မြန်မာအမျိုးသမီးကို ဝယ်ယူရန် စည်းရုံးသူများနှင့် တရုတ်နိုင်ငံသားကို အရေးယူ

မြန်မာအမျိုးသမီးကို ဝယ်ယူရန် စည်းရုံးသူများနှင့် တရုတ်နိုင်ငံသားကို အရေးယူ
ဓာတ်ပုံ-ရဲဇာနည်

ဧပြီ ၃ ။           ။ ရန်ကုန်တိုင်းဒေသကြီး၊ ဆိပ်ကြီးခနောင်တိုမြို့နယ်တွင်  အသက် ၁၉ နှစ်အရွယ် အမျိုးသမီးတစ်ဦးအား တရုတ်နိုင်ငံသားနှင့်လက်ထပ်ရန် ဝယ်ယူမှုတစ်ခု ဖြစ်ပွားခဲ့ပြီး လက်ထပ်ရန် စည်းရုံးပြောဆိုသူများနှင့် တရုတ်နိုင်ငံသားတစ်ဦးတို့အား အရေးယူထားကြောင်း သိရသည်။

ဖြစ်စဉ်မှာ မတ်လ ၁ ရက်နေ့ ညနေ ၄ နာရီအချိန် ဆိပ်ကြီးခနောင်တိုမြို့နယ်နေ မ××××(၁၉)နှစ်အား တရုတ်နိုင်ငံသားတစ်ဦးက ငွေကျပ်(၄၅)သိန်းဖြင့် ပွဲစားအမျိုးသမီးတစ်ဦးနှင့် ဆက်သွယ်ဝယ်ယူခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ အမှတ်(၆)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု (ရန်ကုန်)မှ သတင်းရရှိခဲ့သည်။

သတင်းအရ မ××××အား သွားရောက်တွေ့ဆုံမေးမြန်းခဲ့ရာ လွန်ခဲ့သော ၅ ရက်ခန့်က လှိုင်သာယာမြို့နယ်၊ (၅) ရပ်ကွက်နေ မနုနုခင်(၃၃)နှစ်က တရုတ်အမျိုးသား ချိရှောင်ချန်း(၃၃)နှစ်(ပတ်စပို့စ်နံပါတ် EE-9755725၊ ဗီဇာနံပါတ် 1A-219954၊ အလည်အပတ်ဗီဇာ၊ သက်တမ်း ၂၃-၃-၂၀၁၉ မှ ၂၂-၄-၂၀၁၉ ထိ) လီလင် မြို့၊ ဟူနန်ပြည်နယ်၊ တရုတ်နိုင်ငံနေသူနှင့် လက်ထပ်ပေါင်းသင်းပါက ငွေကျပ် ၄၅ သိန်းရမည် ဖြစ်ကြောင်း၊တစ်နှစ် ပေါင်းသင်းပြီးပါက မြန်မာနိုင်ငံသို့ ပြန်လာရမည်ဟု ပြောဆိုသဖြင့် စားဝတ်နေရေး အခက်အခဲကြောင့် သဘောတူလက်ခံခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

မတ်လ ၃၀ ရက်နေ့တွင် မနုနုခင်မှ တရုတ်နိုင်ငံသားနှင့် တွေ့ဆုံပေးရန်ခေါ်သဖြင့် ၎င်းမှ မိခင်ဖြစ်သူ ဒေါ်×××× နှင့်အတူ လှိုင်သာယာမြို့နယ်ရှိ စားသောက်ဆိုင်(စိစစ်ဆဲ)သို့ သွားရောက်ခဲ့ကြောင်း၊ အဆိုပါ ဆိုင်၌ တရုတ်နိုင်ငံသား ချိရှောင်ချန်းနှင့်အတူ ကျောက်တံတားမြို့နယ်နေ မစန္ဒာ(၄၈) နှစ်ပါ မ ၃ ဦး လိုက်ပါလာခဲ့သည်ဟု ရဲတပ်ဖွဲ့ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မစန္ဒာဆိုသူနှင့် အတူပါ အမျိုးသမီး ၃ ဦးမှလည်း တရုတ်နိုင်ငံသားနှင့် ပေါင်းသင်းရန် စည်းရုံးပြောဆိုကာ လက်မထပ်မီ ဘုန်းကြီးဆွမ်းကပ်ရန် မစန္ဒာက ငွေကျပ် ၅ သိန်းပေးခဲ့ကြောင်း၊ မတ်လ ၃၁ ရက်တွင် နေအိမ်၌ ဘုန်းကြီးဆွမ်းကပ်၍ တရုတ်နိုင်ငံသားနှင့်အတူ လှိုင်သာယာမြို့နယ်၊(၆)ရပ်ကွက်ရှိ ကြာပန်းတည်းခိုခန်း၌ အတူတည်းခိုနေထိုင်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

လက်ရှိတွင် ချိရှောင်ချန်းနှင့် မနုနုခင် ပါ မ(၄)ဦးတို့အား ဆိပ်ကြီးခနောင်တိုမြို့မရဲစခန်း (ပ) ၇၉/၂၀၁၉၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄/၃၂ ဖြင့် အရေးယူထားကြောင်း သတင်းရရှိသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly