အရက်သောက်တဲ့အခါမှာ အသက်အရွယ်ကလည်း စကားပြောတယ်

အရက်သောက်တဲ့အခါမှာ အသက်အရွယ်ကလည်း စကားပြောတယ်

ရေးသားသူ Aye Thi Mon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win.

Happy weekend…. ပါ။ ဘာကိုအရင်ဆုံးစဉ်းစားမိလဲ၊ မနက်ဖြန်ရုံးပိတ်တယ်၊ Super Friday Night လေးလုပ်မယ်လို့ပေါ့။ သောက်မယ်စားမယ်။ လူစုကြပြီလေ။ လူစုံတဲ့အခါ သောက်ဖို့စဉ်းစားမိတယ်၊ သောက်ရတာကိုလည်း ကြိုက်ပါတယ်ဆိုတဲ့ ကိုကိုတွေနဲ့ လေဒီလေးတွေကို ဒီဆောင်းပါးလေးကနေ သတင်းစကားပါးချင်တာက အရက်သောက်တဲ့အခါ အသက်အရွယ်က စကားပြောတယ်ဆိုတာပါ။ ဘယ်လိုစကားပြောတာလဲ၊ ငယ်ရင် ပိုသောက်နိုင်တယ်၊ အသက်ရလာရင် မသောက်နိုင်ဘူးဆိုတဲ့ ကိစ္စလို့များတွေးနေလား။ မဟုတ်ပါဘူးနော်။ ဘာများဖြစ်မလဲ သိချင်ရင်ဆက်ပြီး ကြည့်လိုက်ပါနော်။
အရက်သောက်ရာမှာ အသက်အရွယ်ကစကားပြောတယ်

မကြာသေးခင်ကလုပ်ခဲ့တဲ့ လေ့လာမှုအရ အရက်သောက်သုံးတဲ့အခါ အသက်အရွယ်ကွာခြားသလို ကျန်းမာရေးအပေါ် အကျိုးသက်ရောက်မှုချင်းလည်းကွာခြားပါတယ်။ အသက် ၅၀ ကျော်တွေမှာ အရက်ကြောင့် ကျန်းမာရေးထိခိုက်နိုင်ခြေက အခြားအသက်အရွယ်အပိုင်းအခြားတွေထက် ပိုနည်းနေတယ်၊လို့တွေ့ရှိခဲ့ရပါတယ်။

အရက်ကကျန်းမာရေးကိုထိခိုက်စေတာ အမှန်ပါပဲ။ အရက်အလွန်အကျွံသောက်သုံးတာကြောင့် ကင်ဆာ၊ အသည်းရောဂါ၊ နှလုံးရောဂါတွေခံစားရနိုင်သလို  ဦးနှောက်အပါအဝင် အာရုံကြောစနစ်တွေကိုပါထိခိုက်စေပြီး ပြင်းထန်တဲ့ကျန်းမာရေး အကျိုးဆက်တွေကိုဖြစ်စေနိုင်ပါတယ်။ ဒါပေမယ့် ဒီအကျိုးဆက်တွေက အသက် ၅၀ ကျော်တဲ့အသက်အရွယ်တွေမှာတော့ ဖြစ်နိုင်ခြေတော်တော်လေးနည်းသွားပြီဆိုပါတယ်။
အယ်လ်ကိုဟောနဲ့ပတ်သက်ပြီး အများကလက်ခံထားတဲ့နောက်ထပ်အယူအဆတစ်ခုရှိပါသေးတယ်၊ ဒါကတော့  အလွန်အကျွံမဟုတ်ဘဲ အနည်းအကျဉ်းလောက်သောက်ရင် ကျန်းမာရေးအတွက်ကောင်းတယ်ဆိုတာပါ။ လေ့လာဆန်းစစ်မှုတွေအရတော့ ဒီအယူအဆကမှန်တယ်လို့ဆိုရပါမယ်။ အယ်လ်ကိုဟောကို ဆေးဖြစ်ဝါးဖြစ်လောက်သောက်တာက ကျန်းမာရေးကိုထိခိုက်စေတာမျိုးမရှိဘဲ ကျန်းမာရေး အကျိုးကျေးဇူးတွေကိုတောင်ရရှိစေနိုင်ပါတယ်။

ဒီအဆိုကိုသေချာချင်လို့ ထပ်မံလုပ်ဆောင်ခဲ့တဲ့ လေ့လာမှုမှာတော့ လေ့လာသူတွေက အရက်သောက်သုံးတဲ့အခါ အယ်လ်ကိုဟောကြောင့် ထိခိုက်မှုက အသက်အရွယ်ကိုလိုက်ပြီးကွာခြားမှုရှိတယ်ဆိုတာကိုတွေ့ရှိခဲ့ရပါတယ်။ လေ့လာမှုလုပ်ဖို့ အသက် ၅၀ ကျော်အရွယ် အယ်လ်ကိုဟောနှစ်သက်သူတွေကို စုစည်းခဲ့ပါတယ်။ နောက်ထပ်တွေ့ရှိခဲ့တာတစ်ခုက အသက် ၅၀ ကျော်နေပြီ အရက်လည်းကြိုက်တယ်၊ သောက်လည်းသောက်တယ်၊ ဒါပေမယ့် ဘာကျန်းမာရေးပြဿနာမှ သိပ်မရှိဘူးဆိုတဲ့သူတွေက အရက်သောက်တာနဲ့ ပတ်သက်ပြီး နည်းကောင်းလမ်းမှန်လေးတွေကို ပိုင်ဆိုင်ထားတတ်ကြပါတယ်နော်။

အရက်သောက်တာကြောင့်သေဆုံးသူတွေထဲက ၄၀ ရာခိုင်နှုန်းနီးပါးက အသက် ၅၀ မတိုင်ခင်အရွယ်တွေပါ။ အရက်က အသက်သေဆုံးတာနဲ့ အရွယ်မတိုင်ခင်သေဆုံးတာတွေကိုလည်းဖြစ်စေနိုင်ပါသေးတယ်နော်။ ဒါပေမယ့် အသက်အရွယ်ရလာတဲ့သူ (အထူးသဖြင့် အသက် ၅၀ ကျော်) တွေမှာတော့ အရက်သောက်သုံးတာကြောင့် အသက်သေဆုံးနိုင်ခြေက အခြားအသက်အရွယ်အပိုင်းအခြားတွေနဲ့နှိုင်းစာရင် တော်တေ်ာလေးနည်းပြီး ရာခိုင်နှုန်းအနေနဲ့ပြောရမယ်ဆိုရင် ၄.၅ ရာခိုင်နှုန်းလောက်ပဲရှိပါတယ်။ အသက် ၂၀ ကနေ ၄၉ နှစ်အတွင်းအရက်သောက်သုံးမှုကြောင့် သေဆုံးသူအရေအတွက်ဟာ ၃၅.၈ ရာခိုင်နှုန်းလောက်အထိကိုရှိတယ်။လို့လေ့လာမှုစစ်တမ်းအရသိရပါတယ်။

အသက်ငယ်တဲ့သူတွေမှာတော့ အရက်မသောက်လို့ သေတာထက် အရက်သောက်လို့သေတဲ့သူအရေအတွက်ကပိုများတာဆိုပေမယ့် အသက်အရွယ်ရလာတဲ့သူတွေမှာတော့ အယ်လ်ကိုဟောကို ဆေးဖြစ်ဝါးဖြစ်လောက်သောက်ပေးတာက ကျန်းမာရေးအကျိုးကျေးဇူးတွေရရှိစေနိုင်ပါတယ်၊လို့ လေ့လာသုံးသပ်သူတွေက ပြောကြားထားကြပါတယ်။
နိဂုံးချုပ်အနေနဲ့ပြောရရင်တော့ အရက်အလွန်အကျွံသောက်တာက အသက်အရွယ်တိုင်းအတွက် မကောင်းပေမယ့် ဆေးဖြစ်ဝါးဖြစ်လောက်သောက်တာကတော့ အသက် ၅၀ ကျော်အရွယ်တွေမှာ ကျန်းမာရေးအထောက်အကူပြုပေးပါသတဲ့နော်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly