မုံရွာမြန်မာ့စီးပွားရေးဘဏ်အတွင်း ကျပ်သိန်း ၃၅ဝ ပါ ငွေထုပ်ခိုးယူခဲ့သူကို ရဲမှ အသွင်ယူဖမ်းဆီး

မုံရွာမြန်မာ့စီးပွားရေးဘဏ်အတွင်း ကျပ်သိန်း ၃၅ဝ ပါ ငွေထုပ်ခိုးယူခဲ့သူကို ရဲမှ အသွင်ယူဖမ်းဆီး
ဓာတ်ပုံ- မြန်မာနိုင်ငံရဲတပ်ဖွဲ့

ရန်ကုန်၊ မတ်လ ၂၈ ။     ။ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မုံရွာတောင်ရပ်ကွက်ရှိ မြန်မာ့စီးပွားရေးဘဏ်အတွင်းမှ ကျပ်သိန်း ၃၅ဝ ပါငွေထုပ်ခိုးယူခဲ့သူကို ရဲတပ်ဖွဲ့မှ ဘဏ်အတွင်း အသွင်ယူစောင့်ကြည့်နေစဉ် ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဖမ်းဆီးရမိသူမှာ မုံရွာမြို့နယ်၊ ထနောင်းတိုင်ကျေးရွာနေ အသက် ၄ဝ အရွယ်  မြင့်ညိမ်းဆိုသူဖြစ်ပြီး ၎င်းကို အသေးစိတ်စစ်ဆေးခဲ့ရာတွင် လွန်ခဲ့သည့် ဇန်နဝါရီလ ၁ ရက်နေ့က မုံရွာမြို့မြန်မာ့ စီးပွားရေးဘဏ်တွင် ငွေလာသွင်းသော အမျိုးသားတစ်ဦးထံမှ ငွေထုပ်(၁)ထုပ် ၎င်းခိုးယူခဲ့ကြောင်း ပေါ်ပေါက်ခဲ့သည်ဟု ရဲတပ်ဖွဲ့မှ မတ်လ ၂၈ ရက်နေ့၊ ညနေပိုင်းတွင် သတင်းထုတ်ပြန်ထားခြင်းဖြစ်သည်။

အမှုဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇန်နဝါရီလ ၁ ရက်နေ့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ထိုနေ့က “ အောင်မြသန်း”ကုမ္ပဏီ တာဝန်ခံဖြစ်သည့် မုံရွာမြို့၊ ချမ်းမြဝတီရပ်ကွက်နေ အသက် ၄၆ နှစ်အရွယ် ဦးသန်းထိန်မှာ အဆိုပါ မြန်မာ့ စီးပွားရေးဘဏ်တွင် ငွေသွင်းရန် ကုမ္ပဏီပိုင်ငွေ ကျပ်သိန်း ၁၃ဝ ပါ အထုပ်တစ်ထုပ်၊ ကျပ်သိန်း ၃၅ဝ ပါ အထုပ်တစ်ထုပ်ဖြင့် ဘဏ်ကောင်တာရှေ့ သမံတလင်းပေါ်တွင် ချထားပြီး ၎င်းအလှည့်ကို စောင့်ဆိုင်းနေခဲ့ ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထိုသို့ စောင့်ဆိုင်းနေစဉ် ၎င်းအလှည့်ကို ကျော်သွားပြီ အထင်ဖြင့် ငွေထုပ်များထားခဲ့ကာ ကောင်တာတွင် သွားရောက် မေးမြန်းခဲ့ပြီး ပြန်လာစဉ် ငွေထုပ် ၂ ထုပ်အနက် ကျပ်သိန်း ၃၅ဝ ပါ အထုပ်မှာ ပျောက်ဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် မုံရွာမြို့မရဲစခန်းတွင် အမှုဖွင့် တိုင်ကြားခဲ့ပြီး ရဲတပ်ဖွဲ့မှ ကျူးလွန်သူဖမ်းဆီးရမိရေး စုံစမ်းရှာဖွေခဲ့ရာ မတ်လ ၂၁ ရက်နေ့တွင် မုံရွာမြို့၊ မြန်မာ့စီးပွားရေးဘဏ်တွင် ငွေသွင်းရန် စောင့်ဆိုင်းနေသူ၏ ငွေထုပ်အား အမျိုးသားတစ်ဦးမှ ဆွဲယူစဉ် ပိုင်ရှင်ဖြစ်သူမှတွေ့ရှိသဖြင့် ပြန်ပေးနေပုံအား CCTV မှတ်တမ်း၌ တွေ့ရှိရသော ကြောင့် ဓာတ်ပုံကူးယူခဲ့ပြီး ဘဏ်အတွင်း ရဲတပ်ဖွဲ့ဝင်များမှ အသွင်ယူစောင့်ကြည့်လျက်ရှိစဉ် မတ်လ ၂၅ ရက်နေ့တွင် အဆိုပါ မသင်္ကာဖွယ်တွေ့ရှိသူကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

လက်ရှိတွင် ဖမ်းဆီးရမိခဲ့သူ မုံရွာမြို့နယ်၊ ထနောင်းတိုင်ကျေးရွာနေ အသက် ၄ဝ အရွယ်ရှိသည့် မြင့်ညိမ်း ဆိုသူကို မုံရွာမြို့မရဲစခန်းတွင် (ပ)၇၂/၂ဝ၁၉၊ ရာဇသတ်ကြီး- ပုဒ်မ ၃၈ဝ ဖြင့် အမှုဖွင့်ကာ အရေးယူနိုင်ရန် လုပ်ဆောင်နေကြောင်း ရဲတပ်ဖွဲ့မှ သိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required