ဖေ့ဘွတ်ခ်မက်ဆင်ဂျာမှ ချိန်းဆိုကာ လူသတ်မှု ကျူးလွန်ခဲ့ရာတွင် ပါဝင်ခဲ့သူ ၃ ဦးကို ဖမ်းမိ

ဖေ့ဘွတ်ခ်မက်ဆင်ဂျာမှ ချိန်းဆိုကာ လူသတ်မှု ကျူးလွန်ခဲ့ရာတွင် ပါဝင်ခဲ့သူ ၃ ဦးကို ဖမ်းမိ
ဓာတ်ပုံ-ရဲဇာနည်

မတ် ၃၁ ၊ ရန်ကုန် ။                ။ ဖေ့ဘွတ်ခ်မက်ဆင်ဂျာမှ တဆင့် အပြင်တွင် တွေ့ဆုံ ချိန်းဆိုပြီး လုယက်ရန်ကြံစည်ကာ လူသတ်မှုကျူးလွန်ရာတွင် ပါဝင်ခဲ့သည့် အသက်မပြည့်သေးသူ လူငယ် ၃ ဦးကို ဖော်ထုတ်ဖမ်းဆီးရမိခဲ့သည်ဟု ရဲတပ်ဖွဲ့မှ ထုတ်ပြန်သည်။

ဖြစ်စဉ်မှာ မတ်လ ၂၃ ရက် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ သံလျှက်မှော်တောင်ရပ်ကွက်၊ စစ်ကိုင်း-မန္တလေးကားလမ်းနှင့် (၈၆)လမ်းကြားရှိ ရွှေတစ်ချောင်းတံတားပေါ်၌ ည ၉ နာရီအချိန်တွင် လူတစ်ဦး ထိုးသွင်းဒဏ်ရာများဖြင့် လဲကျနေကြောင်း သတင်းရရှိခဲ့သည်။

သတင်းအရ မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များကသက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါတံတားပေါ်၌ ၆ဝယ/×××× Scoopyi အပြာရောင်ဆိုင်ကယ် ၁ စီးနှင့် အသက်(၄၀)နှစ်ခန့် အမျိုးသားတစ်ဦးအား ဒဏ်ရာများဖြင့် လဲကျနေသည်ကိုတွေ့ရှိရ၍ မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကုသစဉ် သေဆုံးသွားသည်။ သေဆုံးသူမှာ မျိုးမျိုး(ခ)မျိုးမင်းဦး ဖြစ်ကြောင်း သိရှိရသဖြင့် မြို့မရဲစခန်း (ပ)၁၈၅/ ၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုရေးဖွင့်ဆောင်ရွက်ခဲ့သည်။

သေဆုံးသူ မျိုးမျိုး(ခ) မျိုးမင်းဦး၏ လက်ကိုင်ဖုန်းရှိ Facebook Messenger ၌ Sharr Wana အကောင့်ဖြင့် လူငယ်တစ်ဦးနှင့် တွေ့ဆုံရန် ချိန်းဆိုထားပြီး ၀၉/××××××××× ဖုန်းနံပါတ်အား ဆက်သွယ်ရန် ရေးသားထားသည်ကို စစ်ဆေးတွေ့ရှိခဲ့သည်။

အမျိုးသမီးရဲတပ်ဖွဲ့ဝင်တစ်ဦးအား အဆိုပါလက်ကိုင်ဖုန်းသို့ မှားယွင်းဆက်မိချင်ဟန်ဆောင်၍ ဆက်သွယ်ချိန်းဆိုစေခဲ့ရာဖုန်းပိုင်ရှင်မှ ညနေ ၅ နာရီ အချိန် မဟာမုနိဘုရားကြီးပန်းခြံတွင် လာရောက်တွေ့ဆုံမည်ဟု ပြောဆိုခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင်များက သွားရောက်စောင့်ဆိုင်းနေစဉ် ၎င်းမှ (၄၁)လမ်း၊ သားရေစက်ရုံရှေ့တွင် ဆိုင်ကယ်ဆီပြတ်နေ၍လာရောက်ရန် ဖုန်းဖြင့် ထပ်မံဆက်သွယ်ပြောဆိုလာသောကြောင့် သွားရောက်ခဲ့ရာ ဖုန်းပိုင်ရှင်ဖြစ်သူ မဟာအောင်မြေမြို့နယ်၊ သံလျှက်မှော် အနောက်ရပ်ကွက်နေ သီဟအောင်(၁၅)နှစ်နှင့် တစ်ရပ်ကွက်တည်းနေ ခွန်းဆက်မျိုးအောင်(ခ) နောင်နောင်(၁၄)နှစ်တို့(၂)ဦးအား ဖမ်းဆီးရမိခဲ့သည်။

