လိမ်လည်တိုင်ကြားခဲ့သော အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီ၏ အုပ်ချုပ်မှု ဒါရိုက်တာကို အဂတိ လိုက်စားမှုဖြင့် အမှုဖွင့်အရေးယူ

လိမ်လည်တိုင်ကြားခဲ့သော အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီ၏ အုပ်ချုပ်မှု ဒါရိုက်တာကို အဂတိ လိုက်စားမှုဖြင့် အမှုဖွင့်အရေးယူ

ရန်ကုန် ၊ ဧပြီ ၃ ။           ။ ရမည်းသည်းမြို့နယ် မိုးထိမိုးမိဒေသရှိ အကြီးစား ရွှေလုပ်ကွက်များ၌ တာဝန်ကျနေသည့် ဝန်ထမ်းများကို အဂတိလိုက်စားမှုဖြင့် အရေးယူပေးရန် လိမ်လည်တိုင်ကြားခဲ့သည့် အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီ၏ အုပ်ချုပ်မှုဒါရိုက်တာ အပါအဝင် သုံးဦးအား အမှုဖွင့်အရေးယူထားသည်ဟု အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က ဧပြီ ၃ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

 နိုင်ငံ့ဝန်ထမ်းများအား တမင်နစ်နာစေရန် ရည်ရွယ်ချက်ရှိရှိဖြင့် အချိန်ယူစီစဉ်ခဲ့ပြီး မမှန်မကန်တိုင်ကြားကြောင်း လုံလောက်သည့် အထောက်အထားများ စိစစ်တွေ့ရှိရခြင်းကြောင့် ဦးထွန်းအောင်စိုး ၊ ဦးမျိုးအောင် နှင့် ဦးဆန်နီတို့အား အရေးယူရခြင်းဖြစ်သည်ဟု ကော်မရှင်ကထုတ်ပြန်ထားသည်။

 မိုးထိမိုးမိဒေသရှိ အကြီးစားရွှေလုပ်ကွက်များ၌ တာဝန်ကျဝန်ထမ်းများသည် အဂတိလိုက်စားပြီး  တရားမဝင် ရွှေတူးဖော်သူများ နှင့် ပူးပေါင်းနေသည်ဟု ဦးထွန်းအောင်စိုးက တိုင်ကြားခဲ့ခြင်းဖြစ်သည်။

 ယင်းသို့တိုင်ကြားချက်ကြောင့် ကော်မရှင်မှ စစ်ဆေးခဲ့ရာတွင် ဦးထွန်းအောင်စိုး ၊ ဦးမျိုးအောင်နှင့် ဦးဆန်နီ တို့သည် သက်သေများအား လိမ်လည်ထွက်ဆိုပေးရန် သင်ကြားပေးခြင်း ၊ မမှန်မကန်သော အချက် အလက် များကို ရေးသား တိုင်ကြားစေရန် စီစဉ် ဆောင်ရွက်ခဲ့ခြင်း ၊ နိုင်ငံ့ဝန်ထမ်းများက ငွေကြေးများရယူပြီး တရား မဝင် ရွှေခိုးတူးခွင့်ပြုကြောင်း၊ ရွှေခိုးတူးသူများအား လာဘ်ငွေရယူ၍ ပြန်လွှတ်ခဲ့သည်ဟု မမှန်မကန် စွပ်စွဲ တိုင်ကြားစာများ ပေးပို့ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ခြင်းလည်း ဖြစ်သည်။

 ထို့ကြောင့် အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီ၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးထွန်းအောင်စိုးအပေါ် အဂတိ လိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၉ ဖြင့် လည်းကောင်း၊ မမှန်မကန် တိုင်ကြားရာတွင် အားပေးကူညီ ခဲ့သည့် ဦးမျိုးအောင်နှင့် ဦးဆန်နီတို့အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၉/၆၃ ဖြင့်  လည်းကောင်း နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိ မြို့မရဲစခန်းတွင် အမှုဖွင့် တိုင်ကြားခဲ့ပြီး တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်နေသည်ဟု ကော်မရှင်က ထုတ်ပြန်ထားသည်။

 အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၉ အရ ထောင်ဒဏ် ၅ နှစ် ချမှတ်နိုင်သည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။

 အမျိုးသား ကြီးပွားတိုးတက်ရေးကုမ္ပဏီသည် ရမည်းသင်း မိုးထိမိုးမိဒေသရှိ ရွှေလုပ်ကွက်များ၌ လုပ်ကိုင်ခဲ့  ဖူးသည့် ကုမ္ပဏီဖြစ်ပြီး နိုင်ငံတော်အား ကြွေးကျန်များ ပေးသွင်းရန်ကျန်ရှိသောကြောင့် နာမည်ပျက်စာရင်း သွင်းခံရသည့် ကုမ္ပဏီဖြစ်သည်။

 ယင်းကုမ္ပဏီ၏ ဥက္ကဋ္ဌ ဦးစိုးထွန်းရှိန်သည် သရုပ်ဆောင် ချမ်းမီမီကို နှင့် လက်ထပ်ခဲ့ပြီးနောက် ပျားရည် ဆမ်းခရီးကို လကမ္ဘာသို့ သွားရောက်မည်ဟု ပြောဆိုခဲ့ခြင်းကြောင့် လူအများအကြား ပြောစရာ တစ်ခုဖြစ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required