ONE: A New Era ပြိုင်ပွဲမှ မမေ့နိုင်ဖွယ်ရာ ဖြစ်ရပ် ၅ ခု

ONE: A New Era ပြိုင်ပွဲမှ မမေ့နိုင်ဖွယ်ရာ ဖြစ်ရပ် ၅ ခု

ONE Championship သမိုင်းတစ်လျှောက် အကြီးကျယ် အခမ်းနားဆုံး ပြိုင်ပွဲကြီး ဖြစ်သည့် ONE:A New Era ပြိုင်ပွဲကို ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် မတ် ၃၁ ရက်က ကျင်းပပြုလုပ် ခဲ့သည်။ ဂျပန် နိုင်ငံတွင် ပထမဆုံး ကျင်းပပြုလုပ်သည့် အဆိုပါ ONE Championship ပြိုင်ပွဲတွင် ကမ္ဘာ့ချန်ပီယံ စိန်ခေါ်ပွဲ ၄ ပွဲ အပါအဝင် ပွဲစဉ်ပေါင်း ၁၅ ပွဲ အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ကြသည်။ ယင်းပွဲစဉ်များ အနက်မှ မမေ့နိုင်ဖွယ်ရာ ထူးခြားဖြစ်ရပ်
 ၅ ခုကို ရွေးချယ်စုစည်း ဖော်ပြလိုက်ရပါသည်။

(၁) ဂျပန်မြေတွင် တစ်ကျော့ပြန် ချန်ပီယံဖြစ်သည့် အိမ်ရှင်နိုင်ငံသား

ONE:A New Era ပြိုင်ပွဲ၏ အဓိကတွဲဆိုင်းဖြစ်သော လိုက်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံစိန်ခေါ်ပွဲတွင် လက်ရှိချန်ပီယံ Eduard Folayang ကို စိန်ခေါ်သူ အိမ်ရှင်နိုင်ငံသား Shinya Aoki က ပထမအချီတွင်ပင် မြေပြင်ချုပ်ကွက်ဖြင့် အနိုင်ယူခဲ့ခြင်းသည် ပြိုင်ပွဲတစ်ခုလုံး၏ မမေ့နိုင်ဖွယ်ရာ အခိုက်အတန့်တစ်ခုဖြစ်သည်။ Folayang နှင့် Aoki သည် ပွဲစကတည်းက အကြိတ်အနယ် ရဲရဲတင်းတင်း ဝင်တိုး ကစားခဲ့ကြပြီး ပွဲချိန် ၂ မိနစ် ၃၄ စက္ကန့်တွင် Aoki က Arm-triangle လက်မောင်းချုပ်ကွက်ဖြင့် Folayang ၏ လည်ပင်းကို မိမိရရ ချုပ်နိုင်ခဲ့သောကြောင့် အနိုင်ရရှိ ခဲ့ခြင်းဖြစ်သည်။ ယင်းပွဲအနိုင်ရလဒ်ကြောင့် Aoki သည် ONE ၏ လိုက်ဝိတ်တန်း ချန်ပီယံဘွဲ့ကို Folayang ထံမှ လွှဲပြောင်းရယူ နိုင်ခဲ့သည်။

Aoki သည် အဆိုပါ ချန်ပီယံ ခါးပတ်ကို ယခင်က တစ်ကြိမ်ရရှိခဲ့ဖူးသဖြင့် တစ်ကျော့ပြန် ချန်ပီယံဖြစ်ခြင်း ဟုလည်း ဆိုနိုင်သည်။ Aoki သည် ၂ဝ၁၃ ဧပြီက တောင်ကိုရီးယား နိုင်ငံသား Kotetsu Boku ကို အနိုင်ယူကာ လိုင်ဝိတ်တန်း ချန်ပီယံဆုကို ရရှိခဲ့ဖူးသည်။ ၎င်းသည် ယင်းချန်ပီယံဆုကို နှစ်ကြိမ်တိုင်တိုင် ကာကွယ်နိုင်ခဲ့ပြီး ၃ နှစ်ကျော် (ရက်ပေါင်း ၁၃၁၆ ရက်) ထိန်းသိမ်းနိုင် ခဲ့သည်။ သို့သော် ယခု ၎င်းအနိုင်ယူလိုက်သည့် Foalyang က ၂ဝ၁၆ နိုဝင်ဘာတွင် ၎င်းကို ဒိုင်ပွဲရပ်ဖြင့် အနိုင်ယူကာ ချန်ပီယံဘွဲ့ကို လုယူသွားခဲ့သည်။ ထို့ကြောင့် ယခုနိုင်ပွဲသည် Aoki အတွက် လွန်ခဲ့သော သုံးနှစ်က ကလဲ့စားကို ပြန်ချေနိုင်ခဲ့ခြင်းလည်း ဖြစ်သည်။