စစ်ဆေးဖော်ထုတ်ချက်အရအခင်းဖြစ်နေ့ ည ၆ နာရီအချိန် မဟာအောင်မြေမြို့နယ်၊ သံလျှက်မှော်အနောက်ရပ်ကွက်ရှိလက်ဖက်ရည်ဆိုင်၌ တစ်ရပ်ကွက်တည်းနေ ညီညီလွင် (၁၅)နှစ်၊ ဝေလင်းဦး(စိစစ်ဆဲ)နှင့် ဖိုးချမ်း(ခ)ငြိမ်းချမ်းအောင် (၁၉) နှစ်တို့ ၃ ဦးနှင့် တွေ့ဆုံခဲ့ကြောင်း၊ ထိုသို့ တွေ့ဆုံစဉ် ဖိုးချမ်း(ခ)ငြိမ်းချမ်းအောင် မှ “ငါတို့ငွေလိုနေတယ်၊ မင်းတို့ လိုင်းပေါ်မှာတွေ့ထားတဲ့သူရှိရင် ချိန်းလိုက်၊ ငါတို့ဝင်လုမယ်ဟု” ပြောဆိုခဲ့သဖြင့် သီဟအောင်နှင့် ခွန်းဆက်မျိုးအောင် (ခ)နောင်နောင်တို့က မျိုးမျိုး(ခ)မျိုးမင်းဦးအား Facebook Messenger မှ တစ်ဆင့် မနော်ရမ္မံဥယျာဉ်အနောက်ပေါက်၌တွေ့ဆုံရန်ချိန်းဆိုခဲ့သည်။

၎င်းနေရာသို့ ရောက်ရှိစဉ် လူများနေသဖြင့် ဖိုးချမ်း(ခ)ငြိမ်းချမ်းအောင်မှ တမ္ပဝတီရပ်ကွက်၊စန္ဒာမုနိဘုရားလမ်းကြားသို့ ခေါ်ဆောင်လာရန်နှင့်ညီညီလွင်၊ ဝေလင်းဦးတို့(၂)ဦးနှင့်အတူစောင့်ဆိုင်းနေမည်ဖြစ်ကြောင်းပြောဆိုခဲ့ရာ ၎င်းတို့(၂)ဦးမှ ရုပ်ဆိုးဆိုင်ကယ်ဖြင့် လည်းကောင်း၊ မျိုးမျိုး(ခ)မျိုးမင်းဦး မှ Scoopyi ဆိုင်ကယ် ဖြင့်လည်းကောင်း အဆိုပါနေရာသို့ သွားရောက်ခဲ့ပြီးစကားပြောခဲ့ကြောင်း၊ ထို့နောက်အသင့်စောင့်ဆိုင်းနေသည့် ဖိုးချမ်း(ခ)ငြိမ်းချမ်းအောင်နှင့် ဝေလင်းဦးတို့ရောက်ရှိလာပြီးမျိုးမျိုး(ခ)မျိုးမင်းဦး၏လက်ကိုင်ဖုန်းကို တောင်းယူစဉ် ၎င်းမှ ဆိုင်ကယ်မောင်းနှင်ထွက်ပြေးသဖြင့် ဖိုးချမ်း(ခ)ငြိမ်းချမ်းအောင်က အသင့်ပါလာသောဓားမြှောင်ဖြင့် မျိုးမျိုး(ခ)မျိုးမင်းဦးအား ထိုးခဲ့ပြီး လူစုခွဲကာ နေအိမ်သို့ ပြန်ခဲ့ကြောင်း ရဲတပ်ဖွဲ့ထုတ်ပြန်ချက်အရ သိရှိရသည်။

စစ်ဆေးပေါ်ပေါက်ချက်အရ ရဲတပ်ဖွဲ့ဝင်များကအမှုမှ ကျန်ရှိသော ကျူးလွန်ရာတွင် ပါဝင်သူဖြစ်သော ညီညီလွင်( အသက် ၁၅ နှစ်) ကို နေပူရွာရပ်ကွက်လမ်းမပေါ်၌ ဖမ်းဆီးရမိခဲ့သည်။

လက်ရှိတွင်  ဖိုးချမ်း(ခ)ငြိမ်းချမ်းအောင်နှင့်ဝေလင်းဦးတို့ ၂ ဦးအား ဖမ်းဆီးရမိရေးစီစဉ်ဆောင်ရွက် လျက် ရှိကြောင်း သတင်းရရှိသည်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly