ဗိုလ်မှူးကြီးဗထူးကျောက်တိုင်ရွှေ့ပြောင်းမှု အကြောင်းကြားမှု တစုံတရာ မရှိခဲ့ဟု ဆို

ဗိုလ်မှူးကြီးဗထူးကျောက်တိုင်ရွှေ့ပြောင်းမှု အကြောင်းကြားမှု တစုံတရာ မရှိခဲ့ဟု ဆို

ရန်ကုန်၊ မတ် ၃၁ ။     ။ အောင်ပန်းမြို့ အထိမ်းအမှတ် ဗိုလ်မှူးကြီး ဗထူးကျောက်တိုင်ကို ရွှေ့ပြောင်းရာတွင် မိသားစုဝင် မြေးဖြစ်သူ တို့ကို အသိပေးခြင်း၊ အကြောင်းကြားခြင်း တစ်စုံတစ်ရာမရှိခဲ့ကြောင်း ဗိုလ်မှူးကြီး ဗထူး၏ မြေးတော်စပ်သူ ဒေါ်နီနီထူးက မဇ္ဈိမသို့ ပြောသည်။

“ဘယ်အသိုင်းအဝိုင်းကမှလည်း ၊ ဘယ်ကော်မတီကမှလည်း အကြောင်း မကြားခဲ့ဘူး အစ်မတို့ကို။ နောက် တစ်ခုက မြေးဖြစ်သူဆိုတာက အစ်မတို့က အဖေ့ရဲ့ သားသမီး ဗိုလ်မှူးကြီးဗထူးရဲ့ မြေးအစစ်တွေပေါ့။ ကျန်တဲ့ တူတွေ၊ တူမတွေက မွေးတဲ့ သားသမီးတွေ ရှိဦးမယ်။ မြေးဖြစ်သူ တကယ်ပြောတယ်ဆိုလည်း ဘယ်မြေး ပြောတာလဲ သိချင်ပါတယ်” ဟု ဗိုလ်မှူးကြီး ဗထူး၏ မြေးတော်စပ်သူ ဒေါ်နီနီထူးက ပြောသည်။

ယနေ့ မတ် ၃၁ ရက်နေ့က  ဗိုလ်မှူးကြီးဗထူး၏ ဒုတိယသား ဦးဆန်းထူး( ခေါ် ) ဦးဆန်းဝင်း၏ သမီးများ၊ ဗိုလ်မှူးကြီးဗထူး၏ မြေးများဖြစ်သော ဒေါ်နီနီထူး၊ ဒေါ်ကေသီထူး၊ ဒေါ်ရီရီထူး၊ ဒေါ်တင်မာထူးတို့က မဇ္ဈိမသို့ ဆက်သွယ်ပြောဆိုထားခြင်း ဖြစ်သည်။

မတ်လ ၂၉ ရက်က နေပြည်တော်တွင် ပြုလုပ်ခဲ့သော သမ္မတရုံးသတင်းစာရှင်းလင်းပွဲတွင် ရွှေ့ပြောင်းခံလိုက် ရသော အောင်ပန်းမြို့အထိမ်းအမှတ် ဗိုလ်မှူးကြီး ဗထူးကျောက်တိုင် ရွှေ့ပြောင်းမှုသည် ဗိုလ်မှူးကြီး၏ မြေးဖြစ်သူ သဘောတူညီချက်နှင့် ဒေသခံတို့၏ သဘောတူညီချက်ကို ယူပြီးမှ လုပ်ဆောင်ခဲ့ခြင်းဆိုသော ပြည်နယ်အစိုးရ၏ ဖြေဆိုချက်အပေါ် သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ကိုးကားပြောဆိုခဲ့ခြင်းကို မတ် ၃၀ ရက်က Mizzima သတင်းဌာနတွင် ဖော်ပြခဲ့ခြင်း ဖြစ်သည်။

အဆိုပါသတင်းကြောင့် ပြည်သူများ၏ အထင်လွဲခံရမည်စိုးသောကြောင့် ဖြေရှင်းရခြင်း ဖြစ်ကြောင်း ဗိုလ်မှူးကြီး ဗထူး၏ မြေး  ၄ ဦးက ပြောသည်။

“အကျိုးဆက်အနေနှင့် ပြည်သူတွေ၊ အစ်မတို့ရဲ့ အသိုင်းအဝိုင်းတွေက နင်တို့ မြေးတွေ ကိုယ်တိုင်က သဘောတူတာလား။ အဲ့လိုပုံစံတွေ မေးလာတော့ အစ်မတို့လည်း ဘယ်လိုဖြေရမလဲ။ မဟုတ်တဲ့ အတွက်ကြောင့် မဟုတ်တဲ့အကြောင်းတော့ ပြောတာပဲ။ မဟုတ်ပါဘူး။ ကျွန်မတို့လည်း မသိပါဘူးလို့။ ဖုန်းတွေလည်း တောက်လျှောက် ဆက်လာပါတယ်။ အဲ့လို အကျိုးဆက်တော့ ခံစားနေရတာပေါ့။ အဲ့ဒါကြောင့် မြေးဖြစ်သူတွေ ဘာမှ မသိပါဘူးဆိုတာ ဖြေရှင်းပေးဖို့ မဇ္စျိမကို လာတာပါ” ဟု ၄င်းတို့က ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးအား မတ် ၃၁ ရက်၊ မွန်းလွဲ ၃ နာရီခွဲခန့်က ဆက်သွယ်ရာ ဖုန်းဖြင့် မဖြေဆိုနိုင်ကြောင်း ပြောခဲ့ပြီး လာရောက်မေးမြန်းပါကလည်း သမ္မတအိမ်တော်တွင် ပုံမှန်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် မေးမြန်းနိုင်ကြောင်း၊ ဒီအတိုင်း ဖြေဆို၍ မရကြောင်း နေပြည်တော် အခြေစိုက် မဇ္ဈိမသတင်းထောက်ကို ဖြေဆိုထားသည်။

ထိုသို့ ပြောင်းရွှေ့မှုနှင့်ပတ်သက်ပြီး  အစိုးရဆုံးဖြတ်ချက်အပေါ် ဘာမှ ပြောစရာမရှိကြောင်း ဗိုလ်မှူးကြီး ဗထူး၏ မြေး  ၄ ဦးက ပြောခဲ့သည်။

အောင်ပန်းမြို့ရှိ  မြို့တည် နှစ် ၁၀၀ ပြည့်အထိမ်းအမှတ် ဗိုလ်မှူးကြီး ဗထူး ကျောက်တိုင်ကို ပြည်ထောင်စု လမ်းမကြီး တစ်ဘက် ပေ ၄၀ စီ တိုးချဲ့ရာတွင် လမ်းဧရိယာနှင့် မလွတ်ဟုဆိုကာ  မတ် ၂၈ ရက်က ဗထူးပန်းခြံ အတွင်းသို့ ပြောင်းရွှေ့ခဲ့ခြင်း ဖြစ်သည်။

ထိုသို့ ပြောင်းရွှေ့ရေးသဘောတူညီချက် ရရှိရန် အောင်ပန်းမြို့တွင် နာယက ၅ ဦး ပါဝင်သည့် အထောက်အကူ ပြုအဖွဲ့အဖြစ် ရှမ်းပြည်နယ် စီမံစီးပွားဝန်ကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် တစ်ဦး၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တစ်ဦး မြို့နယ်စီမံခန့်ခွဲမှု ဥက္ကဋ္ဌ ၊ မြို့နယ်စည်ပင် ဥက္ကဋ္ဌ တို့နှင့် စုစုပေါင်း ၃၉ဦး ပါဝင်သည့် အဖွဲ့က မြို့ခံများနှင့် ညှိနှိုင်းခဲ့သည်ဟု သမ္မတရုံးသတင်းစာရှင်းလင်းပွဲတွင် ပြောထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly