လူ့အခွင့်ရေးချိုးဖောက်ခံရမှုများရှိနေသည့် ရခိုင်ပြည်နယ်တွင် လူ့အခွင့်ရေးကော်မရှင်ရုံးခွဲ ဖွင့်လှစ်မည်

လူ့အခွင့်ရေးချိုးဖောက်ခံရမှုများရှိနေသည့် ရခိုင်ပြည်နယ်တွင် လူ့အခွင့်ရေးကော်မရှင်ရုံးခွဲ ဖွင့်လှစ်မည်

ရန်ကုန်၊မတ် ၃၀ ။     ။ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်ရေးကော်မရှင်၏ တတိယမြောက်ရုံးခွဲကို လူ့အခွင့်ရေးချိုးဖောက်ခံရမှုများ ရှိနေသည့် ရခိုင်ပြည်နယ်တွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း လူ့အခွင့်ရေးကော်မရှင်မှ ပြောရေးဆိုခွင့်ရှိသူ ဦးယုလွင်အောင် က ပြောသည်။

"လတ်တလော စိတ်ဝင်ပါဝင်စားမှုက ရခိုင်က နည်းနည်းများတာပေါ့လေ။ရခိုင်မှာ လူ့အခွင့် ရေးချိုးဖောက် မှုတွေဖြစ်တဲ့အခါမှာ ဘယ်လိုများကျွန်တော်တို့ စီစဉ်ထားသလဲဆိုတဲ့ မေးခွန်းတွေ လဲရှိကြတာပေါ့လေ။ ဒါကြောင့် ကျွန်တော်တို့က ရခိုင်ကို ဦးစားပေးဖွင့်လိုက်တာဖြစ်ပါတယ် "ဟု လူ့အခွင့်ရေးကော်မရှင်၏ ပြောရေးဆိုခွင့်ရှိသူ ဦးယုလွင်အောင်က ပြောသည်။

ရခိုင်ပြည်နယ်တွင် ရုံးခွဲဖွင့်လှစ်နိုင်ရေးအတွက် လူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် မတ်လ၂၈ ရက်တွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် သွားရောက်တွေ့ဆုံကာ ရုံးခွဲမြေနေရာရရှိရေး၊ ဝန်ထမ်း ခန့်အပ်ရေးဆိုင်ရာ ကိစ္စရပ်များဆွေးနွေးခဲ့သည်။

ရခိုင်ပြည်နယ် လူ့အခွင့်အရေးကော်မရှင်ရုံးခွဲကို ကနဦးအနေဖြင့် စစ်တွေမြို့ရှိ ပြည်နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ယာယီဖွင့်လှစ်မည်ဖြစ်ပြီး မြေနေရာရရှိပါက အမြဲတမ်းရုံး ခန်းဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။

စစ်တွေမြို့၊ဘူးသီးတောင်မြို့၊မောင်တောမြို့၊ပုဏ္ဏားကျွန်းမြို့ စသည့် ရခိုင်ပြည်နယ်ရှိ ဒေသခံပုဂ္ဂိုလ်များသည် လူ့အခွင့်ရေးကော်မရှင်သို့ လူကိုယ်တိုင်တိုင်ကြားခြင်း(သို့မဟုတ်)  တိုင်ကြားစာပို့ရာတွင် အခက်ခဲများ ရှိနိုင်ခြင်းကြောင့် စစ်တွေတွင် ရုံးခွဲဖွင့်လှစ်ခြင်းဖြစ်သည်။

 "လူ့အခွင့်ရေးဆိုင်ရာ ထူးခြားတဲ့သတင်းတွေ ကျွန်တော်တို့က သိချင်တယ်ဆိုရင် ရန်ကုန်ကနေ ထသွား မယ့်အစား ရုံးခွဲကလူကို တာဝန်ပေးလိုက်တဲ့အခါ ကျွန်တော်တို့က သတင်းထောက်လှမ်းတဲ့အခါ ပိုပြီး မြန်ဆန် သွားတာပေါ့။အဲ့တော့ လူအခွင့်ရေးချိုးဖောက်မှုတွေကို အမြန်ဆုံး ကယ်တင်နိုင်မယ်။ ကုသနိုင်မယ်။ ကာကွယ် နိုင်မှာဖြစ်တယ်လို့ မျှော်မှန်းပြီးလုပ်တာပါ" ဟု ဦးယုလွင်အောင်က ဆိုသည်။

ရုံးခွဲဖွင့်လှစ်ခြင်းဖြင့် ဒေသခံပြည်သူလူထုသည် လူ့အခွင့်အရေးချိုးဖောက်ခံရသည့် ကိစ္စရပ်များကို အလွယ် တကူတိုင်ကြားနိုင်ပြီး ကော်မရှင်ကလည်း လွယ်ကူမြန်ဆန်စွာ ဖြေရှင်းနိုင်မည်ဟု ဆိုသည်။ လက်ရှိတွင် ယာယီရုံးခွဲ၌ တာဝန်ပေးခန့်ထားမည့် ဝန်ထမ်းများ ရွေးချယ်နေပြီး လေးလ၊ ငါးလခန့်အတွင်း ယာယီရုံးခွဲ ဖွင့်လှစ်နိုင်မည်ဖြစ်ပြီး ရခိုင်ပြည်နယ်ရုံးခွဲတွင် အနည်းဆုံး ဝန်ထမ်း ရှစ်ဦးခန့် ထားရှိမည်ဖြစ်ကာ ဒုတိယ ညွှန်ကြားရေးမှူးအဆင့်ရှိသူကို ရုံးခွဲတာဝန်ခံအဖြစ် ထားရှိမည်ဟု ဦးယုလွင်အောင်က ပြောသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်ရေးကော်မရှင်၏ ပထမရုံးကို နေပြည်တော်တွင် ဖွင့်လှစ်ခဲ့ပြီး ဒုတိယရုံး ကို မန္တလေးတွင် ဖွင့်လှစ်ခဲ့ကာ အခြားတိုင်းဒေသကြီးနှင့်ပြည်နယ်များတွင်လည်း ဘတ်ဂျက်အပေါ်မူတည်၍ ရုံးခွဲများ ဆက်လက်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။  
    

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required