Rock အဆိုတော်များ သီးသန့် ဖျော်ဖြေတင်ဆက်မည့် Yangon Rock Festival 2015 ဂီတ ပွဲတော်

Rock အဆိုတော်များ သီးသန့် ဖျော်ဖြေတင်ဆက်မည့် Yangon Rock Festival 2015 ဂီတ ပွဲတော်

ရန်ကုန်၊ အောက်တိုဘာ ၃။ ။ Z Bell Entertainment မှ စီစဉ်သည့် ပထမဆုံး အကြိမ် Yangon Rock Festival 2015 ဂီတပွဲတော်ကို အောက်တိုဘာ ၂၄ရက်တွင် ရန်ကုန်မြို့ ၊ ပြည်သူ့ဥယျာဉ်ကွင်း အမှတ်(၁) တွင် ကျင်းပသွားမည် ဖြစ်သည်။

Yangon Rock Festival 2015 ဂီတ ပွဲတော် ကျင်းပမည့် အကြောင်း သတင်းစာ ရှင်းလင်းပွဲကို အောက်တိုဘာ ၃ရက်တွင် ရန်ကုန်မြို့ Park Royal Hotel ရှိ Club 5 ၌ ပြုလုပ်ခဲ့သည်။

ထိုဖျော်ဖြေပွဲသည် သာမန် Rock ဂီတပွဲများနှင့် မတူဘဲ လက်ရှိ မြန်မာပရိသတ်များ၏ အားပေးမှုကို အခိုင်အမာ ရရှိထားသည့် နိုင်ငံကျော် Rock ဂီတ Band များ ပူးပေါင်းပြီး ဖျော်ဖြေတင်ဆက်မည့် ဂီတပွဲတော် တစ်ခုဖြစ်သည်။

Yangon Rock Festival 2015 ဂီတ ပွဲတော်တွင် အဆိုတော် ဇော်ဝင်းထွဋ် Emperor Band ၊ S.I.R Band(BIG BAG, WANTED, IDIOTS,& REASON) ၊ အဆိုတော် ဝေလ (Runner Band) ၊ Sarah Band တို့မှ တေးသီချင်း များစွာဖြင့် ပါဝင် ဖျော်ဖြေကြမည် ဖြစ်သည်။

Z Bell Entertainment မှ ကိုဘုန်းပြည့်ဇော်က "အရင်ကတည်းက S.I.R အဖွဲ့နဲ့သူငယ်ချင်းတွေ ဆိုတော့ ဒီလို Rock တွေ စုစုစည်းစည်းနဲ့ ပွဲလေးတစ်ခု လုပ်ချင်ခဲ့တယ်။ အဲဒါကြောင့် ဒီနှစ်မှာ စလုပ်ဖြစ်တာပါ။ နောက်နှစ် တွေမှာလည်း ဒီလိုအချိန်မျိုးမှာ ထပ်လုပ်သွားဖို့ ရည်ရွယ်ထားပါတယ်။ နောက်နှစ်ကျရင်တော့ အခုထက် ပိုပြီး Band တွေ များလာမှာပါ" ဟု ပြောသည်။

ဖျော်ဖြေပွဲ လက်မှတ်များကို Pre Ticket အနေဖြင့် ဝယ်ယူပါက တစ်စောင်လျှင် ကျပ် တစ်သောင်းလေးထောင်ဖြင့် ရောင်းချပေးမည် ဖြစ်ပြီး ပွဲကျင်းပမည့် အောက်တိုဘာ ၂၄ရက်တွင် ဝယ်ယူပါက တစ်စောင်လျှင် တစ်သောင်းငါးထောင် ကျပ်ဖြင့် ဝယ်ယူ ရရှိနိုင်မည် ဖြစ်သည်။

အထူး အစီအစဉ် အနေဖြင့် အောက်တိုဘာ ၃ရက် မှ ၇ရက်အတွင်း လက်မှတ်တစ်စောင်လျှင် တစ်သောင်း နှစ်ထောင် ကျပ်ဖြင့် ရောင်းချပေးသွားမည် ဖြစ်သည်။ လက်မှတ်များကို City Mart ဆိုင်များ နှင့် 1876 တို့တွင် ဝယ်ယူ ရရှိနိုင်မည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly