ကြယ်လိပ်များကို မျိုးသုဉ်းပျောက်ကွယ်မသွားစေရေး ဆောင်ရွက်နေ

ကြယ်လိပ်များကို မျိုးသုဉ်းပျောက်ကွယ်မသွားစေရေး ဆောင်ရွက်နေ

မကွေး၊ မတ် ၂၉ ။    ။ မကွေးတိုင်းဒေသကြီး မင်းဘူး/စကုမြို့နယ် ရွှေစက်တော် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောအတွင်းရှိ မြန်မာ့ဒေသ မျိုးရင်းဖြစ်သော ကြယ်လိပ်များ မျိုးသုဉ်းပျောက်ကွယ်မသွားစေရေးအတွက် သားဖောက် မွေးမြူခြင်းလုပ်ငန်း နှင့် သဘာဝတောထဲသို့ ပြန်လည်လွှတ်ပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်နေကြောင်း မကွေးတိုင်းဒေသကြီး သစ်တောဦးစီးဌာနမှ သိရသည်။

ကမ္ဘာပေါ်တွင် မြန်မာနိင်ငံမှာသာရှိပြီး ရှားပါးသည့် မြန်မာ့ကြယ်လိပ်ခေါ် ပန်းလိပ်များကို မင်းဘူး/စကုမြို့နယ် မုန်းချောင်းနှင့်မန်းချောင်းအကြား ရွှေစက်တော်တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောတွင် အကောင်ရေ ၃၁၂ ကောင် ကို ခြံလှောင်မွေးမြူထားသည်။

“ ဒီနှစ် အရွယ်ရောက် ကြယ်လိပ်မကြီး ၄၅ ကောင်ကနေ ဥကျင်း ၁၃၈ ကျင်းမှာ ဥအလုံးရေ ၉၂၅ လုံး ဥ အုထားရှိပါတယ်၊ အခုလို ခြံလှောင်ထိန်းသိမ်း မွေးမြူပြီး အရွယ်ရောက်လာတဲ့အကောင်တွေကို သဘာဝတော အတွင်းကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလက ကောင်ရေ ၁၅၀၊  ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလက ကောင်ရေ ၅၀  စေလွှတ်ခဲ့ပါတယ်” ဟု မကွေးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနညွှန်ကြားရေးမှူး ဦးမြင့်သိန်းခိုင်က ပြောသည်။

မြန်မာ့ဒေသမျိုးရင်းဖြစ်သော ကြယ်လိပ်များသည် ၁၉၉၆ ခုနှစ်ခန့်က ဘေးမဲ့တောအတွင်း သဘာဝအတိုင်း သွားလာနေပြီး နည်းမျိုးစုံကြောင့် မျိုးသုဉ်းပျောက်ကွယ်မှာ စိုးရသည့်အတွက် နေရင်းဒေသ၏ ပြင်ပမှာ ယခုလို ခြံလှောင်ပြီး မွေးမြူရခြင်း ဖြစ်ကြောင်း ရွှေစက်တော်တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော ဦးစီးအရာရှိဦးသိန်းလွင်က ပြောသည်။

“ မြန်မာ့ကြယ်လိပ်တွေက ဘူးသီး၊ ဖရုံသီး၊ ခရမ်းချဉ်သီး၊ ကန်းစွန်းရွက်၊ ဖရုံရွက်၊ ဘူးရွက်၊ သခွပ်ပွင့်တို့ကို စားသုံးပြီး ဇူလိုင်လကနေ သြဂုတ်လအထိ မိတ်လိုက်ကြပါတယ်။ အောက်တိုဘာလမှာ ဥတွေ ဥကြပြီး
မေလမှာ ဥပေါက်ပါတယ်၊ တစ်ကြိမ်ဥရင် ၄ လုံးနဲ့ ၅ လုံး ဥပါတယ်။ သူတို့ကျက်စားရာတောက ဆူးခြုံတောနဲ့ ရွက်ပြတ်တောခြောက်တွေ ့ဖြစ်ပါတယ်” ဟု ဦးစီးအရာရှိ ဦးသိန်းလွင်က ပြောသည်။

မြန်မာ့ကြယ်လိပ်များအား အင်္ဂလိပ်အမည် Burmese Star Tortoise၊ သိပ္ပံအမည် Geochelone Platynota  ဟု ခေါ်ဆိုပြီး လက်ရှိ မျိုးသုဉ်းရန် အလွန်နီး၍ တောရိုင်းတိရစ္ဆာန်နှင့် သဘာဝနယ်မြေများ ထိန်းသိမ်းရေး ဥပဒေ (၁၉၉၄)နှင့်ငါးလုပ်ငန်းဥပဒေ (၁၉၉၃)အရ ကာကွယ်ထားကြောင်း သိရသည်။

ရွှေစက်တော တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောအတွင်း နိ့တိုက်သတ္တဝါ ၁၄ မျိုး၊ ကုန်းနေ ရေနေသတ္တဝါ ၄၃ မျိုး၊ လိပ်ပြာမျိုးစိတ် ၃၉ မျိုး၊ ငှက်မျိုးစိတ် ၁၄၆ မျိုး၊ ရေချိုငါးမျိုးစိတ်၂၂ မျိုး ရှင်သန်ကျက်စားနေထိုင်ကြောင်း သိရသည်။

ရွှေစက်တော တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောသည် မင်းဘူး၊ စကု၊ ပွင့်ဖြူ၊ ငဖဲနှင့်စေတုတ္တရာမြို့နယ်များနှင့် ထိစပ်နေသည့် မုန်းချောင်း၊ မန်းချောင်းအကြားရှိပြီး ဧရိယာမှာ (၁၇၉.၁၈)စတုရန်းမိုင်၊ အကျယ် ဧက(၁၁၄
၆၇၈.၇၁)ဧက ရှိကြောင်း မကွေးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှ သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly