ကျောက်တော်တွင် AA နှင့် ဆက်သွယ်ခဲ့သော သံဃာနှစ်ပါးကို တပ်မတော်ဖမ်းဆီး

ကျောက်တော်တွင် AA နှင့် ဆက်သွယ်ခဲ့သော သံဃာနှစ်ပါးကို တပ်မတော်ဖမ်းဆီး
ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

ရန်ကုန်၊ ဧပြီ ၄ ။    ။ ကျောက်တော်မြို့နယ်၊ ကန်ဇောက်ကျေးရွာ၌ AA အဖွဲ့နှင့် ဆက်သွယ်ခဲ့သည့် သံဃာနှစ်ပါးကို ဖမ်းဆီးခဲ့ကြောင်း ဧပြီ ၃ ရက်နေ့ ရက်စွဲဖြင့် တပ်မတော်က သတင်းထုတ်ပြန်ခဲ့သည်။

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့၊ ကန်ဇောက်ကျေးရွာနှင့် အနီးပတ်ဝန်းကျင်တွင် နယ်မြေစိုးမိုးရေးနှင့် လုံခြုံရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော တပ်မတော်စစ်ကြောင်းသည် ဧပြီ ၁ ရက်တွင် ကန်ဇောက်ကျေးရွာအနီး စစ်တွေ-ကျောက်တော်ကားလမ်း၌ ယာဉ်သွားလာမှုများအား စစ်ဆေးနေစဉ် ည ၉ နာရီခန့်တွင် စစ်တွေဘက်မှ ကျောက်တော် ဘက်သို့ မောင်းနှင်လာသည့် CINA အမျိုးအစား  ယာဉ်အမှတ်၊ YGN-3G---- အား ရပ်တန့် စစ်ဆေးရာ ယာဉ်ပေါ်၌ လက်ပြန်ကြိုးတုပ်ထားခြင်းခံရသူ မသင်္ကာဖွယ်တစ်ဦးအား တွေ့ရှိခဲ့ကြောင်း သိရသည်။

ထို့နောက် ဆက်လက်စစ်ဆေးရာ လက်ပြန်ကြိုး တုပ်ထားခြင်းခံရသူမှာ AA အဖွဲ့ထံမှ ထွက်ပြေးလာသည့် ပုဏ္ဏားကျွန်းမြို့နယ်၊ ပေါက်တောကျေးရွာတွင်နေထိုင်သော အမှတ်၊ AA -၄၅၇၈၊ အဆင့်(စိစစ်ဆဲ) မြထွန်း ဆိုသူဖြစ်ကြောင်း ကနဦးသိရှိရသည်ဟု တပ်မတော်ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

အဆိုပါ ကိစ္စကို အသေးစိတ်စစ်ဆေးမှုများ ဆက်လက်ပြုလုပ်ခဲ့ရာ ယာဉ်အား ပုဏ္ဏာကျွန်းမြို့၊ သီရိမဇ္ဇူ ကျောင်း တိုက် ဆရာတော် ဦးသုဝန(၃၉နှစ်) လူအမည် ဦးသိန်းကျော်က မောင်းနှင်လာပြီး ယာဉ်ပေါ်တွင် မြောက်ဦးမြို့၊ ဂန္ဓမာတောင်ကျောင်းတိုက်တွင် နေထိုင်သော ဦးဉာဏ (၄ဝနှစ်) လူအမည် ဦးခိုင်လှထွန်းနှင့် AA အဖွဲ့မှ ပုဏ္ဏား ကျွန်းမြို့တွင်နေထိုင်သော အမှတ်၊ AA -၃၈၅၄၊ အဆင့်(စိစစ်ဆဲ) သိန်းဟန်(၂ဝနှစ်)နှင့် AA အဖွဲ့သို့ ဝင်ရန် လိုက်ပါလာသည့် ပုဏ္ဏားကျွန်းမြို့တွင်နေထိုင်သော ကျော်ဆန်း(၂၆နှစ်) တို့လိုက်ပါလာခြင်း ဖြစ်သည်။

ဖမ်းဆီးရမိသူများအနက် AA အဖွဲ့မှ သိန်းဟန်အား စစ်ဆေးမေးမြန်းချက်များအရ AA အဖွဲ့မှ ညီညီစိုးဆိုသူက ၎င်းထံဖုန်းဖြင့်ဆက်သွယ်၍ AA အဖွဲ့မှ ထွက်ပြေးသော မြထွန်းအား ခေါ်ဆောင်ကာ ကျောက်တော်မြို့နယ်၊ ကွမ်းအုံချောင်း ကျေးရွာအနီး ပိတောက်ချောင်းတံတား အကျော်တောစပ်သို့ လာရောက်ပို့ဆောင်ရန်နှင့် တောစပ်သို့ ရောက်ရှိပါက  ထွန်းလင်းနိုင်ထံသို့ လွှဲပြောင်းပေးရန်စေခိုင်းခဲ့သဖြင့် မြထွန်းအား လက်ပြန်ကြိုး တုပ်၍ ဖမ်းဆီး ခေါ်ဆောင်လာခဲ့ကြောင်း၊ ပိတောက်ချောင်းတောအစပ်သို့ သွားရောက်ရန် ဦးသုဝန (လူအမည် ဦးသိန်းကျော်)က ယာဉ်ဖြင့် ပုဏ္ဏားကျွန်းမြို့အနီးသို့ လာရောက်ခေါ်ဆောင်ခဲ့ကြောင်း ထွက်ဆိုခဲ့သဖြင့် ဦးသုဝန ကိုင်ဆောင်သည့်ဖုန်းအား ဆက်လက်စစ်ဆေးခဲ့ရာ ထွန်းလင်းနိုင် ဆိုသူနှင့် ဖုန်းဆက်သွယ်ထားရှိမှုများ တွေ့ရှိရသဖြင့် အဆိုပါသံဃာ ၂ ပါး မှာလည်း AA အဖွဲ့နှင့် ဆက်သွယ်မှုများ ရှိကြောင်း စစ်ဆေး တွေ့ရှိခဲ့ရ သည်ဟု တပ်မတော်က ထုတ်ပြန်ခဲ့သည်။

အဆိုပါဖမ်းဆီးရမိသူများအနက် သံဃာ ၂ ပါးကို စစ်တွေမြို့နယ်သံဃာ့ နာယက တောင်ရွှေရွာကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ ဓမ္မိက ရှေ့မှောက်တွင် အပ်နှံ၍ သာသနာ့ စည်းမျဉ်းစည်းကမ်းများနှင့်အညီ သိက္ခာချ လူဝတ်လဲစေခဲ့ပြီး ကျန်သူများနှင့်အတူ တရားဥပဒေအရ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း တပ်မတော်က ထုတ်ပြန်ထားသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly