အနိုင်ရရှိသည့် စည်ပင်ကိုယ်စားလှယ်များကို လုပ်ပိုင်ခွင့်အပြည့်ပေးမည်ဟု မြို့တော်ဝန်ဆို

အနိုင်ရရှိသည့် စည်ပင်ကိုယ်စားလှယ်များကို လုပ်ပိုင်ခွင့်အပြည့်ပေးမည်ဟု မြို့တော်ဝန်ဆို

ရန်ကုန်၊မတ် ၃၀ ။     ။ မကြာမီကျင်းပတော့မည့် စည်ပင်သာယာရွေးကောက်ပွဲတွင် အနိုင်ရရှိသည့် ကိုယ်စားလှယ်များကို သက်ဆိုင်ရာ မြို့နယ်များ ဖွံ့ဖြိုးရေးအတွက် ဗဟိုချုပ်ကိုင်မှုများလျော့ချပြီး လုပ်ပိုင်ခွင့်အပြည့် အဝ ပေးမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန်ဦးမောင်မောင်စိုးက ဆိုသည်။

မတ်လ ၂၉ရက်နေ့တွင် ပြုလုပ်သော ရန်ကုန်တိုင်းဒေသကြီးအစိုး၏ ရသုံးမှန်းခြေငွေစာရင်း အချက်အလက် စာစောင်မိတ်ဆက် စာနယ်ဇင်းရှင်းလင်းပွဲတွင် မြို့တော်ဝန်ဦးမောင်မောင်စိုးတက်ရောက် အမှာစကား ပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

"အဲဒီရွေးကောက်ပွဲက Tranform ပါ ကျွန်တော်တို့ ပုံစံပြောင်းလိုက်တာပါ။ဒီလူတွေပါပဲ၊ကျွန်တော်တို့ ပုံစံ ပြောင်းလိုက်တာပါ။ ဒီမှာ ကျွန်တော်တို့ ဘာလုပ်လဲဆိုတော့ ဒီမှာကိုယ်စားလှယ်တစ်ယောက်က ဥက္ကဋ္ဌရော အဖွဲ့ဝင် (၁)ရော (၂)ရော ပါလာတဲ့အတွက် သူသည်ဒီမြို့နယ်ရဲ့ ဖွံ့ဖြိုးမှုမှန်သမျှ သူတာဝန်ခံရမယ်။ကျွန်တော် စောစောကပြောသလို စထရယ်လိုက်ဇေးရှင်းကို အကုန်လုံးလျော့ချမယ်။လျော့ချမယ်ဆိုတာက ကော်မတီက သူရဲ့မြို့နယ်ကို ဘာမှစွက်ဖက်စရာမလိုဘူး "ဟု ရန်ကုန်မြို့တော်ဝန်ဦးမောင်မောင်စိုးက ပြောသည်။

သက်ဆိုင်ရာမြို့နယ်ဖွံ့ဖြိုးရေးအတွက် စည်ပင်သာယာရေးကော်မတီမှ ဘတ်ဂျက်ထုတ်ပေးခြင်းနှင့် လုပ်ငန်းပြီးစီးမှု ရှိ၊မရှိကိုသာ စိစစ်သွားမည်ဖြစ်ကာ ယင်းကိစ္စများနှင့်ပတ်သက်ပြီး မြို့တော်ကော်မတီဝင်မှ ဝင်ရောက်စွက်ဖက်မည်မဟုတ်ကြောင်း ၄င်းက ဆိုသည်။

သို့သော်လည်း အနိုင်ရရှိသည့် စည်ပင်သာယာ ကိုယ်စားလှယ်များအနေဖြင့် မြို့နယ် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် ဘတ်ဂျက် တင်ပြသည့်အခါ Master Plan ကိုပါထည့်သွင်း တင်ပြရန်လိုကြောင်း သိရသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရွေးကောက်ပွဲကို မတ်လ ၃၁ရက်နေ့တွင် ကျင်းပမည့်ဖြစ်ပြီး ပါဝင်ယှဉ်ပြိုင် သည့် ကိုယ်စားလှယ် ၂၇၂ယောက်ရှိကာ ဆန္ဒမဲပေးခွင့်ရှိသူ  ၃ဒသမ ၄သန်းကျော်ရှိနေသည်။
    

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly