ကိုယ်ဝန်ဆောင်နေစဉ် ART ဆေး သောက်သင့်လား

ကိုယ်ဝန်ဆောင်နေစဉ် ART ဆေး သောက်သင့်လား

ရေးသားသူ Ye Myo Myat

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win.

HIV နဲ့ပတ်သက်ပြီး ဘာတွေ သိထားသင့်လဲ။

HIV ပိုးဆိုတာ လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါပိုးဖြစ်ပါတယ်။ အကာအကွယ်မဲ့လိင်ဆက်ဆံခြင်း၊ ဆေးထိုးအပ်ကို မျှဝေသုံးစွဲခြင်း ရောဂါပိုးရှိသော သွေး၊ သုက်ရည်၊ မိန်းမကိုယ်မှ အရည်တွေဟာ သွေးလမ်းကြောင်းထဲ ဝင်ရောက်ရာမှ ကူးစက်တာမျိဳးလည်း ရှိသလို ရောဂါပိုးရှိသူ အမျိုးသမီး ကိုယ်ဝန်ဆောင်နေစဉ်၊ မိခင်နို့တိုက်နေစဉ် ကိုယ့်ရဲ့ကလေးကို ကူးစက်နိုင်ပါတယ်။

HIV ပိုးကို လက်ရှိမှာ အမြစ်ပြတ်ကုသနိုင်တဲ့ ဆေးဝါးတွေ မပေါ်ထွက်သေးပါဘူး။ Antiretroviral Therapy (ART) ဆေးဝါးဖြင့်သာ သွေးထဲမှာ ရှိတဲ့ HIV ပိုးကို ထိန်းပေးထားပြီး တခြားသူကို ကူးစက်နိုင်ခြေ လျော့နည်းစေနိုင်ပါတယ်။ ART ဆေးကို နေ့စဉ်ပုံမှန်သောက်ပေးပြီး ကျန်းမာရေးကို သေချာဂရုစိုက်သွားမယ်ဆိုရင် သာမန်လူတစ်ယောက်လိုပဲ ကျန်းကျန်းမာမာနဲ့ အသက်ရှည်ကြာစွာ နေထိုင်သွားနိုင်ပါတယ်။
HIV ပိုးရှိနေရင် ကိုယ်ဝန်ဆောင်လို့ ရလား။

ရပါတယ်။ ဒါပေမယ့် HIV ပိုးဟာ မိခင်မှ ကလေးကိုလည်း ကူးစက်နိုင်တဲ့အတွက် ART ဆေးကို ဆရာဝန်ညွှန်ကြားတဲ့အတိုင်း သောက်ဖို့ လိုပါတယ်။ ART ဆေးကို သေချာသောက်သုံးပေးမယ်ဆိုရင် သန္ဓေသားကို HIV ပိုး ကူးစက်ခံရခြင်းမှ ကာကွယ်ပေးနိုင်မှာပါ။
ကိုယ်ဝန်ဆောင်နေစဉ် ART ဆေးသောက်ရင် သန္ဓေသားကို ထိခိုက်နိုင်လား။

ART ဆေးမှာ ဘေးထွက်ဆိုးကျိုး ရှိတာမှန်ပေမယ့် ဗိုက်ထဲက သန္ဓေသားကို ထိခိုက်စေသည်အထိ၊ ကိုယ်ဝန်ပျက်ကျနိုင်တဲ့အထိ ဘေးထွက်ဆိုးကျိုးများ မဖြစ်စေပါဘူး။ ကိုယ်ပြသနေတဲ့ သားဖွားမီးယပ်ဆရာဝန်နဲ့ သေချာပြသပြီး ကိုယ့်ရဲ့ ကျန်းမာရေးအခြေအနေကို ဂရုစိုက်ဖို့သာ လိုပါတယ်။
ကိုယ်ဝန်ဆောင်နေစဉ် ART ဆေးကို ဘယ်အချိန်မှာ စသောက်သင့်လဲ။

ကိုယ်ဝန်ဆောင် အမျိုးသမီးတွေအနေနဲ့ ကိုယ့်မှာ HIV ပိုးရှိမှန်း စသိတဲ့အချိန်ကစပြီး စောစောသောက်နိုင်လေ မိခင်ရော ကလေးအတွက်ပါ အန္တရာယ်ပိုကင်းနိုင်ပါတယ်။ ကိုယ်က ART ဆေးသောက်နေတုန်း ကလေးယူဖို့ စဉ်းစားထားတယ်ဆိုရင်လည်း ဆေးကို ရပ်လိုက်တာမျိုး လုံးဝမလုပ်သင့်ပါဘူး။
ကလေးမွေးဖွားပြီးရင်ရော ART ဆေးဆက်သောက်ရမှာလား။

အထက်မှာ ပြောခဲ့သလိုပါပဲ။ ART ဆေးဆိုတာ စသောက်တဲ့ နေ့မှ သက်ဆုံးတိုင် နေ့စဉ် မပျက်မကွက်နဲ့ အချိန်မှန်သောက်ပေးရမယ့် ဆေးဖြစ်ပါတယ်။ ကလေးမွေးပြီးတဲ့အချိန် ကလေးမှာ ရောဂါကင်းနေရင်လည်း မိခင်နို့တိုက်ရာမှတစ်ဆင့် ရောဂါပိုးကူးစက်နိုင်ပါတယ်။ ART ဆေးသာ ပုံမှန်သောက်ပေးမယ်ဆိုရင် မိခင်မှ သန္ဓေသားသို့ ကူးစက်ဖို့ အခွင့်အလမ်း တော်တော်လေးကို နည်းသွားမှာပါ။
ဗိုက်ခွဲမွေးခြင်းဟာ မိခင်မှ ကလေးဆီသို့ ရောဂါပိုးကူးစက်နှုန်း လျော့နည်းစေလား။

မိခင်မှာ Viral Load (သွေးတွင်းမှာ ရှိသော HIV ပိုးကောင်ရေပမာဏ) များလွန်းနေတာ၊ ဒါမှမဟုတ် ဘယ်လောက်ရှိမှန်း စစ်ဆေးမထားဘူးဆိုရင် ဗိုက်ခွဲမွေးခြင်းဖြင့် မိခင်မှ ကလေးဆီသို့ HIV ကူးစက်နှုန်း လျှော့ချပေးနိုင်ပါတယ်။ ခွဲမွေးဖို့ စိတ်ကူးထားတယ်ဆိုရင် ကိုယ်ပြသနေတဲ့ သားဖွားမီးယပ်နဲ့ သေချာတိုင်ပင်ပြီး မီးဖွားရက်ထက် ၂ပတ်စောပြီး (ကိုယ်ဝန် ၃၈ပတ်မြောက်) မှာ ခွဲမွေးသင့်ပါတယ်။ ခွဲမမွေးခင်မှာ မိခင်တွေအနေနဲ့ သိထားသင့်တဲ့ အရာတွေ၊ အန္တရာယ်တွေအကြောင်းကို ဆရာဝန်ဆီမှာ အရင်ဆုံးမေးမြန်းထားဖို့ လိုအပ်ပါတယ်။
ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ ဘာတွေသိထားဖို့လိုမလဲ။

၁။ ART ဆေးဟာ ကိုယ့်ရဲ့ ကလေးကို မထိခိုက်စေနိုင်ပေမဲ့ မိခင်တွေအတွက်တော့ ဆေးရဲ့ ဘေးထွက်ဆိုးကျိုးဒဏ်ကို အနည်းငယ်ခံစားရနိုင်ပါတယ်။

၂။ ကိုယ့်သဘောနဲ့ ကိုယ် ဆေးပြောင်းသောက်တာ၊ ဆေးရပ်လိုက်တာမျိုး မလုပ်သင့်ပါဘူး။ ဘေးထွက်ဆိုးကျိုး ပြင်းထန်နေရင်တောင် ဆရာဝန်ကို သေချာတိုင်ပင်ဖို့ လိုပါတယ်။

၃။ ကိုယ့်အပြင် နောက်အသက် တစ်ချောင်းကိုပါ လွယ်ထားရတာ ဖြစ်တဲ့အတွက် မိခင်တွေအနေနဲ့ ကိုယ့်ရဲ့ ကျန်းမာရေးကို သေချာဂရုစိုက်ဖို့ လိုအပ်ပါတယ်။

၄။ ဆေးဝါးအပြင် မိခင်ရော ကလေးပါ ကျန်းမာဖွံ့ဖြိုးစေနိုင်တဲ့ အစာအာဟာရတွေကို ပြည့်ဝစုံလွင်စွာ စားပေးရပါမယ်။

၅။ ညဘက်မှာ ပြည့်ဝစွာ အိပ်စက်အနားယူပါ။ နေ့ဘက်တွေမှာလည်း အိမ်မှာပဲ ထိုင်နေတာထက် လမ်းလျှောက်တာမျိုး၊ ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်း လုပ်တာမျိုး လုပ်ပေးနိုင်ပါတယ်။

၆။ အလုပ်လုပ်နေတဲ့ မိခင်တွေအနေနဲ့ ဒီလိုအချိန်မှာ သေချာခွင့်ရက်ယူပြီး ခရီးထွက်တာမျိုး လုပ်ပေးပါ။

၇။ ကိုယ်သောက်ရမယ့် ဆေးတွေကို မပျက်မကွက်သောက်ပါ။ အထူးသဖြင့် ART ဆေးတွေဟာ နေ့စဉ်အချိန်မှန် သောက်ဖို့ လိုအပ်တဲ့ ဆေးဖြစ်တာကြောင့် ဆေးသောက်ဖို့ မမေ့အောင် နာရီနှိုးစက်ပေးထားနိုင်ရင် အကောင်းဆုံးပါပဲ။

၈။ စိတ်ရော ကိုယ်ပါ ကျန်းမာပျော်ရွှင်နေမယ်ဆိုရင် မိခင်ရော ကလေးပါ ကျန်းကျန်းမာမာနဲ့ သာယာအေးချမ်းတဲ့ မိသားစုဘဝလေးတစ်ခု တည်ဆောက်နိုင်မှာ အသေအချာပါပဲ။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly