စိတ်ညစ်နေမယ့်အစား ခရီးသွားဖို့ အစီအစဉ်ချလိုက်ပါ

စိတ်ညစ်နေမယ့်အစား ခရီးသွားဖို့ အစီအစဉ်ချလိုက်ပါ

ရေးသားသူ Ye Myo Myat
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win.

ဘဝမှာ အမြဲတမ်း အကောင်းရော အဆိုးရော ဒွန်တွဲနေတယ်ဆိုတာ ဗုဒ္ဓဘာသာဝင်တိုင်း နားလည်ထားကြမှာပါ။ အိမ်ကိစ္စလား၊ ငွေရေးကြေးရေးလား၊ လုပ်ငန်းခွင်စိတ်ဖိစီးမှုတွေလား၊ အချစ်ရေးပဲ အဆင်မပြေတာလား။ ကိုယ့်ရဲ့ စိတ်ကို ညစ်သွားစေနိုင်တဲ့ ကိစ္စမှန်သမျှက နေ့စဉ်ဘဝမှာ ဖြစ်ပျက်နေမှာပါ။ ဒီလိုအရာတွေကြောင့် စိတ်ညစ်နေပြီဆိုရင် ဘာမှ လုပ်ချင်ကိုင်ချင်စိတ် ရှိတော့မှာ မဟုတ်ပါဘူး။ ဒီတော့ အနှေးနဲ့ အမြန် ကိုယ့်ရဲ့ နေ့စဉ်ဘဝ၊ မိသားစု၊ အလုပ်၊ လူမှုရေး အကုန်လုံးကို သွားပြီး ထိခိုက်လာမှာပါ။ ဒါကြောင့် စိတ်ညစ်စရာ ကိစ္စတွေကြောင့် ကိုယ့်ရဲ့ စိတ်ကို ဒုက္ခပေးနေမယ့်အစား ဘာကြောင့် ခရီးသွားဖို့ ဆုံးဖြတ်သင်လဲဆိုတဲ့ အကြောင်းရင်း (၅) ချက်ကို ဒီဆောင်းပါးလေးမှာ ပြောပြပေးမယ်နော်။

၁။ စိတ်ဖိစီးမှုတွေကို ဖျောက်ပေးနိုင်တယ်။

နေ့စဉ် လုပ်နေရတဲ့ တာဝန်ဝတ္တရားတွေ၊ စိတ်ဖိစီးမှုတွေကြောင့် လောကရဲ့ အနှစ်သာရတွေကို ရှာဖွေဖို့၊ ဘဝရဲ့ အလှအပတွေကို လေ့လာခံစားဖို့ ကျွန်တော်တို့တွေ မေ့လျော့နေတတ်ပါတယ်။ အမြဲတမ်းတော့ မဟုတ်ပေမဲ့ တစ်ခါတလေမှာ ဒီလိုမျိုး ကိုယ့်ရဲ့ နေ့စဉ်ဘဝကို ချည်နှောင်ထားတဲ့ ကြိုးတွေကနေ ထွက်ပြေးကြည့်လိုက်ပါ။

ကိုယ်တိုင် ခရီးထွက်ရတာလောက် စိတ်ပေါ့ပါးပြီး လွတ်လပ်တဲ့ ခံစားမှုမျိုး ပေးနိုင်တဲ့ အရာမရှိပါဘူး။ ပြည်တွင်းနီးနီးနားနားပဲ သွားမလား၊ ရပ်ဝေး နိုင်ငံခြားကိုပဲ ခရီးထွက်မလား၊ အရာအားလုံးက ကိုယ့်စိတ်ကြိုက်ပါပဲ။ အရေးကြီးတာက ကိုယ့်ရဲ့ စိတ်ကို ညစ်နွမ်းစေတဲ့ အရာတွေကနေ ခေတ္တခဏ ထွက်ပြေးတိမ်းရှောင်နေဖို့နဲ့ စိတ်ဖိစီးမှုတွေ ပြေလျော့စေပြီး ကိုယ့်ရဲ့ စိတ်ကို အားအင်ပြန်လည်ဖြည့်တင်းပေးဖို့ပါပဲ။

၂။ ကိုယ့်ရဲ့ စိတ်နဲ့ ဘဝကို အသစ်ပြန်လည်မွေးဖွားပေးလိုက်သလိုပါပဲ။

တစ်နေ့ တစ်နေ့ အိမ်နဲ့ အလုပ်၊ အလုပ်နဲ့ အိမ်၊ စက်ရုပ်သံပတ်ပေးထားရသလို ဘဝမှာ အမြဲကြီးနေရတာ ကြာရင် လူတိုင်း ငြီးငွေ့လာမှာပါ။ ဒါကြောင့် တစ်နှစ်ကို အနည်းဆုံး တစ်ကြိမ်လောက် ခရီးထွက်ပေးဖို့ လိုပါတယ်။ ခရီးသွားလိုက်တဲ့အခါ ရလာတဲ့ ပျော်ရွှင်မှု၊ အတွေ့အကြုံတွေက ဘဝမှာ ပုံမှန်မြင်တွေ့ခံစားနေရတဲ့ အရာတွေလိုမဟုတ်ပါဘူး။ ကိုယ့်ဘဝအတွက် အသစ်အဆန်းဖြစ်စေတဲ့ အရာတွေကိုလည်း ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ လေ့လာခွင့်ရတယ်။ အစားအစာအသစ်တွေ၊ ပတ်ဝန်းကျင်အသစ်၊ မတူညီတဲ့ လူ့စရိုက်မျိုးစုံကို ရှုမြင်ခံစားလို့ ရတယ်။

ခရီးသွားခြင်းကြောင့် ဘဝမှာ မဖြစ်နိုင်ဘူးလို့ ကိုယ်တွေးထင်ခဲ့တဲ့အရာတွေဟာ တကယ်ဖြစ်လာနိုင်ပါလားဆိုတဲ့ အတွေးတွေ ဝင်လာစေတယ်။ ဒီတော့ ကိုယ့်အတွက် ပိုပြီး ကြိုးစားချင်စိတ်ကို ဖြစ်စေတယ်။ အတွေးအခေါ်အသစ်တွေ၊ ဖန်တီးနိုင်မှု စွမ်းရည်တွေ မြင့်တက်လာမယ်။ မိမိကိုယ်ကိုယ် ယုံကြည်မှု ရှိလာမယ်။ လွတ်လပ်ပြီး ကြံ့ခိုင်တဲ့ ပျော်ရွှင်ဖွယ်လူသားတစ်ယောက်အဖြစ် ရပ်တည်ဖို့ ကိုယ့်ကိုယ်ကိုယ် ပြန်တည်ဆောက်ပေးနိုင်ဖို့ ကူညီပေးနိုင်ပါတယ်။

၃။ စိတ်ပျော်ရွှင်မှု၊ စိတ်ကျေနပ်မှုကို မြှင့်တင်ပေးတယ်။

မနက်အိပ်ရာနိုးတာနဲ့ အလုပ်ကို သုတ်ခြေတင် ပြေးစရာမလိုဘူးဆိုတဲ့ အသိတစ်ခုတည်းနဲ့ သင့်ရဲ့ တစ်နေ့တာကို စိတ်ပျော်ရွှင်မှု ပေးနိုင်တယ်ဆိုတာ အသေအချာပါပဲ။ ကိုယ်မမြင်ဖူး၊ မလေ့လာဖူး၊ မခံစားဖူးတဲ့ အရာတွေကို ကိုယ့်မျက်စိနဲ့ သေချာရှုမြင်လေ့လာကြည့်လိုက်ရတဲ့အခါ လောကကြီးအပေါ် ကိုယ့်ရဲ့ အမြင်၊ ရှုထောင့်၊ စိတ်ခံစားချက်ပိုင်းဆိုင်ရာ အကုန်လုံးဟာ အကောင်းဘက်ကို ပြောင်းလဲခြင်း ဖြစ်စေပါတယ်။

တစ်နေရာတည်းမှာပဲ နေပြီး စိတ်အကျဉ်းကျသလို ဖြစ်နေတာထက် ကမ္ဘာအနှံ့ကို အလည်အပတ် သွားရောက်လေ့လာကြည့်ခြင်းဟာ ကိုယ့်ရဲ့ စိတ်ကို လွတ်လပ်ပေါ့ပါးစေတယ်။ ခရီးသွားဖို့အတွက် ကြိုပြီး ပြင်ဆင်နေတဲ့အချိန်မှာတောင်မှ ဒီအပျော်ခရီးအတွက်ကို ကြိုပြီး ပျော်ရွှင်မှု၊ ကြည်နူးမှုတွေ ဖြစ်လာစေနိုင်တာပေါ့။
၄။ စိတ်ဓာတ်ကြံ႔ခိုင်စေတယ်။

ကိုယ့်ဘဝတစ်လျှောက်လုံး မနေဖူးတဲ့ သူစိမ်းဒေသအရပ်မှာ ခဏတာလေး နေလိုက်တယ်ဆိုရင်တောင် ကိုယ့်အတွက်တော့ အစပိုင်းမှာ အနည်းငယ် ကြောက်လန့်စိတ်တွေ ဝင်လာတတ်တာ သဘာဝပါပဲ။ တဖြည်းဖြည်းနဲ့ အသားကျလာတဲ့အခါမှာ မိမိကိုယ်ကိုယ် ယုံကြည်မှု ရှိလာတယ်။ ဘယ်အရာမဆို လုပ်နိုင်တယ်၊ ကြိုးစားလို့ ရနိုင်တယ်ဆိုတဲ့ မျှော်လင့်ချက် အလင်းရောင်ခြည် ဝင်လာစေတယ်။

စိတ်ဓာတ်ကြံ့ခိုင်လာတဲ့သူတစ်ယောက်ဟာ အရာရာကို ပိုပြီး စိတ်ရှည်သည်းခံတတ်လာမယ်။ အကောင်းမြင်လာမယ်။ ရည်ရွယ်ချက်ရှိရှိ တွေးခေါ်တတ်လာမယ်။ အကြံဉာဏ်ကောင်းတွေ၊ အသစ်အဆန်းတွေကို ဖန်တီး တီထွင်နိုင်မယ်။ ကြောက်ရွံ့မှုတွေ၊ အခက်အခဲတွေကို စိန်ခေါ်နိုင်လာမယ်။ စိတ်ခံစားချက်ကို ဦးစားမပေးဘဲ လက်တွေ့ကျကျ ဖြေရှင်းတတ်လာမယ်။ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်လာတာနဲ့ ကိုယ်ခန္ဓာ ကျန်းမာရေးရော၊ ဘဝနေထိုင်မှုပုံစံပါ အကောင်းဘက်သို့ တိုးတက်ပြောင်းလဲခြင်းတွေ ဖြစ်လာစေနိုင်ပါတယ်။

၅။ တီထွင်ကြံဆနိုင်မှုကို မြှင့်တင်ပေးနိုင်တယ်။

ကိုယ်မနေဖူးတဲ့ အရပ်၊ မစားဖူးတဲ့ အစားအစာ၊ မခံစားဖူးတဲ့ ဒေသအလှအပ၊ မမြင်တွေ့ဖူးတဲ့ လူ့ဓလေ့စရိုက် ထုံးတမ်းအစဉ်အလာ၊ ဒါတွေကို ကိုယ်တိုင်ကိုယ်ကျ လေ့လာခံစားနားလည်ကြည့်တဲ့အခါ စိတ်ပိုင်းဆိုင်ရာရော အတွေးအခေါ်မှာပါ အရင်ကနဲ့ မတူတဲ့ ပြောင်းလဲမှုတွေကို တွေ့ရမှာပါ။ အသစ်အဆန်းတွေကို ဖန်တီးတတ်လာမယ်။ အကြံဉာဏ်သစ်တွေ ထွက်လာမယ်။ လူတွေ ပုံမှန်မြင်နေကျ ရှုထောင့်ကနေ ကွဲထွက်ပြီး လက်တွေ့ဆန်ဆန် တွေးတတ်၊ မြင်တတ်လာမယ်။ ပြဿနာတွေကို ချက်ကျလက်ကျ ဖြေရှင်းတတ်လာမယ်။ ဒါကြောင့် နေ့စဉ်ဘဝမှာရော၊ အလုပ်ခွင်မှာပါ တိုးတက်ပြောင်းလဲနိုင်မှာ အသေအချာပါပဲ။

ဒီတော့ စိတ်ညစ်နေတယ်ဆိုပြီး အိမ်မှာပဲ နေ၊ အခန်းထဲပဲ အောင်းပြီး ကိုယ့်စိတ်ကို ဝန်ပိမခံပါနဲ့တော့။ ကိုယ်မသွားဖူးတဲ့ နေရာအသစ်တွေဖြစ်ဖြစ်၊ ကိုယ်တစ်ချိန်က သွားခဲ့ပြီး ပျော်ရွှင်တဲ့ အမှတ်တရတွေ ရှိခဲ့ဖူးတဲ့ နေရာတွေ ဖြစ်ဖြစ် ခေတ္တခဏ သွားရောက်လည်ပတ်ကြည့်လိုက်ပါ။ အနည်းဆုံးတော့ ကိုယ့်ရဲ့ စိတ်ညစ်စရာ၊ စိတ်ဖိစီးမှုပြဿနာတွေ ပျောက်သွားနိုင်ပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly