ကော့သောင်းတွင် တောဆင်ရိုင်း အန္တရာယ်နှင့် ပတ်သက်၍ ဒေသခံများ စိုးရိမ်နေ

ကော့သောင်းတွင် တောဆင်ရိုင်း အန္တရာယ်နှင့် ပတ်သက်၍ ဒေသခံများ စိုးရိမ်နေ

မြိတ်၊ ဧပြီ (၁) ။             ။ ကော့သောင်းခရိုင် ဘုတ်ပြင်းနှင့် ပြည်ကြီးမဏ္ဍိုင် မြို့နယ်တို့ရှိ ကျေးရွာ တချို့တွင် ရွာထဲသို့ တောဆင်းရိုင်းများ မကြာခဏ ဝင်ရောက် နောက်ယှက်ရန်မူခြင်းကြောင့် ကျေးရွာနေဒေသခံများမှာ စိုးရိမ်မှုများ မြှင့်တက် နေကြောင်း သိရသည်။

 တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းမြို့နယ်နှင့် ပြည်ကြီးမဏ္ဍိုင်မြို့တို့သည် ယခင်က လူသူအရောက်ပေါက် နည်းသည့် ဒေသတစ်ခုဖြစ်ပြီး၊  တောရိုင်းတိရစ္ဆာန်များ ပေါများသည့်အပြင် တောဆင်ရိုင်းများနေထိုင် ကျက်စားသည့် ဒေသတစ်ခုလည်း ဖြစ်သည်။ယခုအခါ ဆီအုန်း စိုက်ခင်းများ ဝင်ရောက််လာပြီးနောက် တောဆင်များ ပျောက်ကွယ်သွားခဲ့သည်။

“အခုတလော ဦးဇင်းတို့ဘက်မှာ ဆင်အန္တရာယ်နဲ့ ပတ်သက်ပြီး၊ ဒကာ/ ဒကာမတွေ သွားသတိ လာသတိတွေနဲ့ နေထိုင်နေရပါတယ်။ တလောကလည်း ရွာထဲကို ဝင်ပြီး အသက် ၁၃ နှစ် ကလေးမလေး တစ်ဦး ဆင်နင်းလို့ လူသေမှုတွေ ဖြစ်ခဲ့သေးတယ်။ စိုက်ခင်းတွေလည်း မကြာခဏ ဝင်ရောက် ဖျက်ဆီးခံနေရတယ်”ဟု ပြည်ကြီး မဏ္ဍိုင်မြို့၊ ချောင်းမွန်ကျေးရွာ စမ်းရေအေးကျောင်းတိုက်မှ ဆရာတော် အရှင်မဏ္ဍလက ပြောသည်။

 ယခုအခါမှာ အဆိုပါ ဆင်များကြောင့် လူနေအိမ်များနှင့် လူများ၏ အသက်အန္တရာယ်ကိုပါ ခြိမ်းခြောက် သေဆုံးအောင် ထိခိုက်လာမှုများ ရှိနေပြီး၊ ရွာသူ၊ ရွာသား ၄ ဦးထက်မနည်း သေဆုံးမှုများ ရှိနေကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

 “ဆင်တွေကတော့ အခု ရက်ပိုင်းမှာ ရွာထဲကို မကြာခဏဆိုသလို ဝင်ရောက်နေတာ တွေ့ရပါတယ်။ ရွာသူ ရွာသားတွေကိုလည်း ညဘက်မှာ အိမ်အောက်ကို ဆင်းတာတို့ ဥယျာဉ်ခြံထဲကို သွားတာတို့ သတိထားဖို့ အမြဲပြောနေရပါတယ်။ အခုက ဆင်တွေက လူကို တွေ့ရင် ရန်မူပါတယ်။ လူနဲ့ မတွေ့ရင်တော့ အိမ်တွေ ဖျက်ဆီးတာတွေ ရှိသလို စိုက်ခင်း၊ ဥယျာဉ်ခြံတွေ ဝင်ရောက်ဖျက်ဆီးတာတွေ နေ့တိုင်း နီးပါး ကြုံနေရတယ်” ဟု ချောင်းမွန်အေးကျေးရွာမှ ရာအိမ်မှူး ဦးလွင်မိုးသူက ပြောကြားသည်။

 တောဆင်ရိုင်းများမှာ ရွာထဲသို့ ၂ ကောင် ၃ ကောင်မှ ၁၀ ကောင် အထိ ဝင်ရောက်တတ်ကြောင်း၊ တောထဲတွင် အကောင်ရေ ၅၀ မှ ၁၀၀ အထိ တွေ့ဖူးကြောင်း ရွာသူ ရွာသားများထံမှ သိရသည်။

 “အခုဆိုရင် ကျွန်တော်တို့ ရွာသားတွေဟာ ဆင််က လူကို အန္တရာယ်ပြုတာကိုပဲ ခံနေရပါတယ်။ ခြောက်လန့် ဟန့်တာလည်း သူတို့ ထွက်မပြေးဘူး။ လက်နက်နဲ့ ပြန်ပစ်ရင်လည်း သစ်တောက တားမြစ်ထားလို့ ဥပဒေအရ အရေးယူခံရမှာ ကြောက်လို့ နေ့တိုင်း နီးပါး စိုးရိမ်နေရတယ်”လို့ အထက်ပါ ရာအိမ်မှူး ဦးလွင်မိုးသူက ထပ်လောင်း ပြောဆိုသည်။

အဆိုပါကိစ္စရပ်များအတွက် အစိုးရအနေဖြင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့် ရှောက်ပေးရန် ဒေသခံများက လိုလားလျက်ရှိပြီး ဆင်ရိုင်းများအန္တရာယ်ကြောင့် လူသေဆုံးမှုများ မဖြစ်ပေါ် စေရန်နှင့် တောဆင်ရိုင်း သတ်ဖြတ်မှုများကို မဖြစ်ပေါ်စေရန်အတွက် ကြိုတင်စီမံမှုများကို ဆောင်ရွက် သင့်ကြောင်း ဒေသခံများထံမှ သိရသည်။

    

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly