မဘသ တံဆိပ်ဖြင့် နိုင်ငံရေးလှုံ့ဆောင်မှု ရပ်ရန် မဘသအဖွဲ့ အပြင်းအထန်သတိပေး

မဘသ တံဆိပ်ဖြင့် နိုင်ငံရေးလှုံ့ဆောင်မှု ရပ်ရန် မဘသအဖွဲ့ အပြင်းအထန်သတိပေး

ရန်ကုန်၊ အောက်တိုဘာ ၄ ။ ။ အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့(မဘသ) တံဆိပ်များကို အသုံးပြုကာ နိုင်ငံရေးလှုံ့ဆော်နေမှုများကို ရပ်တန်းကရပ်ကြရန် အပြင်းအထန်သတိပေးကြောင်း အောက်တိုဘာ ၄ရက်က အစိုးရပိုင် ရန်ကုန်မြို့ သုဝဏ္ဏမိုးလုံလေလုံ အားကစားပြိုင်ပွဲရုံ (၁)တွင် ကျင်းပသည့် အမျိုးစောင့်ဥပဒေပေါ်ပေါက်လာခြင်း အထိမ်းအမှတ် ကြိုဆိုဂုဏ်ပြုပွဲတွင် သဘောထား ကြေငြာချက် ထုတ်ပြန်လိုက်သည်။

“မဘသက ဓမ္မဖောင်ဒေးရှင်းတရားနဲ့ ဆက်စပ်တဲ့အဖွဲ့အစည်းဖြစ်တာကြောင့် မေတ္တာရပ်ခံတာတို့ ဂရုဏာနဲ့ဆုံးမတာတို့ပဲ လုပ်နိုင်တယ်။ ဒါကိုမှ မလိုက်နာဘူး၊ ထိခိုက်စေတယ်၊ ထိခိုက်အောင် လုပ်တယ်ဆိုရင် တို့ကဘာလုပ်နိုင်လဲဆိုရင် ဥပဒေကြောင်းကနေ လုပ်သွားရမှာပေါ့။ ဓမ္မစက်က မပျံ့နှံ့နိုင်ရင်တော့ အာဏာစက်ကိုပို့ရမှာပေါ့။” ဟု မဘသဆရာတော်တစ်ပါးဖြစ်သော ဒေါက်တာ အရှင်ဓမ္မပီယက မိန့်သည်။

ကြေညာချက်တွင် အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအသင်းကြီး၏ ဂုဏ်သိက္ခာညိုးနွမ်းစေရန် တမင်ရည်ရွယ်၍ မဘသ(လိုဂို)တံဆိပ်ကို အသုံးပြုလျက် နိုင်ငံရေးလှုံ့ဆော်မှုများကို ရပ်တန်းကရပ်ကြရန် အပြင်းအထန်သတိပေးလိုက်သည် ဟုဖော်ပြပါရှိသည်။

ယင်းအပြင် မဘသ၏ အမျိုးစောင့်ဥပဒေပြဌာန်းနိုင်ရေး ကြိုးပမ်းချက်များကို ကန့်ကွက်နေသော၊ ဖျက်စီးရန် ကြိုးစားနေသော အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ်များရှိနေကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖတ်ကြားရာတွင် မိန့်ကြားထားသည်။

အချက်၁၁ချက်ပါဝင်သော အဆိုပါထုတ်ပြန်ချက်တွင် မဘသအနေဖြင့် တိုင်းပြည်ငြိမ်းချမ်းရေးအတွက် မည်သည့် ဘာသာ၊ပါတီ၊ လူမျိုး နှင့်မဆို ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းဆိုထားသည်။ ယင်းအပြင် မဘသ တံဆိပ်ကို အသုံးပြုပြီး နိုင်ငံရေးလှုံ့ဆော်မှုမပြုရန် ထုတ်ပြန်ထားသည့် ထုတ်ပြန်ချက်တွင် ပြည်သူများအနေဖြင့် လာမည့်ရွေးကောက်ပွဲတွင် ကိုယ့်မြို့ရွာ၊ ကိုယ့်ဘာသာကို စောင့်ရှောက်မည့် ကိုယ်စားလှယ်များကိုသာ မဲပေးရန်၊ အမျိူးစောင့်ဥပဒေများကို အစိုးရအဆက်ဆက်ကာကွယ်စောင့်ရှောက်ရန်၊ တရားမဝင် ဝင်ရောက်နေထိုင်သော နိုင်ငံသားမဟုတ်သူများကို ၁၉၈၂ခု မြန်မာနိုင်ငံသားဖြစ်ခွင့် ဥပဒေအတိုင်း ဆောင်ရွက်ပေးရန် စသည်တို့ကိုလည်း ထည့်သွင်း တိုက်တွန်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags