ဧကနည်း လယ်သမားများအတွက် အသေးစားချေးငွေပေးနိုင်ရန် ကန်ဒေါ်လာ ၈ သန်းတန် စာချုပ်ချုပ်

ဧကနည်း လယ်သမားများအတွက် အသေးစားချေးငွေပေးနိုင်ရန် ကန်ဒေါ်လာ ၈ သန်းတန် စာချုပ်ချုပ်
ဓာတ်ပုံ - EPA

ရန်ကုန်၊ ဧပြီလ ၃ ။                   ။ မြန်မာနိုင်ငံရှိ ကျေးလက်နေ ဧကနည်းလယ်သမားများအတွက် အသေးစားချေးငွေ ထောက်ပံ့နိုင်ရန် အမေရိ ကန်ဒေါ်လာ ၈ သန်းတန် ကတိကဝတ်စာချုပ်ကို အမေရိကန်အစိုးရ၏ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဘဏ္ဍာရေး အကူအညီပေးရေးအဖွဲ့အစည်းဖြစ်သော နိုင်ငံရပ်ခြား ရင်းနှီးမြှုပ်မှု ကော်ပိုရေးရှင်း(OPIC) က လက်မှတ် ရေးထိုးလိုက်သည်။

မတ်လ ၃ ရက်နေ့တွင် OPIC က Proximity Designs ၏ အသေးစားချေးငွေလုပ်ငန်းခွဲဖြစ်သော Proximity Finance နှင့် အဆိုပါ အမေရိကန်ဒေါ်လာ ၈ သန်းတန် ကတိကဝတ်စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ် ကြောင်း မြန်မာနိုင်ငံဆိုင်ရာအမေရိကန်သံရုံးမှ သတင်းထုတ်ပြန်ထားသည်။

Proximity Finance မှာ ဧကနည်းလယ်သမားများအတွက် လိုအပ်သောချေးငွေများကို ထုတ်ချေးပေးလျက် ရှိကာ ကျေးလက်နေ ပြည်သူများအတွက်ဝန်ဆောင်မှုပေးနေသော လူမှုရေးအဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း သိရသည်။

“သူတို့အတွက် အတိုးနှုန်းနည်းနည်းနဲ့ ချေးငွေတွေကို တိုးချဲ့ထုတ်ချေးပေးခြင်းအားဖြင့် OPIC ရဲ့ Proximity နဲ့ မိတ်ဖက်လုပ်ဆောင်မှုဟာ ဧကနည်းလယ်သမားများကို သူတို့လယ်တွေ အထွက်တိုး လာအောင် လုပ်ပေး နိုင်သလို သူတို့လုပ်ငန်းကိုလည်း တိုးချဲ့နိုင်လာအောင်လည်း လုပ်ပေးနိုင်မယ်။ ပြီးတော့ သူတို့ရပ်ရွာတွေလည်း စည်ပင်ဝပြောလာစေမယ်”ဟု OPIC ၏ ယာယီဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ် ဒေးဗစ်ဘိုဟီဂျန်က ပြော သည်။

မြန်မာ့လယ်ယာကဏ္ဍတွင် တိုင်းပြည်ရှိစုစုပေါင်း လုပ်သားအင်အား၏ ၆၀ ရာခိုင်နှုန်း ဝင်ရောက်လုပ်ကိုင်လျက် ရှိပြီး လယ်ယာကဏ္ဍထုတ်ကုန်တန်ဖိုးသည် စုစုပေါင်းပြည်တွင်းထုတ်ကုန်တန်ဖိုး (GDP) ၏ ခန့်မှန်းခြေ ၃ဝ ရာခိုင်နှုန်းခန့် ရှိကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထိုသို့ ပြည်တွင်းထုတ်ကုန်တန်ဖိုးမှာ ခန့်မှန်းခြေ ၃ဝ ရာခိုင်နှုန်းခန့်ရှိနေသော်လည်း ကျေးလက်နေပြည်သူတို့ ချေးငွေရရှိရန် အခက်အခဲရှိနေခြင်းကြောင့် လယ်ယာကဏ္ဍတိုးတက်ရေးကို အဟန့်အတားဖြစ်စေပြီး  တရားဝင် ဘဏ္ဍာရေးဝန်ဆောင်မှုများမရရှိခြင်းကြောင့် ချေးငွေရယူသူများမှာ တရားမဝင်ငွေချေးသူများထံမှ အတိုးနှုန်း ကြီးကြီးဖြင့် ချေးယူရခြင်းနှင့် ၎င်းတို့ပိုင်ဆိုင်သော လယ်ယာနှင့် အခြားပိုင်ဆိုင်မှုများကို ပေါင်နှံကာ ချေးငွေရယူ ရခြင်းဖြင့် အရင်းအနှီးများကို ဖန်တီးကြရကြောင်း ယင်းထုတ်ပြန်ချက်က ဆိုသည်။

“လောလောဆယ် တရားဝင်ငွေချေးကဏ္ဍက အပြည့်အဝ ထုတ်ချေးမပေးနိုင်သေးတဲ့ စွန့်ဦးတီထွင် လယ် သမားတွေအတွက် အကြိမ်ရေတစ်သန်းနီးပါးလောက်ကို Proximity Finance ကနေ လာမယ့် ငါးနှစ် အတွင်း မှာ ထုတ်ချေးသွားပါမယ်။ ” ဟု Proximity Finance ၏ အမှုဆောင်အရာရှိချုပ် ဟက်ဗစ် ဆန်းဘာ့ဂ်က ပြောသည်။

 “ဒီလိုလုပ်ဆောင်မှုဟာ OPIC နဲ့ Skoll Foundation တို့အနေနဲ့ ဒီပန်းတိုင်ကို တက်လှမ်းနိုင်ဖို့အတွက် အရေးကြီးတဲ့ ခြေလှမ်းတစ်လှမ်းပါပဲ။ ပြီးတော့ ဒါဟာ ဆန်းသစ်မှုရဲ့ စံနမူနာတစ်ခုဖြစ်ပါတယ်။ ပူးတွဲရင်းနှီးမြှုပ်နှံ မှုဟာ အနာဂတ်မှာ ရင်းနှီးမြှုပ်နှံမှုတွေလုပ်တာမှာ အများကြီးပိုပြီး ထိရောက် လာလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်” ဟု သူက ဆက်ပြောသည်။

ကျေးလက်ကွန်ရက်မှတဆင့် အထူးချေးငွေများကို စိုက်ပျိုးချိန်တွင် ထုတ်ချေးပေးပြီး ရိတ်သိမ်းချိန်တွင် ပြန် လည် ကောက်ယူခြင်းများကိုဆောင်ရွက်လျက်ရှိသော Proximity သည် လက်ရှိတွင် ချေးငွေလိုအပ်နေသော အိမ်ထောင်စု ၁ သိန်းကျော်ကို ဝန်ဆောင်မှုပေးနေပြီး လာမည့်ငါးနှစ်တာကာလတွင် ယင်းပမာဏ၏ နှစ်ဆရှိသော အိမ်ထောင်စုအရေအတွက်ကို ချေးငွေအကြိမ်ရေပေါင်း ၁သန်းနီးပါး ထုတ်ချေးပေးနိုင်ရန် ရည်ရွယ်ထားကြောင်း သိရသည်။
    

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly