ရန်ကုန်တွင် ကျင်းပမည့် ရခိုင်ရိုးရာ ရေသဘင်ပွဲကို ဖျက်သိမ်း

ရန်ကုန်တွင် ကျင်းပမည့် ရခိုင်ရိုးရာ ရေသဘင်ပွဲကို ဖျက်သိမ်း
 ၂၀၁၈ခုနှစ်က ရန်ကုန်မြို့ သုဝဏ္ဏဘောလုံးကွင်းတွင် ကျင်းပခဲ့သော ရခိုင်ရိုးရာသင်္ကြန်

ရန်ကုန်၊ ဧပြီလ ၃ ။               ။ ရန်ကုန်တွင် နှစ်စဉ်နှစ်တိုင်းကျင်းပလာခဲ့သော ရခိုင်ရိုးရာ ရေသဘင်ပွဲတော်ကို ယခုနှစ်တွင်လည်း ကျင်းပရန် စီစဉ်ခဲ့သော်လည်း ဧပြီလ ၃ ရက်နေ့တွင် ပြုလုပ်ခဲ့သော အစည်းအဝေး၏ ဆုံးဖြတ်ချက်အရ  ပြန်လည် ဖျက်သိမ်းလိုက်ကြောင်း ရခိုင်စာပေနှင့် ယဉ်ကျေးမှုအသင်း၏ ဥက္ကဋ္ဌဖြစ်သူ ဒေါ်စောခင်တင့် က မဇ္စျိမသို့ အတည်ပြုပြော သည်။

ရန်ကုန်တွင် ကျင်းပမည့် ရခိုင်ရိုးရာယဉ်ကျေးမှု သင်္ကြန်ပွဲတော်နှင့် ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ မှ  ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူများအပါအဝင် ရခိုင်ရိုးရာယဉ်ကျေးမှု သင်္ကြန်ပွဲတော်(ရန်ကုန်)ကျင်းပရေးဗဟိုကော်မတီအဖွဲ့ဝင်များက ဧပြီလ ၃ ရက်နေ့၊ ရန်ကုန်၊ အနောက် ရွှေဂုံတိုင်လမ်း၊ ရွှေတိဂုံအရှေ့ဘက်မုဒ်ရှိ ရခိုင်ဓမ္မာရုံတွင် အစည်းအဝေးပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။

“ အကြောင်းအရာတွေကတော့ မျိုးစုံပါပဲ။ အဓိကတော့ သင်္ကြန်မှာရေပက်မယ့် မိန်းကလေးတွေက အုပ်ထိန်း သူတွေရဲ့ ခွင့်ပြုချက်မရကြဘူးရှင့်။ ရေပက်မယ့် ကလေးတွေက မရဘူးဆိုတော့ မဏ္ဍပ်အခြေအနေက သိပ် မကောင်းဘူးပေါ့နော်။ နောက် ပါတဲ့ ကလေးတွေရဲ့ လုံခြုံရေးအရလည်း ကျွန်မတို့ လူကြီးတွေအနေနဲ့ အရမ်း ကြီးတာဝန်ကြီးနေလို့။ တစ်ခုခုဖြစ်သွားရင် ထိန်းမနိုင်သိမ်းမရ ဖြစ်ပြီးတော့ အသေးအဖွဲ့ကအစ ဖြစ်သွားရင် အများအအနေနဲ့ ထိခိုက်နစ်နာစရာတွေဖြစ်သွားမယ်။ ဒါတွေကို ကျွန်မတို့ လူကြီးပိုင်းက စဉ်းစားပါတယ်။ တကယ်တော့ ရခိုင်မှာဖြစ်နေတဲ့ ဒေသခံရခိုင်တွေရဲ့ ခံစားနေရတဲ့ စိတ်မချမ်းသာစရာကိစ္စတွေပေါ်မှာလည်း ကျွန်မတို့ ဒီပျော်ပွဲရွှင်ပွဲတွေကို လုပ်ဖို့ရာ အင်အားလည်း ကျွန်မတို့မှာ မရှိပါဘူး။ ဒါကြောင့်မို့လို့ ကျွန်မတို့ ဒီအကြောင်းကြောင့် မျိုးစုံကြောင့်ပေါ့နော် ကျွန်မတို့ ရေလောင်းပွဲကို မလုပ်ဖြစ်ခြင်း ဖြစ်ပါတယ်”ဟု ဒေါ်စောခင်တင့် က ပြောသည်။

ရခိုင်ရိုးရာ ရေသဘင်ပွဲတော် ကျင်းပခြင်းမှ လွဲ၍ ရန်ကုန်တွင် ရခိုင်ရိုးရာ သင်္ကြန်ပွဲတော်ကို နံသာသွေးပွဲနှင့် ဘုရားရေသပ္ပါယ်ပွဲကို ရိုးရာမပျက် နှစ်ရက်ခွဲ ကျင်းပသွားမည်ဖြစ်ပြီး နံသာသွေးပွဲကို ဧပြီလ ၁၂ ရက်နေ့၊ နေ့လည် ၁၂ နာရီမှ ညနေ ၆ နာရီအထိ၊ ရွှေတိဂုံအရှေ့ဘက်မုဒ်ရှိ ရခိုင်ဓမ္မာရုံတွင် ကျင်းပပြုလုပ်သွား မည်ဖြစ်ကြောင်း သိရသည်။

 “ ကျွန်မတို့က ဒီနေ့ ဒီအချိန်မှာတော့ အကြောင်းကြောင့် အရာရာတွေကို ကိုယ့်လူမျိုးအတွက်တောင်မကဘူး ဒါ ပြည်ထောင်စုတစ်ခုအနေနဲ့ ထိခိုက်နစ်နာစရာတွေ မဖြစ်စေချင်ဘူး။ ဒါကြောင့်မို့လို့ ကျွန်မတို့ လူကြီးတွေ အနေနဲ့ ကတော့ ဒါကို မဖြစ်နိုင်ဘူးဆိုပြီးတော့ အကုန်သဘောထားကြီးစွာနဲ့ပဲ အားလုံးဆန္ဒအရ ဒါကို မလုပ်ဖြစ်ဘူးဆိုပြီးတော့ ဆုံးဖြတ်လိုက်တာပါ”ဟု ရခိုင်စာပေနှင့် ယဉ်ကျေးမှုအသင်း၏ ဥက္ကဋ္ဌဖြစ်သူ ဒေါ်စောခင်တင့် က ပြောသည်။

ယခု ဖျက်သိမ်းလိုက်သည့် ရခိုင်ရိုးရာ ရေသဘင်ပွဲတော်ကို ကနဦးက ကျင်းပရန်စီစဉ်ထားပြီး ရန်ကုန်မြို့၊ သုဝဏ္ဏအားကစားကွင်းတွင် ကျင်းပရန် ခွင့်ပြုချက်ရထားပြီးဖြစ်သည်။

၂၀၁၈ခုနှစ်က ၁၅ ကြိမ်မြောက် ရခိုင်ရိုးရာယဉ်ကျေးမှု သင်္ကြန်ပွဲတော် ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်ရှိ သုဝဏ္ဏအားကစားကွင်း၌ကျင်းပခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly