နောက်နှစ်တွင် ပြည်သူ့အသံနားထောင်ပြီး ဘတ်ဂျက်ရေးဆွဲရန် ပြင်ဆင်နေဟု ရန်ကုန်တိုင်းဝန်ကြီးချုပ်ဆို

နောက်နှစ်တွင် ပြည်သူ့အသံနားထောင်ပြီး ဘတ်ဂျက်ရေးဆွဲရန် ပြင်ဆင်နေဟု ရန်ကုန်တိုင်းဝန်ကြီးချုပ်ဆို
Photo-Ye Aung Thu/AFP

ရန်ကုန် ၊ မတ် ၂၉ ။    ။ နောက်နှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့ဘတ်ဂျက်များ ရေးဆွဲရာတွင် ပြည်သူ့အသံကို နားထောင်ပြီးမှ ရေးဆွဲရန် ပြင်ဆင်ဆောင်ရွက်နေသည်ဟု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောဆိုလိုက်သည်။

မတ်လ ၂၉ ရက်နေ့၊ နေ့လယ်ပိုင်းက ရန်ကုန်မြို့ Park Royal ဟိုတယ်တွင်ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသ ကြီး    ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် အရအသုံး ခန့်မှန်းခြေ ငွေစာရင်းဆိုင်ရာအချက်အလက်များ စာစောင် မိတ်ဆက်ရှင်းလင်းပွဲတွင် ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“ဘတ်ဂျက်ရေးဆွဲတဲ့နေရာမှာလည်း စီမံကိန်းနဲ့ ပတ်သက်ရင် ပြည်သူလူထုရဲ့အသံတွေ နားထောင်ပြီး ဘတ်ဂျက်ရေးဆွဲဖို့အတွက် ကျွန်တော်တို့ ပြင်ဆင်ဆောင်ရွက်နေတာ ရှိပါတယ်” ဟု ဦးဖြိုးမင်းသိန်းက ဆိုသည်။

ထိုသို့ ပြောဆိုခဲ့သော်လည်း တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ၂၀၁၈-၁၉ ဘဏ္ဍာနှစ်တွင် ဒေသန္တရစီမံကိန်းများ ဆောင်ရွက်ရာ၌ ကွန်ကရစ်လမ်းခင်းခြင်းများအား အဓိကဆောင်ရွက်ခဲ့ခြင်းကြောင့် လွှတ်တော်ကိုယ်စားလှယ်များက လွှတ်တော်မှာ ဝေဖန်ခဲ့ကြသည်။

ရန်ကုန်တိုင်းအနေဖြင့် ဘတ်ဂျက်ပိုသုံးလာနိုင်ခြင်းကြောင့် ပြည်သူ့အသံကို နားထောင်ပြီး လုပ်ဆောင်မည်ဟု ရည်ညွှန်းပြောဆိုခဲ့သည်ကို တွေ့ရသည်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အနိုင်ရရှိခဲ့ပြီးနောက် အစိုးရတာဝန် စတင်ယူခဲ့စဉ်က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ဘတ်ဂျက် ဘီလီယံ ၄၀၀ ကျော်သာ သုံးစွဲနိုင်ခဲ့သော်လည်း လက်ရှိတွင် ကျပ်ငွေ ဘီလီယံ ၆၅၀ သုံးစွဲနိုင်ပြီဖြစ်သည်ဟုလည်း ၎င်းက ပြောဆိုခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင်လည်း ပြည်သူလူထု၏ လိုအပ်ချက်များကို သိရှိနိုင်ရန် ဝန်ကြီးချုပ်က ကွင်းဆင်းလေ့လာခဲ့ရာတွင် ရေမြောင်းစနစ်များကြောင့် ရေကြီး၊ ရေလျှံဖြစ်မှုများကို ပြုပြင်ရန် နှင့် လျှပ်စစ်မီး လုံလောက်စွာရရှိရေးကို ပြည်သူများက တင်ပြခဲ့သည်ဟုလည်း ၎င်းကဆိုသည်။

ယင်းအတွက်ကြောင့် လာမည့် ဘဏ္ဍာနှစ်များတွင် ရေမြောင်းစနစ်များ ပြုပြင်မှုနှင့် လျှပ်စစ်မီးကိစ္စရပ်များတွင် ဘတ်ဂျက်ငွေ ပိုမိုသုံးစွဲသွားမည်ဟုလည်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required