(၂) ချန်ပီယံ ခါးပတ်ကို လက်ခံရယူရန် ငြင်းဆန်ခဲ့သူ

ONE: A New Era ပြိုင်ပွဲကြီး၏ ကမ္ဘာ့ချန်ပီယံ စိန်ခေါ်ပွဲ ၄ ပွဲအနက် ၁ ပွဲဖြစ်သော ဘန်တန်ဝိတ်တန်း ချန်ပီယံ Kevin Belingon ကို ယခင် ချန်ပီယံဟောင် Bibiano Fernandes က စိန်ခေါ် ထိုးသတ်သည့် ပွဲစဉ်သည် မမေ့နိုင်ဖွယ်ရာအခိုက်အတန့် တစ်ခုဖြစ်ခဲ့သည်။ ယင်းပွဲစဉ်တွင် Belingon သည် ပွဲအစကတည်းက Fernandes ကို အပြန်အလှန် ကစားခဲ့ပြီး ၎င်း၏ နောက်ပြန်ကန်ချက်များက fernandes ကို များစွာ ဒုက္ခပေးနိုင်ခဲ့သည်။ သို့သော် တတိယအချီတွင် Fernandes က Belingon ကို မြေပေါ်တွင် လှဲချဖမ်းချုပ်ထားစဉ် fernandes ၏ ဦးခေါင်း နောက်ပိုင်းကို Belingon က နှစ်ကြိမ်တိုင်တိုင် တံတောင်ဖြင့် ထောင်းခဲ့သောကြောင့် ဒိုင်လူကြီးက ပြစ်ဒဏ် သတ်မှတ်ပြီးပွဲကို ဆိုင်းငံ့ခဲ့သည်။

ဆေးအဖွဲ့က Fernandes ကို စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးနောက် ဆက်ကစားရန် မဖြစ်နိုင်တော့ဟု တင်ပြခဲ့သဖြင့် ပွဲရပ်နားရန် ဆုံးဖြတ်ခဲ့သည်။ သို့သော် လက်ရှိချန်ပီယံ Belingon သည် ကြိုးဝိုင်းအတွင်း ပြိုင်ဘက်ကို ဆက်မကစားနိုင်တော့သည်အထိ ပြစ်ဒဏ် ကျူးလွန်ခဲ့သဖြင့် ချန်ပီယံ ခါးပတ်ကို ဆက်လက်ထိန်းသိမ်းရန် အရည်အချင်းမမီဟု သတ်မှတ်ခံခဲ့ရသည်။ ထို့ကြောင့် စိန်ခေါ်သူ Fernandes ကို ချန်ပီယံခါးပတ် လွှဲပြောင်းပေးအပ်ခဲ့ရာ ၎င်းကလည်း ၎င်း၏အစွမ်းအစဖြင့် အနိုင်ရခဲ့သည့် ခါးပတ်မဟုတ်သဖြင့် လက်ခံရယူရန် ငြင်းဆန်ခဲ့သည်။ ထို့ကြောင့် ၎င်းတို့နှစ်ဦး ပြန်လည်ထိုးသတ်မည့် မကျေပွဲစဉ်ကို စီစဉ်ပေးသွားမည် ဖြစ်ကြောင်း ONE က ထုတ်ပြန် ကြေညာခဲ့သည်။

(၃) မာကျောမှုဂုဏ်ပြပြီး ချန်ပီယံဘွဲ့ကို ကာကွယ်ခဲ့သူ Xiong

ပြိုင်ပွဲတစ်ခုလုံးတွင် ပရိသတ်စိတ်ဝင်စားမှု အမြင့်ဆုံးပွဲစဉ်တစ်ခု အဖြစ် သတ်မှတ်ခံရသည့် အမျိုးသမီး စတောဝိတ်တန်း ကမ္ဘာ့ချန်ပီယံ စိန်ခေါ်ပွဲတွင် လက်ရှိချန်ပီယံ Xiong Jing Nan က ဝိတ်တန်းတက် စိန်ခေါ်သူ အက်တမ်ဝိတ်တန်း ချန်ပီယံ Angela Lee ကို အလဲထိုးကာ ချန်ပီယံဘွဲ့ကို ကာကွယ်သွားသည့် ပွဲစဉ်ကလည်း မမေ့နိုင်ဖွယ်ရာ အခိုက်အတန့် တစ်ခုဖြစ်သည်။ ယင်းပွဲစဉ်သည် ONE တွင် တစ်ကြိမ်တစ်ခါမှ ရှုံးပွဲမရှိသေးသည့် ချန်ပီယံနှစ်ယောက် ထိပ်တိုက်တွေ့သည့် ပွဲစဉ် ဖြစ်သလို အမျိုးသမီး ဝိတ်တန်း နှစ်ခုလုံး၏ ချန်ပီယံ ပေါ်ထွက်လာနိုင်ချေ ရှိသည့် ပွဲလည်း ဖြစ်သဖြင့် ပရိသတ်များ အထူး စိတ်ဝင်စား ကြခြင်း ဖြစ်သည်။

အဆိုပါ ပွဲစဉ်တွင် ပွဲစသည်နှင့် Lee က ၎င်း၏ လက်သီးလုံးများဖြင့် တရစပ် တိုက်စစ်ဆင် ခဲ့သလို Xiong ကလည်း တန်ပြန် တိုက်စစ်ဖြင့် ကစားရင်း တစ်ချက်တစ်ချက် ကျွွံဝင်လာသည့် Lee ကို အမိအရ ပြန်လည် ထိုးနှက်နိုင်ခဲ့သည်။ Lee က Xiong ကို မြေပေါ်သို့ အကြိမ်ကြိမ် လှဲချပြီး အပိုင်ချုပ်နိုင်ရန် ကြိုးစားခဲ့သော်လည်း Xiong က စိတ်ရှည်ရှည်ဖြင့် တောက်လျှောက် ခုခံကာကွယ် နေခဲ့သည်။ စတုတ္တ အချီပြီးခါနီးတွင် Xiong ရှုံးလုနီးပါး ဖြစ်သွားသေးသော်လည်း အချိန်ပြည့်သည်အထိ အသည်းမာမာဖြင့် ဆက်လက်တောင့်ခံနိုင် ခဲ့သည်။ စတုတ္တအချီ ၁ မိနစ် ၃၇ စက္ကန့်တွင် သက်လုံကျနေသော Lee ကို Xiong က အားကောင်းသော လက်သီးချက် များဖြင့် ဆက်တိုက် ထိုးနှက်ပြီး ဒိုင်ပွဲရပ်ဖြင့် အနိုင်ယူခဲ့ခြင်း ဖြစ်သည်။

(၄) ပြိုင်ဘက် ပရိသတ်ရှေ့တွင် ပွဲသိမ်းပိုမြန်ခဲ့သည့် ချန်ပီယံ

ကမ္ဘာ့ချန်ပီယံ စိန်ခေါ်ပွဲ လေးပွဲအနက် နောက်ဆုံးကျန်သည့် တစ်ပွဲဖြစ်သော မစ်ဒယ်ဝိတ်နှင့် လိုက်ဟဲဗီးဝိတ်တန်း ချန်ပီယံ အောင်လအန်ဆန်ကို အိမ်ရှင် ဂျပန်နိုင်ငံသား Ken Hasegawa က စိန်ခေါ်သည့် ပွဲစဉ်ကလည်း မမေ့နိုင်ဖွယ်ရာ အခိုက်အတန့် တစ်ခု ဖြစ်သည်။ အဆိုပါ ပွဲစဉ်တွင် မြန်မာ စပါးအုံး အောင်လ သည် ပွဲစကတည်းက ပြိုင်ဘက်ကို အားကောင်းသည့် ညာခြေကန်ချက် များဖြင့် ဆက်တိုက် တိုက်စစ်ဆင် ခဲ့သော်လည်း Hasegawa သည် အံ့သြဖွယ် ကောင်းလောက်အောင် ကန်ချက်များကို တောင့်ခံ နိုင်ခဲ့ကြောင်း တွေ့ရသည်။ ပထမ အချီ တစ်ခုလုံး အပြန်အလှန် တိုက်စစ်ဆင် ကစားခဲ့ကြပြီး ဒုတိယ အချီတွင် Hasegawa က ပို၍ အဝင်အထွက် ရဲလာခဲ့သည်။ ယင်းအချက် ကပင် သူ့ကို ပွဲသိမ်းစေမည့် အခွင့်အရေး ပြိုင်ဘက်ကို ပေးခဲ့ခြင်း ဖြစ်ပြီး ပွဲချိန် ၄ မိနစ် ၄၁ စက္ကန့်တွင် ရဲရဲတင်းတင်း ဝင်လာသည့် Hasegawa ၏ မျက်နှာကို အောင်လ အန်ဆန်က ညာဖြောင့်လက်သီး ပြင်းပြင်း တစ်လုံး ထိထိမိမိ ထိုးနှက်ကာ လဲကျသွားစေခဲ့သည်။ ယင်းနောက်တွင် အပေါ်စီးမှ ဖိထိုးကာ ဒိုင်ပွဲရပ်ဖြင့် အနိုင်ရခဲ့ခြင်း ဖြစ်သည်။

၎င်းတို့နှစ်ဦးသည် ယခင်ကလည်း တစ်ကြိမ် ဆုံတွေ့ခဲ့ကြဖူးသူများ ဖြစ်ပြီး အောင်လအန်ဆန်သည် ကိုယ့်မြေ ကိုယ့်ပရိသတ် ရှေ့တွင် ရင်ဆိုင်ခဲ့ရခြင်း ဖြစ်သည်။ သို့သော် ထိုစဉ်က ပဥ္စမအချီထိ နှစ်ယောက်စလုံး အလဲအကွဲ ထိုးကြိတ် တိုက်ခိုက်ခဲ့ရပြီး နောက်ဆုံး အချီတွင်မှ အောင်လအန်ဆန်က ဒိုင်ပွဲရပ်ဖြင့် အနိုင်ရခဲ့ခြင်း ဖြစ်သည်။ ယခုတစ်ကြိမ် ဂျပန်မြေတွင် ပြိုင်ဘက်၏ ပရိသတ်များ ရှေ့တွင် ရင်ဆိုင်ရမည် ဖြစ်သဖြင့် အောင်လအန်ဆန် အတွက် ပိုမိုခက်ခဲသော ပွဲစဉ်တစ်ပွဲ ဖြစ်လာလိမ့်မည်ဟု သုံးသပ်သူများက ခန့်မှန်းထားကြစဉ်တွင် မထင်မှတ်ဘဲ မြန်မြန်ဆန်ဆန် ပွဲသိမ်းနိုင်ခဲ့ခြင်း ဖြစ်သည်။

(၅) ပွဲဦးထွက်တွင် အလဲထိုးခံလိုက်ရသည့် UFC ချန်ပီယံဟောင်း

A New Era ပြိုင်ပွဲ၏ ထူးခြားချက်များ ထဲမှ တစ်ခုမှာ UFC ပြိုင်ပွဲ၏ ချန်ပီယံဟောင်း နှစ်ဦး ပထမဆုံး ပွဲဦးထွက်ပြိုင်ပွဲများ စတင် ယှဉ်ပြိုင်ခဲ့ကြခြင်း ဖြစ်သည်။ ယင်းပွဲစဉ် နှစ်ပွဲတွင် ဖလိုင်းဝိတ်တန်း ချန်ပီယံဟောင်း
Demetrious Johnson က ၎င်း၏ ပွဲဦးထွက်ပွဲကို အနိုင်ရခဲ့သော်လည်း လိုက်ဝိတ်တန်း ချန်ပီယံဟောင်း Eddie Alvarez က ရုရှား ကစားသမား Timofey Nastyukhin ကို ရှုံးနိမ့်ခဲ့ခြင်းသည် မမေ့နိုင်ဖွယ်ရာ အခိုက်အတန့် တစ်ခု ဖြစ်ခဲ့သည်။ UFC တွင်သာမက Bellator တွင်ပါ ချန်ပီယံ ဖြစ်ဖူးသူ Alvarez သည် ONE တွင် အလယ်အလတ် အဆင့်သာ ရှိသည့် Nastyukhin ကို ရှုံးနိမ့်ခဲ့ခြင်းမှာ အံ့သြဖွယ် ရလဒ်တစ်ခု ဖြစ်ခဲ့သည်။

အဆိုပါ ပွဲစဉ်တွင် Nastyukhinသည် ပွဲစကတည်းက ပြိုင်ဘက်ကို ရှိန်မနေဘဲ ရဲရဲတင်းတင်း အဝင်အထွက် လုပ်ပြီး တွဲလုံးများဖြင့် တိုက်စစ်ဆင်ခဲ့သည်။ အထူးသဖြင့် ၎င်း၏ ညာဖြောင့် လက်သီးများက Alvarez ကို ကောင်းစွာ ဒုက္ခပေးခဲ့ပြီး Alvarez ၏ တန်ပြန် လက်သီးများကလည်း Nastyukhin အတွက် အန္တရာယ် မရှိသလောက် ဖြစ်နေသဖြင့်  ပွဲချိန် ကြာလာလေလေ သူ့ကို ပိုပြီး စိုးမိုးနိုင်လာ လေလေ ဖြစ်စေခဲ့သည်။ တစ်ချက်တွင် Nastyukhin ထိုးလိုက်သော ဝိုက်လက်သီး တစ်လုံးက Alvarez ၏ နားထင်ကို ထိထိမိမိ ထိုးနိုင်ခဲ့သဖြင့် ယိုင်ထွက်သွားကာ ကြိုးဝိုင်းထောင့်နားကပ်သွားစေ ခဲ့သည်။ Nastyukhin ကလည်း ပြိုင်ဘက်၏ အခြေအနေ မဟန်တော့ကြောင်း ရိပ်မိသွား သဖြင့် အတင်းဝင်ပြီး ဖိထိုးရာ ပထမအချီ ပွဲချိန် ၄ မိနစ် ၅ စက္ကန့်တွင်ပင် ဒိုင်ပွဲရပ်ဖြင့် အနိုင်ရရှိ သွားခဲ့ခြင်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly