လူငယ်နဲ့စကားပြေအရေးအသား အမှားပြဿနာ

လူငယ်နဲ့စကားပြေအရေးအသား အမှားပြဿနာ

စာဖတ်သူများ ကျန်းမာပါစခင်ဗျာ
မနေ့တုန်းက သရုပ်ဖေါ်အဖွဲ့ထဲက မြင်ကွင်းငြိမ်သရုပ်ဖေါ်ဖွဲ့အကြောင်း ပြောပြဆွေးနွေးရာမှာ တစ်ပိုင်းတစ်စနဲ့ ရပ်ထားခဲ့တာရှိပါတယ်။ ဒီကနေ့ မပြီးသတ်သေးတဲ့ အဲဒီ မြင်ကွင်းငြိမ်သရုပ်ဖေါ်အဖွဲ့အကြောင်း ဆက်ပြောမှာပါ။

မြင်ကွင်းငြိမ်သရုပ်ဖေါ်အဖွဲ့ဆိုတာ အလှုပ်အရှားမရှိ ငြိမ်သက်နေတဲ့မြင်ကွင်းကို တစ်ခုချင်းစီ အနီးအဝေး အလင်းအမှောင် အထူအပါး အစရှိတဲ့မြင်ကွင်းတွေကို စာဖတ်သူ မျက်စေ့ထဲမြင်လာအောင်ရေးတာပါပဲ။ မနေ့တုန်းက ဥပမာတစ်ခုပေးပြီး ရှင်းပြခဲ့ပါတယ်။ ဒီကနေ့ နောက်ထပ်ဥပမာတစ်ခု ပေးပါအုန်းမယ်။ စာရေးဆရာ တက္ကသိုလ်မောင်မောင်ကြီးရဲ့ နိုင်ငံတော်မျက်နှာ ဆောင်းပါးထဲက ရွှေတိဂုံဘုရားမြင်ကွင်းကို ဖွဲ့ဆိုထားတာကို ဥပမာပေးလိုပါတယ်။

……ရှေ့သို့ မျက်စိတဆုံး မျှော်ကြည့်လိုက်သောအခါ တောအုပ်ညို့ညို့ ကုန်းမို့မို့အပေါ်တွင် ရွှေတိဂုံစေတီတော်ကြီးကို လှမ်း၍ဖူးမျှော်ရသည်။ ညနေခင်းနေရောင်ခြည်ကြောင့် စေတီတော်ကြီးသည် ရွှေရောင်ဖြင့် ဖိတ်ဖိတ်တောက်နေသည်။ နောက်ကျောခံ ပြာနှမ်းနှမ်းမိုးပြင်ကြောင့် ရွှေရောင်မှာ ပိုပြီးဝင်းနေသည်။ ကျနော်သည် စေတီတော်ကြိီးကို အာရုံပြုမိသည့်အလျောက် ခြေလှမ်းတို့သည်လည်း ဦးဝိစာရလမ်းအတိုင်း လိုက်လာကြပေသည်။ မြို့ပတ်လမ်းအဝိုင်းသို့ရောက်လျင်ပင် စေတီတော်ကြီးကို နီးနီးကပ်ကပ်ဖူးမျှော်ရပြီ။

အဝေးမှ တောအုပ်ညို့ညို့သာမြင်ရသော ကုန်းမို့မို့မှာ အနီးတွင် အောက်ခြေ၌ ထန်းတောကြိးများ၊ အပေါ်ရင်ပြင်၌ လင်းလွန်း၊ မရမ်း၊ ညောင် စသောအပင်များဖြင့် အုပ်နေသော ပန်းတည်ခုံ အမြှောင့်အမြှောင့်တိို့မှာ အဓိကရသစ်ပင်ကြီးတို့မှ မြစ်ပျဉ်းကြီးများတမျှ အမြှောင်းမြှောင်း ထနေသည်။

ပန်းတည်ခုံအထက် ခေါင်းလောင်းပုံလည်း အလွန်ပြေပြစ်၍ လုံးပတ်မှာလှသည်။ ခေါင်းလောင်းပုံထိပ်တွင် ကြာညွန့် ကြာရွက်တို့သည် တွဲရရွဲ စီရရီ ပတ်ပတ်လည် ကျနေဟန်ကို ဖူးရသည်။ ခေါင်းလောင်းပုံမှအထက်သို့ ဖေါင်းရစ်များသည် အရစ်အရစ် ခွေပတ်နေသည်။ အခွေအခွေအထက်မှ ငှက်ပျောဖူးကြီးလည်း အလုံးအဖန် အချိုးကျလှသည်။ ခေါင်းလောင်းပုံနှင့် ငှက်ပျောဖူးကြီးတို့၏ လုံးပတ်မှာ အလွန်ပနံရသည်။ အပေါ်သို့ သွယ်သွယ်မြင့်မြင့် တက်သွားပုံမှာ ပိုအဆင်ပြေလှသည်။ အလည်တွင် ဖေါင်းရစ်ခွေထားပုံမှာလည်း နေရာသင့်လှသည်။ ဖေါင်းရစ်နှင့်တဆက်တည်း ကြာမှောက်ကြာလှန် ချရားသီး ဖုဖုလုံးလုံးများကို ထည့်သွင်းထားပုံမှာလည်း အနုပညာပီသလှပေသည်။

ငှက်ပျောဖူးကြီးတွင် ရွှေသားရွှေချပ်များကို အကွက်အပြည့်ရိုက်ထားသဖြင့်လည်း စင်းစင်းချောချောမဟုတ်ဘဲ မျဉ်းပြိုင်မျဉ်းတံ ချထားသကဲ့သို့ အကွက်ကျကျ ညီလှပေသည်။ ငှက်ပျောဖူးကို ထီးတော်အုပ်ထားသည်။ ထီးတော်နှင့် ငှက်ပျောဖူး၊ ငှက်ပျောဖူးနှင့် ခေါင်းလောင်းပုံ၊ ခေါင်းလောင်းပုံနှင့် ပန်းတည်ခုံတို့မှာ တစ်ခုနှင့်တစ်ခု တစ်ဆင့်နှင့်တစ်ဆင့် အလိုက်အဖက် တင့်လှပေသည်။ ထီးတော်ပုံသဏ္ဍာန်မှာလည်း လူ့လည်ပင်းနှင့် ဦးခေါင်းကဲ့သို့ သွယ်သွယ်သပ်သပ် လုံးလုံးဝန်းဝန်း ရှိလှသည်။ အထက်ဆုံးတွင်ကား စိန်ဖူးနှင့် ငှက်မြတ်နားသည် သာသာနာ့တံခွန်ကို လွှင့်နေပေသည်။ ……

ဒါကတော့ စာရေးဆရာ တက္ကသိုလ်မောင်မောင်ကြီးက သူ့ရဲ့ နိုင်ငံတော်မျက်နှာ ဆောင်းပါးမှာရေးထားတဲ့ စာပိုဒ်တွေပါပဲ။ ရွှေတံဂုံဘုရား တည်ရှိနေပုံ ရုပ်ငြိမ်အဖွဲ့ စာပိုဒ်တွေပါပဲ။ ရွှေတိဂုံဘုရားကို မြင်နေရသည့်ကြားက စာဖတ်သူရဲ့ရင်ထဲ သည့်ထက်ပိုမိုစွဲငြိစေဖို့ ၀ိသေသသုံး စကားလုံးများ လှိုင်လှိုင်သုံးပြီး ရေးပြသွားတာကိုလည်း တွေ့ကြရမှာပါ။ ဥပမာ “ ပြာနှမ်းနှမ်း၊ မိုးပြင်၊ ရွှေရောင်၊ ဖိတ်ဖိတ်တောက်” စကားလုံးတွေက ရွှေတိဂုံဘုရားပုံတော်ကို ပိုမို ထင်ရှားပြတ်သားထူးခြားစွာ မြင်ရစေတဲ့ ၀ိသေသစကားလုံးတွေပါပဲ။

ကဲ နောက်ထပ် သရုပ်ဖေါ်အဖွဲ့အကြောင်း ဆက်ကြရအောင်ပါ။ ဒီအဖွဲ့ကိုတော့ “လှုပ်ရှားမှု သရုပ်ဖေါ်အဖွဲ့” ဖြစ်ပါတယ်။
လှုပ်ရှားမှု သရုပ်ဖေါ်အဖွဲ့ ဆိုတာ ဘာကိုဆိုလိုတာလည်း။ ဒါကလည်း အထက်ကပြောခဲ့ဆွေးနွေးခဲ့တဲ့ မြင်ကွင်းငြိမ်အဖွဲ့သဘောလိုပါပဲ။ လှုပ်ရှားနေတဲ့ အရာတွေ မြင်ကွင်းတွေ မြင်သာအောင် ရေးတဲ့ဖွဲ့တဲ့ အရေးအသားပါပဲ။
ဒီနေရာမှာ စဉ်းစားစရာရှိတာက လောကကြီးဟာ ငြိမ်သက်နေလေ့မရှိဘူးဆိုတဲ့အချက်ပါ။ သိသာမြင်သာ ထင်သာစေတဲ့လှုပ်ရားမှုကို မြင်ချင်တယ်ဆိုရင် လူတွေ၊ တိရစ္ဆာန်တွေကို စောင့်ကြည့်ရင် အလွယ်တကူ မြင်ကြရတွေ့ကြရမှာပါ။ ယုတ်စွအဆုံး သစ်ပင်များသည်ပင်လျင် ငြိမ်သက်ရိုးမရှိပါ။ ဒါကြောင့်သရုပ်ဖေါ်အရေးအဖွဲ့ကို ရေးကြတော့မယ်ဆိုရင် လောကမှာ ငြိမ်သက်နေတဲ့အရာများရှိသလို လှုပ်ရှားသက်ဝင်နေတဲ့အရာများကိုလည်း သရုပ်ဖေါ်ရေးဖွဲ့ကြရမှာ အသေအချာပါပဲ။

ကဲ ဒီကနေ့တော့ ဒီနေရာ ခေတ္တရပ်နားခွင့်ပြုပါ။ မနက်ဖြန်ကြမှပဲ “လှုပ်ရှားမှု သရုပ်ဖေါ်အဖွဲ့” ဆိုတာကို ဥပမာများနဲ့တကွ ဆက်လက်ရှင်းလင်းဆွေးနွေးသွားပါ့မယ်။
လူငယ်များ စကားပြေအရေးအသား မှန်ကန်ကြွယ်ဝ လှပနိုင်ကြပါစေ။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly