောက်လာပေမယ့် ဒဏ်ရာရ ကစားသမားတွေကြောင့် ခေါင်းစားနေရတဲ့ ဂွာဒီယိုလာ
Photos: EPA

ဗုဒ္ဓဟူးနေ့က မန်စီးတီးအသင်းဟာ ကာဒစ်ဖ်အသင်းကို ၂-၀ ဂိုးနဲ့ သက်တောင့်သက်သာ အနိုင်ယူခဲ့ပြီးနောက် ပရီးမီးယားလိဂ်အမှတ်ပေးဇယား ထိပ်ဆုံးနေရာကို ရယူခဲ့ပါတယ်။ ဒါပေမယ့် ဂွာဒီယိုလာအနေနဲ့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်အတွက် ဘယ်နောက်ခံနေရာကို ခေါင်းစားနေပါတယ်။

စီးတီးဟာ ဒီရာသီမှာ ဖလား ၄ လုံး လမ်းကြောင်းပေါ်ရှိနေတောဖြစ်ပေမယ့် အသင်းမှာ ဒဏ်ရာရ ကစားသမားတွေ ရှိလာပါတယ်။

ကာဒစ်ဖ်နဲ့ပွဲမှာ တံကောက်ကြောဒဏ်ရာ ရရှိခဲ့တဲ့ ဇင်ချန်ကိုဟာ ပွဲစဉ်တော်တော်များများ လွဲချော်ဖွယ်ရှိတာကြောင့် စီးတီးဟာ စနေနေ့မှာ ဘရိုက်တန်နဲ့ ကစားရမယ့် အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ပွဲစဉ်အတွက် ဘယ်ခြမ်းခံစစ်မှာ ပြဿနာရှိသွားခဲ့ပြီဖြစ်ပါတယ်။

ဒါ့အပြင် အင်္ဂလန်ကစားသမား ဖေဘီယန် ဒဲလ်က ဒဏ်ရာရနေခဲ့သလို မန်ဒီမှာလည်း ကြံ့ခိုင်မှု မပြည့်ဝသေးလို့ လာမယ့်ပွဲစဉ်အတွက် ဘယ်ခြမ်းခံစစ်မှာ ပြဿနာရှိနေတယ်လို့ ဂွာဒီယိုလာက ဝန်ခံခဲ့ပါတယ်။

"ဇင်ချန်ကိုရဲ့ ဒဏ်ရာက ကောင်းပုံမရပါဘူး။ အခုချိန်မှာတော့ ဘာမှ မသိရသေးဘူး။ မနက်ဖြန်လောက်မှာ ကျနော်တို့ သူ့ရဲ့အခြေအနေကို သိရပါလိမ့်မယ်။ ဒါပေမယ့် လာမယ့်ပွဲစဉ်တွေအတွက်တော့ ကောင်းလာဖို့တော့ မရှိပါဘူး။"လို့ ဂွာဒီယိုလာက ပြောပါတယ်။

"ဖေဘီယန် ဒဲလ်က နားနေရတယ်။ ဘင်ဂျာမင် မန်ဒီ သူဘယ်လိုခံစားနေလဲ၊ ဘယ်လိုလေ့ကျင့်နေပြီလဲဆိုတာ ကျနော်တို့ မနက်ဖြန်မှာ မြင်တွေ့ရပါလိမ့်မယ်။ ကျနော်တို့မှာ ရွေးချယ်စရာ အများကြီး မရှိပါဘူး။"

နောက်လာမယ့် အရေးပါတဲ့ ပွဲစဉ်တွေ အထူးသဖြင့် စပါးအသင်းနဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် နှစ်ကျော့ပွဲစဉ်တွေရှိတာကြောင့် ကာဒစ်ဖ်နဲ့ ပွဲစဉ်မှာ ချန်လှပ်ခဲ့တဲ့ အဂူရိုဟာလည်း ဘရိုက်တန်နဲ့ ဆီမီးဖိုင်နယ်မှာ ပါဝင်လာမလားဆိုတာ သံသယဖြစ်နေပါတယ်။

ဒါပေမယ့် စီးတီးဟာ အနည်းဆုံးတော့ လီဗာပူးလ်အသင်းကို ပွဲအရေအတွက်တူ ၁ မှတ်ဖြတ်နိုင်ခဲ့ပြီး ဇယားထိပ်မှာ ရပ်တည်ခဲ့ပါတယ်။ ဒါ့အပြင် သူတို့ဟာ လိဂ်ပွဲစဉ် ၈ ပွဲဆက်တိုက် အနိုင်ရထားတဲ့ အသင်းဖြစ်ပါတယ်။

"ကျနော်တို့ ရမှတ်လျော့ခဲ့ရင် ချန်ပီယံဖြစ်မှာ မဟုတ်ပါဘူးဆိုတဲ့ ခံစားချက်မျိုး ကျနော်တို့မှာ ရှိပါတယ်။"လို့ ဂွာဒီယိုလာက ပြောပါတယ်။

"ဒါပေမယ့် လူတွေက ကာဒစ်နဲ့ ကြားရက်နဲ့ပွဲစဉ်ဟာ လွယ်ကူလိမ့်မယ်လို့ ပြောပါတယ်။ ကျနော်တို့ကတော့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ စတင်ခဲ့ပြီး ကျနော်တို့ လုပ်စရာရှိတာကို အာရုံစိုက်ထားပါတယ်။"

"အခွင့်အရေးတွေနဲ့ ကျနော်တို့ ဂိုးတွေ သွင်းခဲ့ပါတယ်။ ကျနော်တို့ ပိုပြီး ဂိုးရခဲ့သင့်ပါတယ်။ ဒါက နောင်တရစရာဖြစ်ပေမယ့် တခြားတဖက်မှာတော့ အလွန်ကောင်းမွန်ခဲ့ပါတယ်။"

ဂွာဒီယိုလာဟာ တန်းဆင်းဇုန်ထဲမှာ ရုန်းကန်ရတဲ့ ကာဒစ်ဖ်နဲ့ပွဲစဉ်မှာ အပြောင်းအလဲ ၇ ခုထိ ပြုလုပ်နိုင်ခဲ့ပါတယ်။

(AFP)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly