အဖွဲ့အားလုံးမပါတဲ့ငြိမ်းချမ်းရေး တကယ်ခိုင်မာမှာလား

အဖွဲ့အားလုံးမပါတဲ့ငြိမ်းချမ်းရေး တကယ်ခိုင်မာမှာလား

ချင်းမိုင်၊ အောက်တိုဘာ ၄။ ။ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ် မူကြမ်း(NCA)ကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အားလုံး ပါဝင်ရေး ကြိုးပမ်းမှုကို အစိုးရဘက်က မလိုက်လျောတာကြောင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၁၀ဖွဲ့က လက်မှတ်ထိုးရန် သဘောမတူသေးပေ။ အဖွဲ့ ၇ ဖွဲ့ကမူ အောက်တိုဘာ ၁၅ရက်တွင် လက်မှတ်ထိုးတော့မည်ဟု အောက်တိုဘာ ၄ရက်က ဆုံးဖြတ်လိုက်ပြီဖြစ်သည်။

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အများစု မထိုးဘဲ အဖွဲ့အချို့သာ လက်မှတ်ထိုးသည်နှင့် ပတ်သက်ပြီး မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် အလားလာအကြောင်း ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ၏ ဒုဥက္ကဌ နိုင်ဟံသာကို မဇ္ဈိမက ဆက်သွယ်မေးမြန်းထားသည်။

မေး။ ။ NCA ကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အားလုံး ပါဝင် လက်မှတ် မထိုးသေးဘူးဆို ဘယ်လို NCA မျိုးဖြစ်တယ်လို့ ပြောလို့ရမလဲ။

ဖြေ။ ။ NCAက N ကNatiowide ဖြစ်တာဆိုတော့ Natiowide မဟုတ်တော့ဘူး။ တစ်ပိုင်းတစ်စပဲ ဖြစ်သွားမယ်။ အဲဒါကို တပိုင်းတစနဲ့ လုပ်မယ်ဆိုရင်တော့ တပိုင်းတစပေါ့။

မေး။ ။ အခုလို နှစ်ဖွဲ့ ခွဲသွားတာ အဓိက ဘာကြောင့် လို့ပြောနိုင်မှာလဲ။

ဖြေ။ ။ နှစ်ဖွဲ့ကွဲသွားတာက သူတို့ ကိုယ်ပိုင် အမြင်သဘောထားကြောင့်ပေ့ါ။ ချဉ်းကပ်မှုမျိုးမတူပေါ့လေ။

မေး။ ။ အခု ဖြစ်နေတာက အရင်က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့လို NDF လိုမျိုး ဖြစ်မနေဘူးလား။

ဖြေ။ ။ ဘာဘဲပြောပြော လက်မှတ်ထိုးမယ့် အဖွဲ့က အနည်းစုပါ။ အဲဒီ ထိုးသွားတဲ့အဖွဲ့ကလည်း တဖက်က သူတို့ အများပါဝင်လာနိုင်ရေးကို သူတို့ ဘယ်လောက် ကြိုးစားဦးမယ်ဆိုတဲ့အပေါ်မှာလည်း မူတည်ပါတယ်။ အစိုးရလည်း ရသလောက်နဲ့ပဲ လုပ်သွားမယ်။ ကျန်တဲ့အဖွဲ့တွေကို မဖိတ်ခေါ်တော့ဘူး။ အားလုံးပါဝင်နိုင်ရေး မကြိုးပမ်းတော့ဘူးဆိုရင်တော့ ဒါက ငြိမ်းချမ်းရေးက အဖြေကောင်းထွက်မှာ မဟုတ်ဘူး။ တပိုင်းတစနဲ့ဘဲ နောက်ဆုံးကတော့ ပြန်ပျက်သွားမှာပါ”

မေး။ ။ နှစ်ပေါင်း ၆၀ ကျော် ၇၀ လောက်ထိ ငြိမ်းချမ်းရေး မရသေးတာဟာ ဘာကြောင့်လဲ။

ဖြေ။ ။ အရင်းအရင်တုန်းက အစိုးရလည်း ငြိမ်းချမ်းရေးကို တည်ဆောင်ပါတယ်။ ပြောမယ်ဆိုရင် ၁၉၅၈ ခုမှ တခါ ငြိမ်းချမ်းရေးတည်ဆောက်ခဲ့ဖူးတယ်။ အဲဒီတုန်းက လက်နက်နဲ့ ဒီမိုကရေစီ လဲလှယ်ရေး၊ တချို့အဖွဲ့က လက်ခံလိုက်ပြီးပြီ။ ဒါပေမဲ့ နောက်ပိုင်း လွှတ်တော်ထဲမှာ နိုင်ငံရေးအရ တောင်းဆိုလိုက်တော့ စစ်တပ်ကနေ အာဏာသိမ်းသွားလိုက်တယ်။ နောက် ဗိုလ်ချုပ်နေဝင်းလက်ထက်မှာလည်း ငြိမ်းချမ်းရေးခေါ်ခဲ့တယ်။ ဒါပေမဲ့ လက်နက်နဲ့ ငြိမ်းချမ်းရေးလဲလှယ်ရေးဆိုပြီးတော့မှ လက်နက်သိမ်းဖို့ပဲ ကြံတယ်။ နောက် နဝတ၊ နအဖ ခေတ်မှာ ပြောမယ်ဆိုရင်လည်း ကျယ်ပြန်တဲ့ အပစ်အခတ် ရပ်စဲရေတွေ လုပ်ခဲ့တယ်။ လူထုကနေ ရွေးချယ်ပြီး ရွေးကောက်ပွဲကနေ တက်လာတဲ့ အစိုးရတက်လာရင် နိုင်ငံရေးဆွေးနွေးမယ်လို့ ကတိလည်း ပေးထားတယ်။ ဒါပေမဲ့ အချိန်ဆွဲလာရင် ဆွဲလာရင်းနဲ့ အဲဒီကြားထဲမှာ တစ်ချို့အဖွဲ့တွေကို လက်နက်သိမ်းခဲ့တာ ရှိပါတယ်။ နောက်ဆုံးမှာတော့ သူတို့ ရွေးကောက်ပွဲနီးလာတော့ နယ်ခြားစောင့်တပ်၊ ပြည်သူ့စစ်အတင်းကို လက်ခံဖို့ တွန်းလာတယ်။ လက်မခံရင် တိုက်မယ်လို့ အကြပ်ကိုင်လာတဲ့ အနအေထားမျိုးဖြစ်တယ်။ နိုင်ငံရေးအရ မဆွေးနွေးဘူး။ အဲတော့ ဒီလို မမှန်မကန်တဲ့နည်းနဲ့ကြီးပဲ ဖြေရှင်းလာတဲ့အတွက်ကြောင့် ကျွန်တော်တို့နိုင်ငံ မအေးချမ်းခဲ့ဘူး။ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို မတည်ဆောက်နိုင်ခဲ့ဘူး။ ဒါတွေကို ကြည့်ပြီးတော့ ဒီအချိန်မှာ စစ်မှန်တဲ့နည်းနဲ့ ဖြေရှင်းစေချင်တယ်”

မေး။ ။ လက်ရှိ တဖက်မှာ အစိုးရက ငြိမ်းချမ်းရေး လုပ်နေတယ်။ တဖက်မှာ တိုင်းရင်းသားဒေသတွေမှာ တိုက်ပွဲတွေ ဖြစ်နေတယ်။ အဲဒီအပေါ်မှာ ငြိမ်းချမ်းရေးအတွက် ထိခိုက်နိုင်မလား။

ဖြေ။ ။ တဖက်က ငြိမ်းချမ်းရေးတည်ဆောက်ချင်ပါတယ်လို့ ပြောပြီးတော့ ထိုးစစ်တွေကို နေရာအနှံ့ လုပ်နေတာတွေ့နေတယ်။ တချို့အချိန်မှာ ဆွေးနွေးဖို့ပြင်ဆင်လာတာနဲ့ ထိုးစစ်တွေက တက်လာတယ်။ အဲဒီလို အနေအထားတွေ မြင်နေရတယ်လေ။ ဒါတွေက ရိုးသားမှန်ကန်တဲ့ စေတနာမျိုးနဲ့ ငြိမ်းချမ်းရေးကို တည်ဆောက်နေပါတယ်ဆိုတဲ့ဟန် ပုံစံမျိုးမဟုတ်တော့ဘူး။ တဖက်က လက်နဲ့ရေးပြီးတော့ တဖက်က ခြေနဲ့ဖျက်နေတယ်ဆိုတဲ့ ပုံစံမျိုးလို ဖြစ်နေတယ်လို့မြင်တယ်။

မေး။ ။ တခြား ဘာများ ထပ်ဖြည့် ပြောချင်သေးလဲ။

ဖြေ။ ။ ဒီကနေ့ ဒီကာလ သမ္မတ ဦးသိန်းစိန်လက်ထက်မှာ ဒီတစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး နောက်နိုင်ငံရေးပြဿနာကို နိုင်ငံရေးအရ ဆွေးနွေးဖြေရှင်းရေးဆိုတဲ့ဟာကို ကျယ်ကျယ်ပြန့်ပြန့် လုပ်လာတယ်။ လူထုတွေကိုလည်း အသိပေးပြီးတော့လုပ်လာတယ်။ နိုင်ငံတကာကိုလည်း အသိပေးပြီးတော့မှ အားပေးမှု အမျိုးမျိုးကြားမှာ လုပ်လာတယ်။ လုပ်လာတဲ့အနေအထားမျိုးမှာ တဖက်ကလည်း အဖွဲ့အစည်း တော်တော်များများနဲ့ ဆွေးနွေးပြီးပြီး အန်စီအေကိုလည်း အများစုကလည်း နားလည်မှုသဘောတူညီမှုတွေ ရထားပြီဆိုတော့ ဒီရထားတဲ့ နားလည်မှု၊ သဘောတူညီမှုတွေကို ဒီကျန်နေတဲ့အပိုင်းလေးတွေကို ကျနော်တို့က အကောင်းဆုံး ပြင်ဆင်ဖြည့်စွက်ပြီးတော့တကယ့် မှန်ကန်တဲ့ ပြဿနာကို ဖြေရှင်းပြီးတော့မှ ခိုင်မာတဲ့ ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်ဖို့ အဲဒီလို သွားစေချင်တယ်။ ရသလောက် အနည်းစုနဲ့ လုပ်သွားမယ်ဆိုရင် ဒါက ဘယ်လိုမှ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုတာလည်း ဖြစ်နိုင်မှာ မဟုတ်ဘူး။ စစ်မှန်ပြီး ခိုင်မာတဲ့ ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မှာ မဟုတ်ဘူးလို့ မြင်တယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly