ဗိုလ်မှူးကြီးဗထူးကျောက်တိုင် ရွှေ့ပြောင်းမှုကို သဘောတူညီချက်ယူပြီးမှ လုပ်ဆောင်ခဲ့ခြင်းဟု ဦးဇော်ဌေး ပြော

ဗိုလ်မှူးကြီးဗထူးကျောက်တိုင် ရွှေ့ပြောင်းမှုကို သဘောတူညီချက်ယူပြီးမှ လုပ်ဆောင်ခဲ့ခြင်းဟု ဦးဇော်ဌေး ပြော

နေပြည်တော်၊ မတ် ၃၀ ။    ။ ရွှေ့ပြောင်းခံလိုက်ရသော အောင်ပန်းမြို့အထိမ်းအမှတ် ဗိုလ်မှူးကြီး ဗထူးကျောက်တိုင် ရွှေ့ပြောင်းမှုသည် မိသားစုဝင်၏ သဘောတူညီချက်ဖြင့် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောသည်။

ယမန်နေ့ မတ် ၂၉ ရက်က ပြုလုပ်ခဲ့သော သမ္မတရုံးသတင်းစာရှင်းလင်းပွဲတွင် ဗိုလ်မှူးကြီး၏ မြေးဖြစ်သူ သဘောတူညီချက်နှင့် ဒေသခံတို့၏ သဘောတူညီချက်ကို ယူပြီးမှ လုပ်ဆောင်ခဲ့ခြင်းဆိုသော ပြည်နယ် အစိုးရ၏ ဖြေဆိုချက်အပေါ် ယင်းကဲ့သို့ ကိုးကားပြောဆိုခဲ့ခြင်း ဖြစ်သည်။

 “ဒါကို သူတို့ တော်တော်လေး ညှိနှိုင်းခဲ့တယ်လို့ ပြောပါတယ်။ အစည်းအဝေးတွေ တောက်လျှောက် လုပ်ခဲ့တယ်။ လူထုကိုလည်း သဘောတူညီချက်တွေ ယူခဲ့တယ်။ နောက်ဆုံး ဗိုလ်မှူးကြီး ဗထူးရဲ့ မြေးဖြစ်တဲ့ သူကို မေးပြီးတော့ သဘောတူညီချက် ယူပါတယ်။ ယူပြီးတော့ ဟိုနေ့က ရွှေ့လိုက်တယ်ပေါ့နော်”ဟု သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောသည်။

အောင်ပန်းမြို့ရှိ  မြို့တည် နှစ် ၁၀၀ ပြည့် အထိမ်းအမှတ် ဗိုလ်မှူးကြီး ဗထူးကျောက်တိုင်ကို ပြည်ထောင်စု လမ်းမကြီး တစ်ဘက် ပေ ၄၀ စီ တိုးချဲ့ရာတွင် လမ်းဧရိယာနှင့် မလွတ်ဟုဆိုကာ  မတ် ၂၈ ရက်က ဗထူးပန်းခြံအတွင်းသို့ ပြောင်းရွှေ့ခဲ့ခြင်း ဖြစ်သည်။

ထိုသို့ ပြောင်းရွှေ့မှုအပေါ် လူမှုကွန်ရက်တွင် လူအများက ဝေဖန်ပြောဆိုခဲ့ခြင်းများရှိခဲ့ပြီး ယင်းအပေါ် “ဖေ့ဘွတ်ခ်ပေါ်မှာ တက်လာတာကတော့ ဒီကျောက်တိုင်ကို ကရိန်းတွေနဲ့ ဖြိုနေတာပဲ ကွက်ပြီးတော့ တက်လာတဲ့အပေါ်မှာလည်း ကျွန်တော်တို့လည်း စိုးရိမ်ပါတယ်။ စိုးရိမ်တော့ ဒီဟာတွေက သမိုင်းမှတ်တမ်း မော်ကွန်းဥပဒေ ဆိုတာ ရှိတယ်။ ဒီကိစ္စတွေနဲ့ ပတ်သက်လို့ သမိုင်းဝင်ထင်ရှားတဲ့၊ နိုင်ငံတော်အတွက် ကောင်းကျိုးတွေ ဆောင်ရွက်ခဲ့တဲ့ ပုဂ္ဂိုလ်တွေအတွက်ဆိုရင်တော့ အထူးသတိထားပြီးတော့ ဆောင်ရွက်ဖို့တော့ လိုတယ်ဆိုတာ ကျွန်တော်တို့ က ပြည်နယ်အစိုးရကိုလည်း ပြောပါတယ်။ အဲဒါကို မီဒီယာတွေကို သိအောင် မြန်မြန်ပြန်ရှင်းပါ”ဟု ဦးဇော်ဌေးက ပြောသည်။

ထိုသို့ ပြောင်းရွှေ့ရေးသဘောတူညီချက် ရရှိရန် အောင်ပန်းမြို့တွင် နာယက ၅ ဦး ပါဝင်သည့် အထောက်အကူ ပြုအဖွဲ့အဖြစ် ရှမ်းပြည်နယ် စီမံစီးပွားဝန်ကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် တစ်ဦး၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တစ်ဦး မြို့နယ်စီမံခန့်ခွဲမှု ဥက္ကဋ္ဌ ၊ မြို့နယ်စည်ပင် ဥက္ကဋ္ဌ တို့နှင့် စုစုပေါင်း ၃၉ဦး ပါဝင်သည့် အဖွဲ့က မြို့ခံများနှင့် ညှိနှိုင်းခဲ့သည်ဟု သိရသည်။

“ ကွေ့သွားလို့ ရရင် ကွေ့သွားစေချင်တာပေါ့။ မဲကောက်ပီး ရွှေ့၊ မရွှေ့ မေးမယ်ဆို မရွှေ့ချင်တဲ့ လူများတယ်။ ဒါပေမယ့် ခု ဖြိုပြီးမှဆိုတော့ ဘာမှ မပြောချင်တော့ဘူးဆိုတဲ့ လူတွေက များတယ်။ လူကြီးတွေလည်း ဘာမှမတတ်နိုင်ဘူး။ အဲဒီကျောက်တိုင်က ဇွန်လ ၁၅ ဆို ၇၄ နှစ် ပြည့်တော့မှာ။  သူတို့ကတော့ လူထု သဘာတူညီချက် ယူတယ်ပြောတာပဲ။ လူထုသဘောတူညီချက်ဆိုတာ မြို့ခံလူတိုင်းကို တောင်းရမှာလေ။ ခုတော့ ဖြိုတော့မယ်ဆိုမှ သိကြတာများတယ်။ လိုင်းပေါ်မှာတော့ အောင်ပန်းမြို့ခံတွေ အသုံးမကျဘူး အဆဲခံရတာပေါ့” ဟု မြို့ခံတစ်ဦးက ပြောသည်။

အောင်ပန်းမြို့တွင် တည်ဆောက်ထားသည့် ကျောက်တိုင်သည် ၁၉၄၅ ခုနှစ်၊ ဇွန်လ ၁၅ရက်နေ့က ဖွင့်လှစ်ခဲ့သည့် အထိမ်းအမှတ်ကျောက်တိုင်သာဖြစ်ပြီး ဗိုလ်မှူးကြီးဗထူး ကျဆုံးခဲ့သည့်နေရာဖြစ်သည့် ရွာငံတွင် သမိုင်း မှတ်တမ်း ကျောက်တိုင် တည်ရှိနေကြောင်း ဦးဇော်ဌေးက ဆက်လက်ပြောသည်။

“သူတို့ စနစ်တကျ သူတို့ ဖွဲ့စည်းပြီးတော့ လုပ်ပါတယ်။ မူလဟာတွေမပျက် လုပ်လို့ မရဘူးလား မေးတော့ ဒါက သူတို့ အင်ဂျင်နီယာနဲ့ အကုန်တိုင်းတာပြီးတော့မှ မူလနေရာက ဟိုဘက်နေရာမှာ ရှိတယ်။ ဒါက အထိမ်းအမှတ် တစ်ခုအနေနဲ့ ကျောက်တိုင်တစ်ခု ဖြစ်တယ်။ အထိမ်းအမှတ် ကျောက်တိုင်တစ်ခု ဖြစ်တဲ့အတွက် အဲ့ထက် ပိုပြီး ကောင်းမွန်တဲ့နေရာကို ရွှေ့တယ်ပေါ့။ ဒါကလည်း ပြည်သူလူထုအားလုံး သဘောတူတယ်လို့ ပြောပါတယ်”ဟု ဦးဇော်ဌေးက ပြောသည်။

အောင်ပန်းမြို့တွင် တည်ရှိသည့်ကျောက်တိုင်သည် ရှေးမူလက လေးမြှောင့်ပုံစံဖြစ်ကာ ကဒေါင်းကို ကနုတ် ခြံရံကာ အလှဆင်ထားခဲ့ကြောင်း၊ ၁၉၆၅ ခုနှစ်တွင် အောင်ပန်းမြို့နယ်မှ ကလောမြို့နယ်သို့ ကူးပြောင်းချိန်တွင် လက်ထောက် မြို့ပိုင်ဦးသိန်းလှိုင်က သုံးမြှောင်ပုံစံ ပြုပြင်ပြီး အနည်းငယ်မြှင့်ကာ ကဒေါင်းပုံ ကနုတ်ပန်း ဖြုတ်ခဲ့ကာ မူလကျောက်စာကို တပ်ဆင်ခဲ့ကြောင်း ၂၀၁၃ ခုနှစ် အောင်ပန်းကြေးမုံပြင် မဂ္ဂဇင်း၊စာရေးသူ မင်းလွင်ဦး (အောင်ပန်း)က ရေးသားကိုးထားချက်ကို ကိုးကားပြီး သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly