လယ်ယာမြေများကို အခြားနည်းဖြင့် အသုံးပြုနေသူများအား ပြင်းပြင်းထန်ထန် အရေးယူမည်

လယ်ယာမြေများကို အခြားနည်းဖြင့် အသုံးပြုနေသူများအား ပြင်းပြင်းထန်ထန် အရေးယူမည်
မန္တလေးတောင်မြောက်ဘက် ပုသိမ်ကြီးမြို့နယ်အတွင်းက လယ်ယာမြေပေါ်တွင် အိမ်များ တည်ဆောက်နေသည်ကို ဧပြီလ ၂ ရက်က တွေ့ရစဉ်။(ဓာတ်ပုံ၊အောင်ကိုဦး၊မဇ္ဈိမ)

မန္တလေး၊ ဧပြီ ၂ ။             ။ မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်အတွင်းမှ လယ်ယာမြေတွေကို အခြားနည်းသုံးစွဲခွင့် လျှောက် ထားခြင်းမရှိဘဲ အိမ်ဆောက်ခြင်း၊ လမ်းဖော်ခြင်းနှင့်မြေဖော်ခြင်းပြုလုပ်နေသူများ၊ ကားများဖြင့် မြေ၊ကျောက် သယ်ယူပို့ဆောင်ပေးသူများကိုပါ ပြင်းပြင်းထန်ထန် အရေးယူသွားမည်ဟု ပုသိမ်ကြီးမြို့နယ်၊ စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးညွှန့်ဆန်းက မဇ္ဈိမကို ပြောသည်။

"ပုသိမ်ကြီးမြို့နယ်အတွင်းရှိ ၄၉၃၊ ရန်ကင်း၊ ကန်ကောက်ကွင်း၊ နန်းဦးလွင်ကွင်း အဲဒီအထဲမှာ လယ်ယာမြေ အခြားနည်းသုံးစွဲခွင့်မရှိဘဲနဲ့ မြေဖို့ခြင်း၊ လမ်းဖော်ခြင်း၊ အိမ်ဆောက်ခြင်းတွေကို အရေးယူဆောင်ရွက်ခဲ့ပါတယ်။ အခုလည်း ဆက်လက်ပြီးတော့ ပြင်းပြင်းထန်ထန် အရေးယူဖို့ ညွှန်ကြားထားပြီးဖြစ်ပါတယ်။"ဟု ဦးညွှန့်ဆန်းက ပြောသည်။

ယခင်က အရေးယူမှုများပြုလုပ်နေသော်လည်း ယခုအခါတွင် တစ်ချို့သောသူများသည် ဆက်လုပ်ကိုင်ခြင်းများ ရှိနေခြင်းကြောင့် ကျောက်မြေ သယ်ယူပို့ဆောင်ပေးသည့်ကားများပါ အရေးယူသွားဖြစ်သည်။

“ ကျွန်တော်အထူးပြောချင်တာကတော့ ကျောက်ထုတ်လုပ်သူတွေ ရှိတယ်။ ကျွန်တော်တို့ဆီမှာ မြေထုတ် လုပ်သူတွေ ရှိတယ်။ နောက်ပြီးတော့ ကားတွေနဲ့ လိုက်လံပြီးတော့မှ သယ်ယူပို့ဆောင်နေတာတွေ ရှိတယ်။ ဒီအပေါ်မှာ ကားတွေက မြို့နယ်ထဲမှာရှိတဲ့၊ လယ်ယာမြေထဲကို ခွင့်မရှိဘဲနဲ့ မြေဖို့ခြင်း၊ ကျောက်ချခြင်း၊ လမ်းဖော်ခြင်း ဒါတွေ လုပ်နေတယ်၊ ဆောင်ရွက်နေတယ်ဆိုရင် ကျွန်တော်တို့ တိုင်းစည်ပင်ကနေပြီးတော့မှ ဝန်ကြီးရဲ့ ညွှန်ကြားမှုအရ အရေးယူဆောင်ရွက်သွားမယ် "ဟု ဦးညွှန့်ဆန်းက ပြောသည်။

ထိုသို့ အရေးယူသွားမည်ဖြစ်ကြောင်းကို ပုသိမ်ကြီးမြို့နယ်အတွင်းရှိ ကျောက်ထုတ်လုပ်ရေးစခန်းများနှင့် မြေထုတ်လုပ်ရောင်းချနေသူများ၊ မြေသယ်၊ ကျောက်သယ်ယာဉ်မောင်းများ၊ ယာဉ်ပိုင်ရှင်များကို သိရှိနားလည် စေရန် ပညာပေးဟောပြောမှုများလည်း ပြုလုပ်လျှက်ရှိကြောင်းလ သိရသည်။

ကျောက်ထုတ်လုပ်ရောင်းချနေသူတစ်ဦးက"ဟောပြောတာတော့ ရှိပါတယ်။ ဒါပေမယ့် ကျောက်လာမှာတဲ့သူကို ခင်ဗျာမြေ ဘာမြေလည်းတို့ တရားဝင်လားတို့ မေးဖို့ကြ အဆင်မပြေလောက်ဘူး။ မှာတဲ့သူဝယ်တဲ့သူ ရှိမှ ရောင်းရတာလေ။ ကျွန်တော်တို့ပါ အရေးယူမယ်ဆိုတော့ ဘာလုပ်စားမှန်းတောင် မသိတော့ဘူး။"ဟု ပြောသည်။

ကျောက်သယ်၊ မြေသယ်ယာဉ်မောင်းတစ်ချို့မှာ အရေးယူခံရမည်ကို စိုးရိမ်လျှက်ရှိသော်လည်း စားဝတ်နေရေး အရ ဆက်လက်လုပ်ဆောင်သွားမည်ဟု ဆိုကြသည်။

"အခုကတော့ လယ်ယာမြေ ဖို့ ဖို့တို့၊ လမ်းခင်းဖို့တို့ လာဝယ်တာများတယ်။ ကျွန်တော်တို့လည်း အဲဒါတွေပဲ အများဆုံး ပို့နေရတယ်။ မြို့ထဲက သူ့လူနဲ့သူ့ကုမ္ပဏီ ရှိတယ်။ ကျွန်တော်တို့လို ခေါက်စားသမားကတော့ ဘယ်သူက မှာမှာ ပို့ရတာပဲ။ လယ်ယာမြေထဲမှာ ဆောက်နေတာလည်း မျက်မြင်ပဲ။ ဥပဒေ မလေးစားလို့တော့ မဟုတ်ဘူး။ စားဝတ်နေရေးအတွက်ကတော့ လုပ်နေရဦးမှာပဲ။"ဟု ကျောက်သယ်ယာဉ်မောင်းတစ်ဦးက ပြောသည်။

လယ်ယာမြေအား အခြားနည်းသုံးစွဲခွင့် လျှောက်ထားခြင်းမရှိဘဲ မသုံးပြုနေသူများတွေ့ရှိပါက အရေးယူမှုများ ပြုလုပ်နေသော်လည်း ဆက်လက်ဆောက်လုပ်နေထိုင်သူများလည်း ရှိနေကြောင်း သိရသည်။

 

    
    
    

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly