‘ကျနော် ချယ်လ်ဆီးမှာ ဆက်နေချင်ပါသေးတယ်’ - ဆာရီ

‘ကျနော် ချယ်လ်ဆီးမှာ ဆက်နေချင်ပါသေးတယ်’ - ဆာရီ

တနင်္ဂနွေနေ့က ကာဒစ်ဖ်စီးတီးကို ၂-၁ ဂိုးနဲ့ အငြင်းပွားဖွယ် အနိုင်ရခဲ့တဲ့ ပွဲစဉ်အတွင်း ဆာရီကို ရာထူးကနေ ထုတ်ပယ်ပေးဖို့  ချယ်လ်ဆီး ပရိသတ်တွေ အော်ဟစ်တောင်းဆိုခဲ့ကြပေမယ့်လည်း ဆာရီက သူဟာ အသင်းနည်းပြရာထူးအတွက် ဆက်လက် တိုက်ပွဲဝင်သွားမယ်လို့ အခိုင်အမာ ပြောဆိုသွားပါတယ်။

ချယ်လ်ဆီးအသင်းက ကာဒစ်ဖ်အသင်းကို ပွဲပြီးဖို့ ၆ မိနစ်သာ ကျန်တဲ့အချိန်အထိ ၁-၀ ဂိုးနဲ့ ရှုံးနိမ့်ပြီး ရုန်းကန်နေရတဲ့ အချိန်မှာ ဆာရီရဲ့ နည်းပြရာထူးနေရာဟာလည်း မရေမရာဖြစ်လာပါတယ်။

ဒီပွဲမှာ ချယ်လ်ဆီးသာ ရှုံးသွားခဲ့မယ်ဆိုရင် အဆင့် ၄ ထဲ ဝင်ရောက်ဖို့ ထိခိုက်နိုင်ဖွယ်ရှိလာနိုင်ပြီး သူတို့ ပရိသတ်တွေရဲ့ အမျက်ဒေါသဟာလည် ဆာရီအပေါ် ပုံကျခဲ့မှာဖြစ်ပါတယ်။

ကံကောင်းစွာနဲ့ပဲ အက်ဇ်ပီလီကွီတာရဲ့ သွင်းဂိုးဟာ သိသိသာသာ လူကျွံနေပေမယ့် ကွင်းလယ်ဒိုင်က ဂိုးအဖြစ် သတ်မှတ်ပေးခဲ့ပြီး ပွဲပြီးခါနီးမှာ လော့ဖ်တပ်စ် ချိစ်ရဲ့ အနိုင်ဂိုးက ဆာရီရဲ့ အသင်းကို ကယ်တင်ပေးခဲ့တာကြောင့် လာမယ့် ရာသီချန်ပီယံလိဂ်ဝင်ခွင့်နေရာ တစ်နေရာအတွင် မျှော်လင့်ချက် ဆက်လက်ရှိနိုင်ခဲ့ပါတယ်။

"ဆာရီ ထွက်သွား"ဆိုတဲ့ ထပ်ခါထပ်ခါ ထွက်ပေါ်လာတဲ့ ပရိသတ်တွေရဲ့ အော်ဟစ်မှုကို ဘယ်လိုခံစားရသလဲလို့ ဆာရီကို မေးမြန်းခဲ့ရာမှာ "ကျနော် မဖြေကြားလိုပါဘူး။ ဒါပေမယ့် ပရိသတ်တွေရဲ့ တုံ့ပြန်မှုကို ကျနော် နားလည်းပေးနိုင်ပါတယ်။"လို့ သူက ပြောပါတယ်။

"'ဒါပေမယ့် သူတို့အတွက် အကောင်းဆုံးဖြစ်နိုင်တာက ပွဲပြီးဆုံးတဲ့အချိန်ထိ စောင့်ကြည့်ပေးဖို့ ဖြစ်ခဲ့ပါတယ်။"

ဆာရီက ပရိသတ်တွေရဲ့ တောင်းဆိုမှုတွေက သူ့ကို စတမ်းဖို့ဒ်ဘရစ်ချ်ကနေ ထွက်ခွာသွားအောင် ပြုလုပ်နိုင်မှာ မဟုတ်ပေမယ့် ချယ်လ်ဆီးအသင်းသာ ချန်ပီယံလိဂ်ဝင်ခွင့်မရခဲ့ဘူးဆိုရင်တော့ သူဟာ ရာထူးကနေ နုတ်ထွက်ဖို့ ဆုံးဖြတ်ချက်က လက်ထဲမှာ ရှိတယ်လို့ ဆိုပါတယ်။

"ဒါက ကျနော်အတွက်တော့ ပြဿနာကြီး တစ်ရပ်မဟုတ်ပါဘူး။ သူတို့ရဲ့ အမြင်တွေကို ပြောင်းလဲနိုင်ဖို့ လုပ်ဆောင်သွားမှာပါ။"

"ကျနော် ဒီမှာ ဆက်နေချင်ပါသေးတယ်။ ချယ်လ်ဆီးကို ကျနော် ရောက်လာချိန်မှာ ဒီအသင်းက မန်စီးတီးရဲ့နောက်မှာ အမှတ် ၃၀ လောက် ကွာဟနေခဲ့ပါတယ်။ ဒီအသင်းမှာ ကျနော် ဆက်နေချင်ပြီး ရလဒ်တွေ ကောင်းမွန်လာဖို့ ကြိုးစားသွားမှာပါ။ ဒါပေမယ့် ဒါဟာ လွယ်ကူတဲ့ အလုပ်တော့မဟုတ်ပါဘူး။

"လက်ရှိအခိုက်အတန့်မှာ မန်စီးတီး၊ လီဗာပူးလ်နဲ့ ကျနော်တို့ကြားမှာ ခြားနားမှုတွေရှိနေပါတယ်။"

ကာဒစ်အသင်းကို အနိုင်ရခဲ့တာကြောင့် ချယ်လ်ဆီးအသင်းဟာ အမှတ်ပေးဇယားအဆင့် ၆ နေရာမှာရပ်တည်ပေမယ့် အဆင့် ၄ နေရာက မန်ယူအသင်းနဲ့ တစ်မှတ်တည်းသာ ကွာဟပါတယ်။

ဒါ့အပြင် ဆာရီဟာ ဒီပွဲမှာ ဟာဇက်နဲ့ ကန်တေတို့ နှစ်ဦးလုံးကို အရန်စာရင်းမှာသာ ချန်ထားခဲ့သလို ပုံစံကောင်းရနေတဲ့ အင်္ဂလန်လူငယ်ကစားသမား ဟတ်ဒဆန် အိုဒွိုင်းကိုလည်း အသုံးပြုခြင်းမရှိတဲ့အပေါ် သူ့ရဲ့ လူစာရင်းရွေးချယ်ခဲ့တဲ့ ဆုံးဖြတ်ချက်ကို ကာကွယ်ပြောဆိုသွားပါတယ်။

"ဟာဇက်ဟာ တစ်ရာသီ ပွဲ ၇၀ လောက် မကစားနိုင်ပါဘူး။ ကန်တေဆိုရင်လည်း ရာသီတိုင်းမှာ ပွဲအများကြီး ကစားခဲ့ပါတယ်။ ဒါ့ကြောင့် ကစားသမားတွေကို အနားပေးဖို့ ခင်ဗျာမှာ အချိန်အခိုက်အတန့်တစ်ခု ရှိပါတယ်။"လို့ သူက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

(AFP)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly