မြကျွန်းသာတွင် နာမည်ကြီး အနုပညာရှင်များဖြင့် လမ်းလျှောက်သင်္ကြန် ကျင်းပမည်

မြကျွန်းသာတွင် နာမည်ကြီး အနုပညာရှင်များဖြင့် လမ်းလျှောက်သင်္ကြန် ကျင်းပမည်

ဧပြီ ၄ ။    ။ ရန်ကုန်မြို့ မြကျွန်းသာပန်းခြံ တွင်နာမည်ကြီး အနုပညာရှင်များဖြင့် လမ်းလျှောက်သင်္ကြန်ကို ဝင်ကြေး အခမဲ့ ဖြင့် ကျင်းပသွားမည်ဟု CB-KMA မြကျွန်းသာသင်္ကြန်ပွဲတော် ဦးစီးကော်မတီ ဥက္ကဋ္ဌ ဦးကောင်းထက်ထွန်း က ပြောသည်။

အဆိုပါ လမ်းလျှောက်သင်္ကြန်ကို ဧပြီလ ၁၃ ရက်နေ့မှ၁၆ ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ပြီး စတုဒီသာမဏ္ဍပ်များ ၊ ရေကစားမဏ္ဍပ်များ ၊ဖျော်ဖြေရေးမဏ္ဍပ်များပါဝင်မည်ဟု သိရသည်။

"ပြည်သူပြည်သားတွေအားလုံးပါဝင်ဆင်နွဲလို့ရအောင် ဒီဟာကိုတစ်စိုက်မတ်မတ် လုပ်ထားပါတယ်။ စတိတ် ရှိုးလည်း လုပ်ထားပါတယ်။ မြန်မာပြည်တစ်ဝှမ်းလုံး နာမည်အကြီးဆုံးအဆိုတော်တွေရော၊ နာမည် ကြီးရုပ်ရှင် သရုပ်ဆောင်တွေရော အတူတူပျော်ပျော်ရွှင်ရွှင် သွားဖို့အတွက် စတိတ်ရှိုးတွေ လုပ်ထားပါတယ်။ နောက် အစီစဉ်တစ်ခုက ပြည်သူပြည်သားတွေအားလုံးလည်း ဒီမှာအနားယူနိုင်အောင် ဒီမှာစားသုံးနိုင်အောင် လုပ်ထားပါတယ်။ဂိမ်းအစီစဉ်တွေလည်း လုပ်ထားပါတယ် ။ အတူတူ ပျော်နိုင်အောင် စီစဉ်ထားပါတယ်။ ကလေးကစားကွင်းတွေလည်း လုပ်ထားပါတယ်။ တစ်နေရာထဲမှပြည်သူပြည်သားအားလုံး လွတ်လွတ် လပ်လပ်နဲ့ပျော်ပျော်ရွှင်ရွှင် ဖြစ်နိုင်အောင်အတွက် လုပ်ထားပါတယ်” ဟု CB-KMA မြကျွန်းသာသင်္ကြန်ပွဲတော် ဦးစီးကော်မတီ ဥက္ကဋ္ဌ ဦးကောင်းထက်ထွန်း က ပြောသည်။

အဆိုပါ မြကျွန်းသာပန်းခြံတွင် ပြုလုပ်မည့် သင်္ကြန်အစီစဉ်များတွင် ပြည်တွင်းရုပ်သံလိုင်းတစ်လိုင်းဖြစ်သည့် Channel K မှ Ambassador များဖြစ်ကြသည့် စိုင်းစိုင်းခမ်းလှိုင်၊ နီနီခင်ဇော်၊ ဖြူဖြူကျော်သိန်း၊ပြေတီဦး ၊ ဖိုးချစ် နှင့် စိုးပြည့်သဇင်၊ဖိုးပြည့် တို့မှ သင်္ကြန်ကာလ ၄ ရက်တာကာလအတွင်း ဖျော်ဖြေတင်ဆက်မှုများ ပြုလုပ်သွား မည်ဖြစ်ပြီး လမ်းလျှောက်သင်္ကြန်ကိုလည်း လာရောက်ကြသည့် ဧည်ပရိသတ်များဖြင့် စည်ကားစွာ ကျင်းပ သွားမည်ဟု သိရသည်။

" လမ်းလျှောက်သင်္ကြန်ကို လာပြီးဆင်နွဲလို့ရအောင်အကုန်လုံးအဖက်ဖက်က စီစဉ်ထားပါတယ်။ ဝင်ကြေး ကလည်းအခမဲ့ပါ။ အစီစဉ်အများကြီးလည်းလုပ်ထားပါတယ်။ ဒီနေရာကနေပြီးတော့ပြည်သူပြည်သား တွေကို ဒီ CB-KMA မြကျွန်းသာ သင်္ကြန်ကို အတူတူပါဝင်ဆင်နွဲနိုင်အောင် ဖိတ်ခေါ်ပါတယ်” ဟု ဦးကောင်းထက်ထွန်း က ပြောသည်။

အဆိုပါ လမ်းလျှောက်သင်္ကြန်ကို ပြည်တွင်း ရုပ်သံလိုင်းသစ်တစ်ခုဖြစ်သည့် Channel K မှဦးစီး ဦးဆောင် ပြုလုပ်ခြင်းဖြစ်ပြီး လာမည့် ဧပြီလ ၁၃ ရက်နေ့မှ ၁၆ ရက်နေ့ထိ မြကျွန်းသာ အပန်းဖြေနေရာတွင် သင်္ကြန် မဏ္ဍပ်များ ၊ အနုပညာရှင်များ ၏ ဖျော်ဖြေတင်ဆက်မှုများဖြင့် ပထမဦးဆုံးအကြိမ်ပြုလုပ်ခြင်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly