ချန်ပီယံခါးပတ်ကာကွယ်ပွဲမှာ ပရိသတ်တွေကို ကျေးဇူးတင်ကြောင်း ပြောလိုက်တဲ့ အောင်လအန်ဆန်

ချန်ပီယံခါးပတ်ကာကွယ်ပွဲမှာ ပရိသတ်တွေကို ကျေးဇူးတင်ကြောင်း ပြောလိုက်တဲ့ အောင်လအန်ဆန်

မတ် ၃၁ ၊ တိုကျို ။              ။ အောင်လအန်ဆန်က ဂျပန်နိုင်ငံသား ကန်ဆီကာဝါကို အိမ်ရှင်ပရိသတ်တွေရှေ့မှောက်တွင် ဒုတိယအချီမှာ ဒိုင်ပွဲရပ်ဖြင့် အနိုင်ယူခဲ့ပြီး ONE မစ်ဒယ်ဝိတ်ကမ္ဘာ့ချန်ပီယံခါးပတ်ကို အောင်မြင်စွာ ကာကွယ်သွားနိုင်ခဲ့သည်။

ပြိုင်ပွဲတစ်လျှောက်လုံးတွင် အောင်လအန်ဆန်ကဘကန်ဟက်ဆီကာဝါထံသို့ လက်သီးချက်များ၊ လျင်မြန်သော ကန်ချက်များ ဆက်တိုက်ပစ်သွင်းနေခဲ့ကာ ပြိုင်ဘက်အပေါ် အသာစီးရယူနိုင်ခဲ့ပါတယ်။

ဒုတိယအချီပြီးဆုံးခါနီးအချိန်တွင် အောင်လအန်ဆန်ရဲ့ ညာလက်သီးချက်ကြောင့် ကန်ဟက်ဆီကာဝါ လဲကျသွားပြီးနောက် လက်သီးချက်များ ဆက်တိုက်ထိုးပြီး ချန်ပီယံခါးပတ်ကို ကာကွယ်သွားခဲ့တာပါ။

"ကျွန်တော်လည်း အရမ်းဝမ်းသာပါတယ်။ ကျွန်တော်ကြမ်းကြမ်းတမ်းတမ်း ပြင်ဆင်ပြီးတော့ အရမ်းကြိုးစားထားတယ်ဆိုတော့ ဒီလိုမျိုး အောင်မြင်မှုရတဲ့အတွက် အရမ်းပျော်တယ်ပေါ့။ ကျွန်တော့ကို မြန်မာပရိသတ်တွေ အားပေးပြီးတော့၊ ကျွန်တော့်ကို အမြဲတမ်း ကျွန်တော့ကို အားပေးတဲ့အတွက် ကျေးဇူးတင်တယ်။ အားလုံးကို အရမ်းချစ်တယ်" လို့ အောင်လအန်ဆန်က ပွဲအပြီးမှာ မြန်မာမီဒီယာတွေနဲ့တွေ့ဆုံစဉ်မှာ ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်က ရန်ကုန်တွင် ယှဉ်ပြိုင်ခဲ့တဲ့ပွဲမှာ ကန်ဟက်ဆီကာဝါကို ငါးချီထိ ယှဉ်ပြိုင်ပြီးမှ အနိုင်ရခဲ့တာဖြစ်ပြီး မကျေပွဲအဖြစ် ဂျပန်နိုင်ငံသား ကန်ဟက်ဆီကာဝါနဲ့ မတ် ၃၁ ရက်၊ ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာပြုလုပ်တဲ့ A New Era ပွဲမှာ ယှဉ်ပြိုင်ခဲ့တာပါ။

"ကျွန်တော် ကန်တာကို တော်ရုံ မခံနိုင်ဘူး ။ ထရိန်နင်မှာ လူအများတိုင်းက မခံနိုင်ဘူး။ ဒါပေမယ့် "ကန်" က အဲလိုမျိုး ခံနိုင်တယ်။ အဲဒီတော့ သူ့ကို ပြိုင်ဘက် မကောင်းဘူးလို့ ပြောလို့မရဘူး"လို့ အောင်လအန်ဆန်က ပြိုင်ဖက်အကြောင်း ပြောပါတယ်။

ဂျပန်ရောက် မြန်မာနိုင်ငံသားတွေ လာရောက်အားပေးခဲ့ကြပြီး ကချင်အလံတွေနဲ့ ကြိုဆိုခဲ့ကြတဲ့အပေါ် " အလံတွေအားလုံး စည်းလုံးညီညွတ်ပြီးနော့ ချသ်ချင်းမေတ္တာတရားကိုပြနိုင်အောင်၊ ဘယ်သူမဆို ကျွန်တော်တို့မြန်မာပြည်ကလူတွေ၊ ချင်းတွေ၊ ကချင်တွေ၊ ရခိုင်တွေ၊ မွန်တွေအားလုံး စည်းလုံးပြီးတော့ ၊ ညီညီညွတ်ညွတ်နဲ့ကြိုးစားပြီးတော့ ၊ ချစ်ခင်ရအောင်လို့ ကျွန်တော်တိုက်တွန်းချင်ပါတယ်။အားလုံးကို အရမ်းကျေးဇူးတင်ပါတယ်" လို့ သူက တိုက်တွန်းသွားပါတယ်။

အောင်လအန်ဆန်က မြန်မာနိုင်ငံမှာ ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းတွင် လာရောက်ထိုးသတ်ဖို့ရှိတယ်လို့လည်း ပြောပါတယ်။

"ဒီနှစ်မြန်မာနိုင်ငံမှာ နောက်ထပ်တစ်ပွဲရှိသေးတယ်။နှစ်မကုန်ခင်ပေါ့။ အတိအကျတော့ မသိသေးပါဘူး။  နိုဝင်ဘာ၊ ဒီဇင်ဘာလောက်ဖြစ်မယ်" လို့ ပြောပါတယ်။

မတ်လ ၃၁ ရက်၊ ဂျပန်နိုင်ငံ၊ တိုကျိုမှာ ပြုလုပ်တဲ့ တွဲဆိုင်း ၁၆ ဆိုင်းပါတဲ့ ONE: A New Era ပွဲရဲ့ ဒုတိယအဓိက တွဲဆိုင်းအဖြစ် အောင်လအန်ဆန်က ပါဝင်ခဲ့တာဖြစ်ပြီး ပထမတွဲဆိုင်း ဖြစ်တဲ့ ဂျပန်နိုင်ငံသား Shinya Aoki က ပြိုင်ဘက် ဖိလစ်ပိုင်နိုင်ငံသား Eduard Folayang ကို ချုပ်ကွက်ဖြင့် အနိုင်ယူကာ ONE လိုက်ဝိတ်ကမ္ဘာ့ချန်ပီယံခါးပတ်ကို အရယူနိုင်ခဲ့ပါတယ်။

ONE  အမျိုးသမီး စတောဝိတ်တန်း ကမ္ဘာ့ချန်ပီယံ တရုတ်နိုင်ငံသူ ကစားသမား Xiong Jing Nanက ပြိုင်ပွဲနောက်ဆုံးအချီတွင် စိန်ခေါ်သူ စင်ကာပူနိုင်ငံသူ Angela Lee ကို ဒိုင်ပွဲရပ်ဖြင့် အနိုင်ရယူကာ သူ့ရဲ့ ခါးပတ်ကို ကာကွယ်နိုင်ခဲ့ပါတယ်။

ONE ဘန်တန်ဝိတ်ကမ္ဘာ့ချန်ပီယံခါးပတ်လုပွဲ တွင် Kevin Belingon ထုတ်ပယ်ခံရပြီး Bibiano Fernandes က အနိုင်ရခဲ့ပါတယ်။ ONE ဖလိုင်းဝိတ်ကမ္ဘာ့ Grand Prix ကွာတားဖိုင်နယ်ပြိုင်ပွဲ - ဒုတိယအချီ ၂ မိနစ် ၄၀ စက္ကန့်တွင် Demetrious Johnson က Yuya Wakamatsu ကို (လည်ပင်း) ချုပ်ကွက်ဖြင့် အနိုင်ယူခဲ့ပါတယ်။

ONE လိုက်ဝိတ်ကမ္ဘာ့ Grand Prix ကွာတားဖိုင်နယ်ပြိုင်ပွဲတွင်  ပထမအချီ ၄ မိနစ် ၅ စက္ကန့်တွင် Timofey Nastyukhin က Eddie Alvarez ကို ဒိုင်ပွဲရပ်ပုံစံဖြင့် အနိုင်ယူခဲ့ပါတယ်။

ONE Super Series Kickboxing ကတ်ချ်ဝိတ်ပြိုင်ပွဲ - ဒုတိယအချီ ၅၁ စက္ကန့်တွင် Yodsanklai IWE Fairtex က Andy Souwer ကို ဒိုင်ပွဲရပ်ပုံစံဖြင့် အနိုင်ယူခဲ့ပါတယ်။

ONE ဖလိုင်းဝိတ်ကမ္ဘာ့ Grand Prix ကွာတာဖိုင်နယ်ပြိုင်ပွဲ - တတိယအချီအပြီးတွင် Danny Kingad က Senzo Ikeda ကို ဒိုင်အားလုံးသဘောတူဆုံးဖြတ်ချက်ဖြင့် အနိုင်ယူခဲ့ကာ ONE ဖလိုင်းဝိတ်ကမ္ဘာ့ Grand Prix ကွာတားဖိုင်နယ်ပြိုင်ပွဲ တတိယအချီအပြီးတွင် Kairat Akhmetov က Reece McLaren ကို ဒိုင်အားလုံးသဘောတူဆုံးဖြတ်ချက်ဖြင့် အနိုင်ယူနိုင်ခဲ့ပါတယ်။

ONE Super Series ဖလိုင်းဝိတ်မွေထိုင်းပြိုင်ပွဲ တတိယအချီအပြီးတွင် Rodtang Jitmuangnon က Hakim Hamech ကို ဒိုင်တွေရဲ့ ကွဲလွဲတဲ့ ဆုံးဖြတ်ချက်ဖြင့် အနိုင်ယူခဲ့သလို ONE Super Series ဖလိုင်းဝိတ် Kickboxing ပြိုင်ပွဲ  တတိယအချီအပြီးတွင် Joseph Lasiri က Hiroki Akimoto ကို ဒိုင်များမဲပေးဆုံးဖြတ်ချက်ဖြင့် အနိုင်ယူနိုင်ခဲ့ပါတယ်။

အမျိုးသမီးအက်တမ်ဝိတ်တန်းပြိုင်ပွဲတွင် တတိယအချီ ၃ မိနစ် ၁၈ စက္ကန့်တွင် Mei Yamaguchi က Kseniya Lachkova ကို (တံတောင်) ချုပ်ကွက်ဖြင့် အနိုင်ယူခဲ့ပါတယ်။

ဖယ်သာဝိတ်တန်းပြိုင်ပွဲတွင် ပထမအချီ ၄ မိနစ် ၁၂ စက္ကန့်တွင် Garry Tonon က Anthony Engelen ကို ဒိုင်ပွဲရပ်ဖြင့် အနိုင်ရကာ ONE Super Series ဘန်တန်ဝိတ်မွေထိုင်းပြိုင်ပွဲ တတိယအချီအပြီးတွင် Panicos Yusuf က Mohammed Bin Mahmoud ကို ဒိုင်အားလုံးရဲ့ သဘောတူဆုံးဖြတ်ချက်ဖြင့် အနိုင်ယူခဲ့ပါတယ်။ လိုက်ဝိတ်တန်းပြိုင်ပွဲ ပထမအချီ ၄ မိနစ် ၁၆ စက္ကန့်တွင် Yoon Chang Min က Bala Shetty ကို (လည်ပင်း) ချုပ်ကွက်ဖြင့် အနိုင်ယူခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly