နွေရာသီမှာ ဆီးချိုရောဂါရှိသူတွေ ကျန်းမာစေဖို့

နွေရာသီမှာ ဆီးချိုရောဂါရှိသူတွေ ကျန်းမာစေဖို့

ရေးသားသူ Aye Thi Mon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win.

    

ရာသီဥတု လူသားတွေအံတုလို့မရတဲ့ သဘာဝဖြစ်စဉ်တစ်ခုပါ။ နွေပူလာတာကတော့ သိသိသာသာနော်။ သာမန်လူတွေအတွက်တောင် နေရထိုင်ရတာခက်တဲ့ ပူပြင်းနေချိန်မှာ ရောဂါအခံရှိသူတွေဆိုရင် ပိုဆိုးတော့မှာပေါ့။ ဒီတစ်ခေါက်တော့ နွေပူလာလို့ ဆီးချိုရှိတဲ့ မိဘတွေ နဲ့ ကိုယ်ချစ်ရသူကိုစိတ်ပူနေသူတွေအတွက် နွေရာသီမှာ ဆီးချိုရှိနေသူကို ဘယ်လိုဂရုစိုက်ပေးရမလဲဆိုတဲ့အကြောင်းလေးပြောပြပေးချင်ပါတယ်နော်။
နွေဥတုနဲ့ခန္ဓာကိုယ်တုံ့ပြန်မှု

ရာသီဥတုပူပြင်းမှုက လူတိုင်းသည်းမခံနိုင်တဲ့ ကိစ္စတွေထဲကတစ်ခုနော်။ ခန္ဓာကိုယ်က ချွေးထွက်များပြီးရေဓာတ်ဆုံးရှုံးမှုများတဲ့ရာသီတစ်ခုပေါ့။ နေလောင်တာကြောင့်အသားကလည်းမဲသေးတယ်နော်။ ရေဓာတ်ဆုံးရှုံးမှုကြောင့်လေးလံထိုင်းမှိုင်းတာတွေ၊ မအီမသာဖြစ်တာတွေခံစားလာရနိုင်ပါတယ်။ ဒီလိုခံစားရမှုက သာမန်လူမှာဖြစ်တာနော်။ ဒါဆိုဆီးချိုသမားတွေရော ဘယ်လိုများခံစားရနိုင်လဲ။
နွေရာသီနဲ့ဆီးချို

ခန္ဓာကိုယ်က အပူဒဏ်နဲ့ထိတွေ့မိတဲ့အခါ ချွေးထွက်များလာမယ်။ ဒီလိုချွေးထွက်များလာတာက ရေဓာတ်ဆုံးရှုံမှုကိုဖြစ်စေတယ်။ ရေဓာတ်ဆုံးရှုံးမှုရဲ့ နောက်ဆက်တွဲအနေနဲ့ သွေးတွင်းသကြားဓာတ်မြင့်တက်လာမယ်။ ပြောချင်တာကတော့ နွေရာသီမှာ သွေးချိုတက်လွယ်တယ်၊ ဆီးချိုရောဂါရှိသူတွေ ပိုသတိထားသင့်တယ်ပေါ့နော်။

အပူချိန်က ခန္ဓာကိုယ်ရဲ့ အင်ဆူလင်စုပ်ယူမှုအပေါ်မှာ သက်ရောက်မှုဖြစ်စေပါတယ်။ ရာသီဥတုပူတဲ့အခါ အရေပြားဆီကို သွေးစီးဆင်းမှုပိုရောက်စေနိုင်ပါတယ်။ ဒီလိုဖြစ်စေဖို့က ရေဓာတ်လုံလောက်စွာရရှိနေဖို့လိုမှာပါ။ တကယ်လို့ ရေဓာတ်မလုံလောက်ဘူးဆိုရင်တော့ သွေးစီးဆင်းရောက်ရှိမှုကနည်းသွားပြီး ထိခိုက်မှုတွေဖြစ်လာနိုင်ပါတယ်။ ခန္ဓာကိုယ်ရဲ့ အင်ဆူလင်စုပ်ယူမှုအပေါ်မှာ ထိခိုက်မှုဖြစ်လာစေပြီး သွေးချိုတက်စေနိုင်ပါတယ်နော်။ ဒါဆိုဘယ်လိုလုပ်ရမလဲ။
နွေရာသီမှာ ဆီးချိုရှိသူကို ဒီလိုဂရုစိုက်ပါ

ရေဓာတ်ပြည့်ဝနေပါစေ – နွေရာသီရဲ့ အပူဒဏ်ကြောင့် ချွေးထွက်များပြီးရေဓာတ်ဆုံးရှုံမှုက သာမန်အချိန်တွေထက်ပိုများနိုင်ပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်မှာ သွေးစီးဆင်းမှုကောင်းစေပြီး အင်ဆူလင်စုပ်ယူမှုကောင်းစေဖို့အတွက် ရေဒာတ်ပြည့်ဝအောင် သောက်သုံးဖို့လိုအပ်ပါမယ်။ ရေများများသောက်ဖြစ်အောင်ဂရုစိုက်ပါ။

မကြာခဏသွေးချိုတိုင်းပါ – နွေရာသီမှာ အပူချိန်လွန်ကဲတာနဲ့ အပူရှပ်တာတို့ကြောင့် မောပန်းလွယ်တာ၊ မအီမသာဖြစ်တာ၊ အော့အန်တာ၊ ခေါင်းထဲမှာ ရီဝေဝေဖြစ်တာ နဲ့ ချွေးထွက်လွန်းတာမျိုးတွေဖြစ်နိုင်ပြီး သွေးချိုတက်တဲ့အခါ ဒါမှမဟုတ် သွေးချိုကျတဲ့အခါမှာခံစားရတဲ့လက္ခဏာတွေနဲ့ရောထွေးနိုင်တာကြောင့် မကြာခဏဆိုသလို သွေးချိုတိုင်းပေးပါ။

လေ့ကျင့်ခန်းလုပ်တာကို သတိထားပေးပါ – သွေးချိုကျပြီး ကျန်းမာနေစေဖို့ ဆီးချိုရှိသူတွေမဖြစ်မနေလုပ်တတ်ကြတာ တစ်ခုရှိပါတယ်။ ဒါကတော့ လေ့ကျင့်ခန်းလုပ်တာပါ။ နွေရာသီမှာ လေ့ကျင့်ခန်းမလုပ်ရဘူး၊လို့မဆိုလိုပါဘူး။ ပင်ပင်ပန်းပန်းမလုပ်ဖို့ပဲလိုတာပါ။နေအရမ်းပူနေချိန်မျာ လေ့ကျင့်ခန်းမလုပ်ပါနဲ့။ လေ့ကျင့်ခန်းလုပ်မယ်ဆိုရင် မနက်ခင်း ၁၀ နာရီမတိုင်ခင်နဲ့ ညနေ ၄ နာရီနောက်ပိုင်းမှလုပ်ပေးပါ။ ချွေးအရမ်းထွက်လာမယ်။ နှလုံးခုန်နှုန်းမြန်လာမယ်ဆိုရင် လေ့ကျင့်ခန်း ဆက်မလုပ်သင့်တော့ပါဘူး။ နားပေးပါ။ ပြီးရင်သွေးချိုတိုင်းပေးပါ။

နေလောင်မခံပါနဲ့ – နေလောင်တာက အရေပြားကိုပျက်စီးစေနိုင်သလို ဆီးချိုရှိသူတွေမှာ သွေးချိုထိန်းညှိမှုကို ထိခိုက်စေနိုင်ပါတယ်။ နေလောင်တာကြောင့် အရေပြားမှာရောင်ရမ်းတာဖြစ်စေပြီး သွေးတွင်းသကြားဓာတ်ကိုမြင့်တက်စေနိုင်ပါတယ်။ ဒါကြောင့် နေလောင်ဒဏ်မခံပါနဲ့။ အပြင်ထွက်တိုင်း နေလောင်ကာခရင်မ်လူးပေးပါ။

အာဟာရမျှတအောင်ပြင်ဆင်ပေးပါ – စားသောက်ဖို့ပြင်ဆင်ပေးတဲ့အခါမှာလည်း အဆီများတာ၊ အချိုများတာတွေကိုရှောင်ရပါမယ်။ ဟင်းသီးဟင်းရွက်နဲ့ အသားမျှတအောင်ပြင်ဆင်ပေးပါ။ ထမင်းကိုလျှော့ကျွေးပေးပါ။

အဝတ်အစားဂရုစိုက်ပေးပါ – နွေအပူချိန်နဲ့နေလောင်မှုတွေကို ကာကွယ်ဖို့ နေလောင်ကာခရင်လူးပေးတာအပြင် နောက်ထပ်ဂရုစိုက်ရမှာတစ်ခုက အဝတ်အစားတွေကို ချည်သားပွပွချောင်ချောင်လေးတွေဝတ်ဆင်ပေးဖို့ပါ။ အဝတ်အစားတွေကို လေဝင်လေထွက်ကောင်းတာမျိုးဖြစ်ဖို့လည်း အထူးဂရုပြုပေးပါနော်။

ခြေထောက်ကိုဂရုစိုက်ပေးပါ –  ဆီးချိုသမားတွေက အခြားသူတွေထက်ခြေထောက်ကို ပိုဂရုစိုက်ပေးဖို့လိုပါမယ်။ ဆီးချိုရောဂါက အချိန်ကြာလာနဲ့အမျှ ခြေထောက်က အာရုံကြောလေးတွေထိခိုက်လာပြီး အာရုံခံစားနိုင်စွမ်းနည်းလာပါတယ်။ ဒါကြောင့်နေ့စဉ်ခြေထောက်မှာ ထိခိုက်မိထားတာရှိသလားဆိုတာကို စစ်ဆေးပါ။ ခြေထောက်မှာရေဓာတ်ခမ်းခြောက်ပြီး အသားခြောက်တာကြောင့် ပြဿနာတစ်စုံတရာရှိ၊မရှိစစ်ဆေးပေးပါ။ တကယ်လို့ ခြေထောက်မှာမှိုပိုးဝင်ထားတာမျိုးရှိနေမယ်ဆိုရင် အမြန်ဆုံးကုသမှုခံယူဖို့လိုပါမယ်။ ဖိနပ်ကိုလည်း ကျပ်တာမျိုးတွေမစီးပါနဲ့။ လေဝင်လေထွက်ကောင်းပြီး သက်တောင့်သက်သာရှိမှာမျိုးကို စီစဉ်ပေးပါ။ ဖိနပ်မပါဘဲ လမ်းလျှောက်တာမျိုးမဖြစ်စေဖို့ ဂရုစိုက်ပါ။

ကဲ…….. ပူပြင်းတဲ့နွေရာသီမှာ ဆီးချိုရှိနေတဲ့ မိမိချစ်ခင်ရတဲ့သူတွေကို ဒီနည်းလမ်းလေးတွေနဲ့စောင့်ရှောက်ပေးလိုက်ပါနော်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly