အောင်လအန်ဆန်၏ နိုင်ပွဲအပေါ် မြန်မာကိုယ်ခံပညာ သိုင်းပေါင်းစုံသမားများ၏ ရင်တွင်းစကားများ

အောင်လအန်ဆန်၏ နိုင်ပွဲအပေါ် မြန်မာကိုယ်ခံပညာ သိုင်းပေါင်းစုံသမားများ၏ ရင်တွင်းစကားများ

ဂျပန်နိုင်ငံတွင် ကျင်းပခဲ့သော ONE: A New Era ပြိုင်ပွဲကြီးတွင် မြန်မာနိုင်ငံ ကိုယ်စားပြုကစားသမား အောင်လအန်ဆန်က ပြိုင်ဘက် အိမ်ရှင် ဂျပန်နိုင်ငံသား Ken Hasegawa ကို အနိုင်ရခဲ့သည့်အပေါ် မြန်မာ ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစားသမားများက ဂုဏ်ယူ ဝမ်းမြောက်လျက် ရှိနေကြသည်။

“မြန်မာ စပါးအုံး” အောင်လအန်ဆန်သည် အဆိုပါ ပွဲစဉ်တွင် ဒုတိယအချီ ပွဲချိန် ၄ မိနစ်၊ ၄၁ စက္ကန့်၌ Hasegawa ကို ဖြောင့်လက်သီး တစ်လုံး မိမိရရ ထိုးနိုင်ခဲ့ပြီး ကြမ်းပြင်ပေါ်သို့ လဲကျသွားချိန်တွင် အပေါ်မှစီးကာ ဆက်တိုက် ထိုးနှက်ခဲ့သောကြောင့် ဒိုင်ပွဲရပ်ဖြင့် အနိုင်ရခဲ့သည်။ ယင်းပွဲစဉ်သည် အောင်လအန်ဆန်အတွက် ၂၅ ပွဲမြောက်နိုင်ပွဲဖြစ်ကာ ၎င်း၏ မစ်ဒယ်ဝိတ်တန်း ချန်ပီယံခါးပတ်ကို တတိယအကြိမ် ကာကွယ်နိုင်ခဲ့ခြင်းလည်း ဖြစ်သည်။

“သူနိုင်သွားတော့ မြန်မာတွေအားလုံးရဲ့ကိုယ်စား ကျွန်တော်အရမ်းဂုဏ်ယူတယ်။ အိမ်ကွင်းတွင် မကဘူး။ အဝေးကွင်းမှာပါ သူ့အရည်အချင်း အစစ်အမှန်ကို သက်သေပြသွားတာ။ အားလုံးလည်း ပျော်နေကြတယ်။ တစ်နိုင်ငံလုံးက သူနဲ့ ထပ်တူထပ်မျှ ဝမ်းသာနေ ကြတယ်”ဟု ONE:Reign of Valor ပြိုင်ပွဲကြီးတွင် ပူပူနွေးနွေး အနိုင်ရရှိထားသူ ဖိုးသော်က ပြောသည်။

ONE ၏ ဖယ်သာဝိတ်တန်းတွင် ယှဉ်ပြိုင်ကစားနေသူ ဖိုးသော်က အဆိုပါ တွဲဆိုင်းသည် ပြိုင်ပွဲတစ်ခုလုံးတွင် ၎င်း၏ အကြိုက်ဆုံး ပွဲဖြစ်ကြောင်း၊ ယခုည ကျင်းပသွားသည့် ပွဲစဉ်အားလုံးကို သဘောကျကြောင်း၊ အထူးသဖြင့် ၅ ချီ ချန်ပီယံလုပွဲများ အားလုံးကို ကြိုက်နှစ်သက်ကြောင်း ဆက်လက် ပြောကြားခဲ့သည်။

ဖိုးသော်ကဲ့သို့ပင် ONE ၏ မြန်မာ ကိုယ်ခံပညာကစားသမားများထဲမှ တစ်ဦးဖြစ်သော တီရဲလ်ထန်ကလည်း “ကျွန်တော့် အစ်ကို ကိုအောင်လကို ဂုဏ်ပြုပါတယ်။ သူ့ရဲ့ ချန်ပီယံဆု ကာကွယ်နိုင်တဲ့ အတွက်လည်း ဂုဏ်ယူပါတယ်။ ကျွန်တော် သူ့ကို ပြောခဲ့တဲ့ အတိုင်းပဲ အချိန်တိုလေးအတွင်းမှာ အနိုင်ယူနိုင်ခဲ့တယ်။ ကျွန်တော် အစ်ကို မာတင် (Martin Nguyen) ကတော့ နောက်ပွဲမှာ အစွမ်းပြရမှာပါ။ ကြိုးစားလိုက်ကြစို့”ဟု ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားဖော်ပြခဲ့သည်။

တီရဲလ်ထန်သည် အောင်လန်အန်ဆန် လေ့ကျင့်ပေးထားသည့် ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစားသမားတစ်ဦး ဖြစ်ကာ အမေရိကန် နိုင်ငံရှိ Hard Knocks 365 အသင်းတွင် အတူတကွ လေ့ကျင့်နေသူ ဖြစ်သည်။ အဆိုပါ အသင်းတွင် ၎င်းတို့နှင့်အတူ လေ့ကျင့်နေသည့် ONE Championship ၏ အခြားကစားသမား တစ်ဦးမှာ ဗီယက်နမ်နွယ်ဖွား သြစတြေးလျ နိုင်ငံသား Martin Nguyen ဖြစ်သည်။

Nguyen သည် လာမည့် ဧပြီ ၁၂ တွင် ၎င်း၏ ဖယ်သာဝိတ်တန်း ချန်ပီယံခါးပတ် ကာကွယ်ပွဲအဖြစ် မွန်ဂိုလီးယား နိုင်ငံသား Narantungalag Jadambaa နှင့် ထိုးသတ်ရမည်ဖြစ်သဖြင့် တီရဲလ်ထန်က ၎င်းအတွက်ပါ ထည့်သွင်းရေးသားဖော်ပြခဲ့ခြင်းဖြစ်သည်။

ONE Championship ၏ Warrior Series ပြိုင်ပွဲများဖြင့် အောင်မြင်မှုလမ်းကြောင်းပေါ် ရောက်ရှိလာသူ  မြန်မာလူငယ် ကစားသမား ဖြစ်သည့် ပုညစိုင်းကလည်း အောင်လအန်ဆန် အနိုင်ရသွားသည့် ပွဲနှင့် ပတ်သက်၍ “ကိုအောင်လရဲ့ ပွဲက အရမ်းကောင်းပါတယ်။ သူဟာ သိပ်ကို ဖျော်ဖြေမှုပေးနိုင်တဲ့ ကစားသမားတစ်ယောက်ဖြစ်ပါတယ်”ဟု ချီးကျုးခဲ့သည်။

မြန်မာနိုင်ငံ၏ ပထမဆုံး အမျိုးသမီး ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစားသမား ဘိုဇီနာအန်တိုနီယာကမူ အောင်လအန်ဆန် အနေဖြင့် ယင်းပွဲကို အနိုင်ရလိမ့်မည်ဟု ပွဲမတိုင်မီကတည်းက ယုံကြည်မှုရှိခဲ့ကြောင်း ပြောကြားခဲ့ပြီး နိုင်ပွဲအတွက် ဝမ်းသာဂုဏ်ယူသည်ဟု ဆိုခဲ့သည်။

“ကိုအောင်လကို အစကတည်းက ယုံကြည်ပြီးသားပါ။ ဒါပေမယ့် သူ့ပြိုင်ဘက်ကလည်း အချိန်အများကြီးယူပြီး လေ့ကျင့်ထားတယ်။ အရင်တစ်ပွဲလည်း ကိုအောင်လနဲ့ ထိုးထားတယ်။ ကိုအောင်လ လက်ရည်လည်း သိနေတယ်ဆိုတော့ ကြိုတင်ပြင်ဆင်ထားမှာပေါ့။ အဲဒီတော့ ကိုအောင်လအတွက် နည်းနည်းစိုးရိမ်မိတယ်။ ကိုအောင်လ နိုင်သွားတော့ အရမ်းပျော်တာပေါ့။ မြန်မာနိုင်ငံသား တစ်ယောက် အနေနဲ့ပေါ့။
 မြန်မာ တစ်ပြည်လုံးကလည်း ကိုအောင်လအတွက် ဂုဏ်ယူနေပါတယ်” ဟု အန်တိုနီယာက ပြောသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly