မြောက်ဦးမြို့ အောက်သကန်ကျေးရွာအနီးတွင် တပ်မတော်စစ်ကြောင်းကို AA အဖွဲ့က ပစ်ခတ်ဟု တပ်မတော် ထုတ်ပြန်

မြောက်ဦးမြို့ အောက်သကန်ကျေးရွာအနီးတွင် တပ်မတော်စစ်ကြောင်းကို AA အဖွဲ့က ပစ်ခတ်ဟု တပ်မတော် ထုတ်ပြန်
ဓာတ်ပုံ- တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

 ရန်ကုန်၊ မတ် ၃၀ ။          ။ ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် အောက်သကန်ကျေးရွာနှင့် အနီးပတ်ဝန်းကျင်တဝိုက်တွင် တပ်မတော် စစ်ကြောင်းနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းလုံခြုံရေးတပ်ဖွဲ့ဝင်များကို မတ်လ ၂၉ရက် နံနက်ပိုင်း၌ AA အဖွဲ့မှ ၁၀ ဦးခန့်က မိုင်းဖောက်ခွဲ၍ ရွာအတွင်းမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ခဲ့သည်။

 မတ်လ ၃ဝရက်နေ့တွင် ထုတ်ပြန်ခဲ့သော တပ်မတော်၏ သတင်းထုတ်ပြန်ချက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ က နံနက် ၇ နာရီ ၁၅ မိနစ်ခန့်တွင် အောက်သကန်ကျေးရွာ၏ အရှေ့မြောက်ဘက် မီတာ ၁၇၀၀ ခန့်ရှိ တိမ်ညို တ တားနေရာသို့ ရောက်ရှိစဉ် ကျေးရွာ၏ မြောက်ဘက် မီတာ ၈၀၀ ခန့်အကွာနေရာ၌ အသင့်စောင့်ကြိုလျက် ရှိသည့် AA အဖွဲ့မှ ၁၀ ဦးခန့်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် စတင်ပစ်ခတ် တိုက်ခိုက်သဖြင့် တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ၎င်းတို့သည် တောင်ဘက်ရှိ အောက်သကန်ကျေးရွာအတွင်းသို့ ဆုတ်ခွာ ထွက်ပြေးသွား ခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါ ဆုတ်ခွာသူများနောက်သို့ လုံခြုံရေးတပ်ဖွဲ့ဝင်များကလိုက်လံဖမ်းဆီးရာ AA အဖွဲ့မှ ၁၀ ဦးခန့်က ကျေးရွာကို အကာအကွယ်ရယူ၍ ရီမုမိုင်း နှစ်လုံး ဖောက်ခွဲကာ ကျေးရွာအတွင်းမှ လက်နက်ကြီး၊ လက်နက် ငယ်များဖြင့် ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရာ အရှေ့ဘက်သို့ ဆုတ်ခွာ ထွက်ပြေးသွား ခဲ့ကြောင်း သိရသည်။

ထိုသို့ ပစ်ခတ်မှုများကြောင့် အောက်သကန်ကျေးရွာတွင်နေထိုင်သော ဦးဝင်းကျော်သိန်း (၃၃နှစ်) သည် ယာရင်အုံတွင် လက်နက်အစထိမှန် (မစိုးရိမ်ရ)ဒဏ်ရာနှင့် ဦးလှအောင်တင် (၃၇ နှစ်)သည် ပြေးလွှားစဉ် ချော်လဲသဖြင့် (မစိုးရိမ်ရ) ဦးခေါင်းထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြသဖြင့် တပ်မတော်လုံခြုံရေး စစ်ကြောင်းများက လိုအပ်သည့် ကနဦးဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခဲ့ပြီး တိမ်ညိုတိုက်နယ်ဆေးရုံသို့ တက်ရောက် ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 ထိုဖြစ်စဉ်အပြီးတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ကျေးရွာအတွင်း လုံခြုံရေးစိစစ်မှုများ ပြုလုပ်ခဲ့ရာ အမာခံ သတင်းပေးဟု ယူဆရသည့် မသင်္ကာဖွယ် ဦးကိုနိုင်၊ ဦးလှသိန်းမောင်၊ ဦးစိန်ထွန်း ၊ ဦးဘထွန်းနှင့် ဦးမောင် ဖြူရှည်တို့ ငါးဦးကို ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့အနက် ဆေးဆရာဆိုသူ ဦးမောင်ဖြူရှည်၏ နေအိမ်မှ Hydrocortisone အသက်ကယ်ဆေး၊ Genta ပိုးသတ်ဆေး၊ Dic-lofenac Sodium ဆေးများ၊ ဆေးထိုး အပ်များနှင့် ဆေးခန်းသုံးပစ္စည်းများ ပါဝင်သော ဆေးအိတ်တစ်လုံးနှင့် ခေါက်ဆွဲခြောက် ၁၀ ဖာတို့အား သိမ်းဆည်းရမိခဲ့ကြောင်း၊ ၎င်းတို့ ငါးဦးကို မြောက်ဦးမြို့နယ် တိမ်ညိုနယ်မြေ ရဲစခန်းသို့ စနစ်တကျလွှဲပြောင်း၍ စစ်ဆေးမေးမြန်းလျက်ရှိကြောင်း တပ်မတော်၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 အဆိုပါ သတင်းထုတ်ပြန်ချက်တွင် AA အဖွဲ့အနေဖြင့် အစိုးရအုပ်ချုပ်ရေးယ္တရား အဆင့်ဆင့်ဖြစ်သော ရပ်ကွက် အုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ နယ်မြေရဲတပ်ဖွဲ့ စခန်းမှူးများကို သတ်ဖြတ်ခြင်း၊ ခြိမ်းခြောက် ခြင်း၊ ဆက်ကြေးကောက်ခံ ခြင်း၊ လက်နက်အားကိုးဖြင့် အနိုင်ကျင့် ခြင်း၊ မီးရှို့ဖျက်ဆီးခြင်းနှင့် နယ်မြေလုံခြုံ ရေး ဆောင်ရွက်နေသော တပ်မတော်စစ်ကြောင်းများအား ကျေးရွာများကို အကာအကွယ်ရယူ၍ မိုင်းဆွဲ တိုက်ခိုက်ခြင်းများ မကြာခဏ ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရသည်ဟု ဖော်ပြထားသည်။

 AA အဖွဲ့၏ လုပ်ရပ်များကို ဆန့်ကျင်လျက်ရှိသည့် ရခိုင်တိုင်းရင်းသားများအနေဖြင့် မိမိတို့၏ မြို့ ၊ ရပ်ကွက်၊ ကျေးရွာများ အတွင်း မလိုလားအပ်သော ပျက်စီးဆုံးရှုံးမှုများ မရှိစေရေးအတွက် ဗဗ အဖွဲ့များ ကျေးရွာ လူထု အတွင်း အခြေချရောနှော၍ နေထိုင်ခြင်းအား နီးစပ်ရာလုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ အချိန်နှင့် တစ်ပြေးညီ ဆက်လက်သတင်းပို့ကြရန် သက်ဆိုင်ရာမှ နှိုးဆော်မေတ္တာရပ်ခံထားကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးကသတင်းထုတ်ပြန်ထားသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly