ဝမ်းထဲ သွေးပါခြင်းကို ဖြစ်စေတဲ႔ အကြောင်းအရင်းများ

ဝမ်းထဲ သွေးပါခြင်းကို ဖြစ်စေတဲ႔ အကြောင်းအရင်းများ

ရေးသားသူ Dr. Thin Yadanar @ Frances

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win.

   အားလုံး ဝမ်းမချုပ်ဘူးတဲ့သူ မရှိဘူးလို့ထင်ပါတယ်။ ဝမ်းချုပ်တဲ့ပြဿနာဟာ တကယ်ကို စိတ်ရှုပ်ရတဲ့ ပြဿနာတစ်ခုပါ။ ဝမ်းထဲသွေးပါရင် ပိုလို့တောင် အထိတ်တလန့် ဖြစ်ရပါသေးတယ်။ ဘာများဖြစ်နေပြီလဲ စိုးရိမ်ရလားဆိုပြီးတော့ပေါ့။ ဒါကြောင့် ဒီဆောင်းပါးလေးထဲမှာ ဝမ်းထဲ သွေးပါခြင်းကို ဖြစ်စေတဲ့ အကြောင်းအရာတွေ ပြောပြပေးတော့မှာပဲ ဖြစ်ပါတယ် ။ ။
ဝမ်းထဲသွေးပါတာ နှစ်မျိုးရှိပါတယ်။

    လတ်လတ်ဆတ်ဆတ် သွေးအနီရောင်တွေ ဝမ်းထဲပါတာ၊
    သွေးဝမ်းလို့ခေါ်ကြတဲ့ ဝမ်းမဲမဲတွေ ဆိုပြီး နှစ်မျိုးရှိပါတယ်။

ဒီလို ၂ ခုကွဲသွားရခြင်းရဲ့  အကြောင်းအရင်းကတော့ ရောဂါ ဖြစ်တဲ့နေရာ မတူလို့ပဲ ဖြစ်ပါတယ်။ အူသိမ်အပေါ်ပိုင်းအစာခြေလမ်းကြောင်းကထွက်တဲ့ သွေးတွေဟာ အစာအိမ်ထဲက အက်ဆစ်နဲ့ဓာတ်ပြုပြီး ဝမ်းမဲမဲတွေဖြစ် သွားလေ့ရှိပါတယ်။ သွေးအနီရောင် လတ်လတ်ဆတ်ဆတ်ကကျတော့ အူသိမ်အောက်ပိုင်းအစာခြေစနစ်မှာ ပြဿနာတစ်ခုခုရှိနေတာကြောင့် ထွက်လာတဲ့ သွေးတွေပါ။ ဒီတော့ ဘယ်လို ပြဿာနာတွေဖြစ်နိုင်လဲ ။ ။
ဝမ်းထဲသွေးပါရခြင်းကို ဖြစ်စေတဲ့ အကြောင်းအရင်းများ ။ ။
ဝမ်းထဲ သွေးနီနီရဲရဲပါရခြင်း အကြောင်းများ ။ ။

    လိပ်ခေါင်းရောဂါ – ဝမ်းသွားပြီးနောက်ပိုင်း သွေးနီနီရဲရဲတွေ ဆင်းလာတာ၊ ဝမ်းချုပ်တာ၊ စအိုနားတစ်ဝိုက်တင်းပြီး ယားယံနေတာမျိုး၊ စမ်းလိုက်ရင် အလုံးလေးစမ်းမိတာမျိုးတွေ ရှိပြီဆို လိပ်ခေါင်းရောဂါဖြစ်နေပါပြီ။
    စအိုဝကွဲခြင်း – သွေးစလေးတွေ ဝမ်းထဲကပ်ပါနေတာ၊ ဝမ်းသွားပြီး စအိုဝစပ်တာ၊ ဝမ်းချုပ်လို့ အရမ်းညှစ်သွားရတာမျိုးတွေရှိရင် စအိုဝကွဲတာနေတာ ဖြစ်နို်င်ပါတယ်။
    Diverticulitis ( အူမကြီး လမ်းကြောင်းတစ်လျှောက်အိတ်ကလေးများ ဖြစ်ခြင်း) – Diverticulosis လို့ခေါ်တဲ့ အိတ်ထဲက သွေးကြောမျှင်လေးတွေ ဖောင်းပြီး ပေါက်သွားရာမှ ဝမ်းထဲသွေးပါခြင်းဖြစ်နို်င်ပါတယ်။
    Inflammatory Bowel Disease (အူလမ်းကြောင်းရောင်ရမ်းခြင်း ) – IBD ထဲမှာ ulcerative colitis နဲ့ Crohn’s Disease ဆိုပြီး နှစ်မျိုးပါပါတယ်။ အဲဒီအထဲမှာ ulcerative colitis က အူမကြီးကိုထိတာဖြစ်ပြီး Crohn’s Disease ကတော့ အူလမ်းကြောင်းတစ်လျှောက် ကြိုက်တဲ့နေရာမှာ ဖြစ်နိုင်ပါတယ်။ ဒီ ၂ မျိုးလုံးဟာ အူမကြီးကို သွားထိစေတတ်တာကြောင့် ဝမ်းထဲသွေးပါခြင်းကိုဖြစ်စေတတ်ပါတယ်။
    အူမကြီးကင်ဆာ – အူမကြီးကင်ဆာကြောင့် ဝမ်းထဲသွေးပါတာမျိုးဖြစ်တတ်ပါတယ်။ သူ့ရဲ့လက္ခဏာတွေကတော့ အရင်တုန်းက ဝမ်းချုပ်ပေမယ့် ခုကျတော့ မနက်ပိုင်း သွေးဝမ်းပျော့ပျော့တွေသွားတာ၊ ဝမ်းသွားပြီး ဝမ်းကျန်သလိုခံစားနေရတာနဲ့၊ ကိုယ်အလေးချိန် သိသိသာသာကျဆင်းတာတွေ ပဲ ဖြစ်ပါတယ်။

ဝမ်းမဲမဲသွားရခြင်း အကြောင်းအရင်းများ ။ ။

ဝမ်းမဲမဲသွားရခြင်းဟာ အူသိမ်အပေါ်ပိုင်း အစာခြေစနစ်မှာ ဖြစ်နေတဲ့ ပြဿနာတွေ ကြောင့်ဆိုတာ အပေါ်မှာ ပြောခဲ့ပြီး ဖြစ်ပါတယ်။ ဒီတော့ ဝမ်းမဲမဲသွားစေတဲ့ အကြောင်းအရင်းတွေက ဘာများလဲ ။ ။

    အစာအိမ်အနာမှ သွေးယိုခြင်း- အစာအိမ်ရောင်တဲ့ အဆင့်တင်မဟုတ်ဘဲ အနာပါဖြစ်သွားတဲ့အခါကျ အစာတစ်ခါဝင်တိုင်း အနာကို ပွတ်မိပြီး သွေးထွက်တတ်ပါတယ်။ ဒီသွေးတွေက အစာအိမ်ထဲက အက်ဆစ်နဲ့ ဓာတ်ပြုတဲ့အခါကျ အနံ့နံတဲ့ ဝမ်းမဲမဲတွေ အဖြစ် ဆင်းလာပါတော့တယ်။
    အစာရေမြိုပြွန်မှ သွေးကြောထုံးများ – အသည်းရောဂါရဲ့ နောက်ဆက်တွဲ ဖြစ်တဲ့ အစာရေမြိုပြွန်မှ သွေးကြောထုံးတွေပေါက်သွားရာမှ တစ်ဆင့် ဝမ်းမဲမဲတွေ သွားတတ်ပါတယ်။
    အကိုက်အခဲပျောက်ဆေးများကြောင့် အစာအိမ်သွေးယိုခြင်း – အကိုက်အခဲ ပျောက်ဆေးအပြင်းစားကို အစာမစားဘဲ သောက်လိုက်တဲ့အခါ အစာအိမ်နံရံ သွေးယိုပြီး ဝမ်းမဲမဲတွေ သွားတတ်ပါတယ်။

ဒါတွေကတော့ ဝမ်းထဲသွေးပါခြင်းကို ဖြစ်စေတဲ့ အကြောင်းအရင်းတွေ ပဲ ဖြစ်ပါတယ်။ ဝမ်းထဲ သွေးပါတယ်ဆိုတာက အချိန်ကြာလာရင် သွေးအားနည်းပြီး သေချာဆေးကုသမှု မခံယူရင် ပိုဆိုးလာတတ်တာကြောင့်  မပေါ့ဆဘဲ ဆရာဝန်ဆီသွားတာ အကောင်းဆုံးပါ။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly