ရခိုင်ပြည်နယ်ရှိ စစ်ရှောင်ပြည်သူများအတွက် အစိုးရက စိတ်မကောင်းဟု ဦးဇော်ဌေးဆို

ရခိုင်ပြည်နယ်ရှိ စစ်ရှောင်ပြည်သူများအတွက် အစိုးရက စိတ်မကောင်းဟု ဦးဇော်ဌေးဆို
မြောက်ဦးမြို့နနယ်အတွင်းရှိ စစ်ဘေးရှောင်ဒုက္ခသည်များကိုတွေ့မြင်ရမည်

ရန်ကုန် ၊ မတ် ၂၉ ။     ။ ရခိုင်ပြည်နယ်အတွင်း၌ ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် စစ်ရှောင်ထွက်ပြေးနေရသည့် ဒုက္ခသည်များ အတွက် အစိုးရမှ စိတ်မကောင်းဖြစ်ရသည်ဟု အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ဆိုသည်။

“အရပ်သားပြည်သူတွေ အပြစ်မဲ့ပြည်သူတွေ သေကြေထိခိုက်ဒဏ်ရာရတာတွေတွေ့တယ်။ ပြီးတော့ နေရပ် စွန့်ခွာပြီးတော့ ဒုက္ခရောက်တာတွေ ကြုံတွေ့နေရတာတွေ့တော့ အထူးသဖြင့် နိုင်ငံတော်အစိုးရအနေနဲ့ အထူးပဲ စိတ်မကောင်းဖြစ်ရတယ်” ဟု ဦးဇော်ဌေးက ဆိုသည်။

မတ်လ ၂၉ ရက်နေ့က နိုင်ငံတော်သမ္မတရုံးတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဦးဇော်ဌေးက အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်းလည်းဖြစ်သည်။

“ဒေသတစ်ခုမှာ စစ်ဘေးစစ်ဒဏ် သင့်လာပြီ၊ လက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်လာပြီဆိုရင် မတည်ငြိမ်မှု မလုံခြုံမှုတွေ ခံစားရတဲ့အပြင် တိုက်ရိုက်ခံစားရတာကတော့ ရခိုင်ဒေသခံတွေပဲဖြစ်ပါတယ်” ဟု ဦးဇော်ဌေးက ပြောဆိုခဲ့သည်။

လက်ရှိတွင် ရခိုင်ပြည်နယ် ဘူးသီးတောင်၊မောင်တော ၊ ကျောက်တော် ၊ ပုဏ္ဏားကျွန်း ၊ ရသေ့တောင် ၊ မြောက်ဦး စသည့် မြို့နယ်များတွင် တပ်မတော်နှင့် ရက္ခိုင့်တပ် AA တို့ တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်သည်။

တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေကြရသည့် စစ်ရှောင်ပြည်သူ အရေအတွက် သည် တစ်သောင်း ကျော် အထိ ရှိနေခဲ့ပြီဖြစ်သည်။ ကုလသမဂ္ဂ လူသားခြင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးရေးအဖွဲ့ OCHA Myanmar မှ ထုတ်ပြန်ထားသည့် အချက်အလက်များအရ စစ်ပြေး ဒုက္ခသည် ၁၆၀၀၀ ကျော်အထိ ရှိနေပြီး မြို့နယ် ၆ မြို့နယ်ရှိ ယာယီစခန်း ၅၈ ခုတွင် ခိုလှုံနေရသည်ဟု သိရသည်။

တိုက်ပွဲများကြောင့် အရပ်သားများ ထိခိုက်သေဆုံးမှုများလည်း ရှိနေပြီး နှစ်ဖက်တပ် အကျအဆုံးများလည်း ရှိနေခဲ့သည်။

ရခိုင်ပြည်နယ်အတွင်း ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၄ ရက်နေ့ မှ မတ်လ ၂၈ ရက်နေ့အထိ တပ်မတော်နှင့် ရက္ခိုင့်တပ် AA တို့အကြား ထိတွေ့တိုက်ပွဲဖြစ်ပွားမှုပေါင်း ၁၀၃ ကြိမ်ဖြစ်ပွားခဲ့ပြီး မိုင်းပေါက်ကွဲမှုဖြစ်စဉ်ပေါင်း ၄၄ ကြိမ်အထိ ဖြစ်ပွားခဲ့သည်ဟု ဦးဇော်ဌေးက ဆိုသည်။

ယင်းဖြစ်စဉ်အတွင်း၌ ရဲတပ်ဖွဲ့ဝင်ပေါင်း ၂၇ ဦး ကျဆုံးကာ အရပ်သား သေဆုံးမှုပေါင်း ၁၂ ဦး ရှိပြီး ရဲတပ်ဖွဲ့ဝင် ၂၆ ဦး ၊ အရပ်သား ၂၀ ဦး စုစုပေါင်း ၄၆ ဦးဒဏ်ရာရခဲ့သည်ဟု အစိုးရက အတည်ပြုထုတ်ပြန်သည်။

ထိတွေ့ဖြစ်စဉ်များတွင် ရက္ခိုင့်တပ် AA ဘက်မှ ၅၈ ဦး ကျဆုံးပြီး ၈ ဦးကို အရှင်ဖမ်းမိထားကာ လက်နက်ငယ် ၂၂ လက် သိမ်းဆည်းရမိထားသည်ဟုလည်း အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက သတင်းစာရှင်းလင်း ပွဲတွင် ပြောဆိုသည်။

သို့သော်လည်း တပ်မတော်ဘက်မှ ထိခိုက်ကျဆုံးစာရင်းကိုမူ အစိုးရအဖွဲ့မှ ထုတ်ပြန်ခြင်း မပြုဘဲ တပ်မတော် ဘက်မှ သီးခြားထုတ်ပြန်မည်ဟုလည်း ၄င်းက ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly