ကင်းမွန် မီးထွန်းစက်လှေတစ်စီး ဝါယာကြိုးရှော့ခ်ဖြစ်၍ ဓါတ်လိုက်၊ လူတစ်ဦး သေဆုံး

ကင်းမွန် မီးထွန်းစက်လှေတစ်စီး ဝါယာကြိုးရှော့ခ်ဖြစ်၍ ဓါတ်လိုက်၊ လူတစ်ဦး သေဆုံး

မြိတ်၊ ဧပြီ ၂ ။                ။ မြိတ်ကျွန်းစုရေပြင်ရှိ ပိန္နဲကျွန်းအနီးတွင် ဧပြီလ ၂ ရက်နေ့ နံနက် ၄ နာရီ အချိန်ခန့်တွင် ကင်းမွန် မီးထွန်း စက်လှေတစ်စီး ငါးဖမ်းနေစဉ် ဝါယာကြိုး ပေါက်ထွက်၍ လှေတစ်စီးလုံး ဓါတ်လိုက်မှု ဖြစ်ပွားကာ ရေလုပ်သား တစ်ဦး သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဓါတ်လိုက်မှု ဖြစ်ပွားခဲ့သည့် အဏ္ဍဝါမိုး (၁၁) ကင်းမွန်မီးထွန်း စက်လှေပေါ်တွင် ပဲ့နင်း (စက်ဆရာ) အပါဝင် ရေလုပ်သား စုစုပေါင်း ၁၃ ဦး ပါရှိကြောင်း သိရသည်။

 “လှေသားတွေ အားလုံး အလုပ်လုပ်နေရင်းနဲ့ ဖြစ်တာပါ၊ မနက် ၄ နာရီလောက်မှာ ငါးဖမ်းပိုက်တွေ ဆွဲနေရာမှ ဝါယာကြိုး ပေါက်ထွက်ပြီး၊ သံတန်းလက်ရန်းပေါ်ကို ထိရာမှ အားလုံး ဓါတ်လိုက်ပြီး လဲကျကုန်တယ်၊ တစ်ယောက်ကတော့ သံတန်းနဲ့ထိပြီး သေဆုံးခဲ့တာ ဖြစ်တယ်”ဟု ပြောသည်။

အဆိုပါစက်လှေမှာ ရေလုပ်သားများ ငါးဖမ်းပိုက်ဆွဲနေစဉ် ဝါယာကြိုး ပေါက်ထွက်ပြီး၊ သံတန်းလက်ရန်းပေါ်သို့ ဝါယာကြိုးစ ပြုတ်ကျရာမှ ဓါတ်လိုက်မှု ဖြစ်ပွားခဲ့သည်ဟု သိရသည်။

ဝါယာကြိုးကြောင့် ရှော့ခ်ဖြစ်၍ သေဆုံးသူမှာ ရေလုပ်သား ကိုရဲဝင်းသူ အသက် (၂၄) နှစ် ဖြစ်ပြီး အချို့ ရေလုပ်သားများ ထိခိုက်ဒဏ်ရာအနည်းငယ် ရရှိထားကြောင်း သိရသည်။

“ညက ငါးတွေ တအား ရပါတယ်၊ အလုပ်လုပ်နေချိန်မှာ လှေပေါင်းမိုးပေါ်က ဝါယာကြိုးရှော့ခ်ဖြစ်ပြီး စဖြစ်တာ ပါ၊ လှေသားတွေ အားလုံး ဓါတ်လိုက်ကုန်ပါတယ်၊ ပဲ့နင်းက မိန်းခုံကို ချက်ချင်းချပြီး ဒါနဲ့ မီးပြန်ထွန်းပြီး လူလိုက်စစ်ရာမှ တစ်ဦး သေဆုံးနေတာ တွေ့ရပါတယ်”ဟု သေဆုံးသူ၏ ညီဖြစ်သူက ပြောသည်။

အဆိုပါစက်လှေအား လူသေဆုံးမှုနှင့်ပတ်သက်၍ အလောင်းကို မြိတ်ပြည်သူ့ဆေးရုံရှိ ရင်ခွဲရုံသို့ ပို့ဆောင်ကာ မြိတ်မြို့မရဲစခန်းမှ အမှုဖွင့် စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly