မြိတ်နှင့်ကျွန်းစုတွင် ကကတစ်ရေငန်ငါး မွေးမြူသူများလာ၍ ငါးသားပေါက်လုံလောက်မှုမရှိတော့

မြိတ်နှင့်ကျွန်းစုတွင် ကကတစ်ရေငန်ငါး မွေးမြူသူများလာ၍ ငါးသားပေါက်လုံလောက်မှုမရှိတော့

ဧပြီ ၃ ။     ။ မြိတ်မြို့နှင့် ကျွန်းစုမြို့နယ်များရှိ ပင်လယ်ပိုင်းကျေးရွာတစ်ချို့တွင် နေထိုင်သူများအနေဖြင့် ကကတစ် ရေငန်ငါး တပိုင်တနိုင် မွေးမြူမှုလုပ်ငန်း အောင်မြင်နေမှုကြောင့် ထပ်မံ လုပ်ကိုင်သူများပြားလာရာ ငါးသားပေါက် လုံလောက်မှု မရှိခြင်းနှင့် ရင်ဆိုင်နေကြရသည်။

၂၀၁၇-၂၀၁၈ ခုနှစ်တို့မှ စတင်ကာ ၎င်းရေငန်ငါးများကို စမ်းသပ်မွေးမြူလာခြင်းဖြစ်သည်။ ဒေသတွင်း ဈေးကွက်အပြင် အိမ်းနီးချင်းနိုင်ငံများကိုပါ တင်ပို့လာနိုင်ကြပြီးနောက် ထိုသို့  ထပ်မံလုပ်ကိုင်လိုသူများ များပြားလာခဲ့ခြင်းဖြစ်သည်။

“ကကတစ်ငါး မွေးမြူရေး လုပ်ငန်းကို စလုပ်ဖြစ်တာက တစ်နှစ်ကျော် နေပါပြီး၊ စလုပ်ခါစကတော့ မွေးမြူရေး သမားတွေလည်း သိပ်မရှိသေးတော့ ငါးလုပ်ငန်း အဖွဲ့ချုပ်က ချပေးတဲ့ ငါးသားပေါက်တွေနဲ့ မွေးလိုက်ရောင်း လိုက် အဆင်ပြေပါတယ်။ အခုနောက်ပိုင်း မှာတော့ ဒီလုပ်ငန်းက အောင်မြင်လာတော့ မွေးမြူရေး သမားတွေ များလာနေပြီး၊ အဖွဲ့ချုပ်နှင့် ကုမ္ပဏီတွေက ငါးသားပေါက်တွေကို အလုံအလောက် မထုတ်ပေးနိုင်တော့ အခက်အခဲတွေ ဖြစ်ပေါ်နေတယ်”ဟု ကျွန်းစုမြို့နယ်၊ မရွှေဥကျေးရွာမှ ကကတစ်ငါး မွေးမြူနေသူ ဦးသန်းဟုန်က ပြောသည်။

ယင်း လုပ်ငန်းနဲ့ ပတ်သက်ပြီး၊ ငါးသားပေါက်များကို ပြင်ပ ကုမ္ပဏီ သားဖောက် စခန်းမှ ဝယ်ယူ၍ မွေးမြူရခြင်း ဖြစ်သည်။

မွေးမြူသူ များပြားလာပြီးနောက် ၎င်းတို့မှ လုံလောက်စွာ ထုတ်လုပ်ရောင်းချပေးနိုင်ခြင်း မရှိတော့သည်ကို တွေ့ရသည်။

“ဒီမွေးမြူရေး လုပ်ငန်းကို ကျွန်တော်က အခုမှ စတာ မကြာသေး ပါဘူး၊ အကောင်ရေ ၂၀၀၀ လောက်ကို မွေးမြူနေတာပါ၊ အကောင် အရေ အတွက် နည်းတော့ ငါးစာဖိုးနှင့် လုပ်အားခနဲ့ ဆိုရင် တွက်ခြေ မကိုက်ပါဘူး၊ အများဆုံး အကောင်အရေ ၅၀၀၀ မှ ၁၀၀၀၀ လောက် အထိ မွေးမြူနိုင်မှ အဆင်ပြေနိုင်တယ်”လို့ မြိတ်မြို့နယ်၊ သစ်ယာဝကျေးရွာမှ ငါးမွေးသူ ဦးသာချိုက ရှင်းပြသည်။

ကကတစ်ငါး သားပေါက် တစ်ကောင်ကို ကျပ်ငွေ ၂၀၀ မှ ၂၅၀ ကျပ် အထိ ဝယ်ယူ မွေးမြူရပြီး၊ နေ့စဉ် ငါးအစာဖိုးမှာ သောင်းချီ၍ ကေၽြးရကာ ၆ လမှ ၈ လ အထိ ကန်ထဲ၌ မွေးမြူပြီးမှ ဖမ်းယူရကြောင်း သိရသည်။

မြိတ်မြို့နယ် သစ်ယာဝ ကျေးရွာမှ ကကတစ်ငါး မွေးမြူသူ ဦးအောင်မျိုးသန့်က“အခု ဆိုရင် ဒီလုပ်ငန်းက အောင်မြင်နေပြီ ဆိုတော့ အဓိက အခက်အခဲက ငါးသားပေါက် ပြဿနာပဲ ဖြစ်နေပါတယ်၊ ဖြစ်နိုင်ရင် အစိုးရမှ ဒီကိစ္စကို တစ်ပိုင် တစ်နိုင် မွေးမြူရေး လုပ်ငန်းရှင်တွေကို နလန်ထူနိုင်ဖို့ ကူညီပေးစေချင်တယ်”ဟု ဆိုသည်။

လက်ရှိမှာ ငါးသားပေါက် စခန်း ကုမ္ပဏီမှ မွေးမြူရေး လုပ်ငန်းရှင် တစ်ဦးလျှင် ငါးသားပေါက် အကောင်ရေ ၂၀၀၀ နီးပါးသာ ရောင်းချပေးလျက်ရှိနေသည်။

ထိုရောင်းချခြင်းမှာ အကောင်ရေ နည်းပါးလွန်းသည့် အတွက် လုပ်အားခနှင့် ငါးစာကေၽြး စာရိတ်တို့နှင့်ဆိုလျှင် တွက်ခြေ မကိုက်ကြောင်း၊ အများဆုံး တစ်ဦးကို အကောင်ရေ ၅၀၀၀ မှ ၁၀၀၀၀ နီးပါး အထိ မွေးမြူခွင့် ရရှိမှ သာလျှင်တွက်ခြေ ကိုက်နိုင်ကြောင်း ၎င်းလုပ်ငန်းကို လုပ်ကိုင်သူများ၏ ဖြေကြားချက်အရ သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly