အိန္ဒိယတွင် အမဲသားစားသူအား လူအုပ်ကသတ်ဖြတ်မှုမှ သံသယရှိသူနှစ်ဦးအား ဖမ်းမိ

အိန္ဒိယတွင် အမဲသားစားသူအား လူအုပ်ကသတ်ဖြတ်မှုမှ သံသယရှိသူနှစ်ဦးအား ဖမ်းမိ

အိန္ဒိယနိုင်ငံတွင် အမဲသားစားသည်ဟု ကောလဟလထွက်သည့် မွတ်စလင်တစ်ဦးကို လူအုပ်လိုက်က ဝိုင်းသတ်ဖြတ်လိုက်မှုတွင် ပါဝင်သည်ဟု သံသရှိသူနှစ်ဦးကို ဖမ်းမိထားကြောင်း အိန္ဒိယရဲဌာနက အောက်တိုဘာ ၃ ရက်တွင် ပြောသည်။

အမဲသားစားခြင်းကို ဟိန္ဒူလူများစုနိုင်ငံ လူ့အသိုက်အဝန်းတွင် လက်မခံကြရာ မြို့တော်ဆင်ခြေဖုံးရပ်နေ မိုဟာမတ်အက်လက်ဆိုသူ အသက် ၅၀ အရွယ်အမျိုးသားက အမဲသားစားသောက်သည်ဟု ကောလဟလများကြောင့် စက်တင်ဘာ ၂၈ ရက်က ၎င်းအား အိမ်ထဲမှ ဆွဲထုတ်ကြကာ လူ ၁၀၀ နီးပါးက ဝိုင်းဝန်းထိုးကြိတ်ကာ သေဆုံးခဲ့ရခြင်းဖြစ်သည်။

ဥတ္တာပရာဒေ့ရှ်ပြည်နယ် ဘီဆာဒါကျေးရွာတွင် ဖြစ်ပွားသည့် ယင်းတိုက်ခိုက်မှုအတွင်း အက်လက်၏ အသက် ၂၂ အရွယ်ရှိ သားဖြစ်သူလည်း အပြင်းအထန်ဒဏ်ရာရခဲ့သည်။

"အဓိကတရားခံ ဆယ်ဦးမှာ ရှစ်ဦးကို ဖမ်းမိထားပြီဖြစ်ပါတယ်။"ဟု ပြည်နယ်အကြီးတန်းရဲအရာရှိက အေအက်ဖ်ပီသို့ပြောသော်လည်း အသေးစိတ်ပြောကြားခြင်းမရှိပေ။ စက်တင်ဘာ ၃၀ ရက်က သံသယရှိသူ ခြောက်ဦးအား ဖမ်းဆီးထားခဲ့ခြင်းဖြစ်သည်။

ယင်းဖြစ်ရပ်ကြောင့် လယ်ယာဝါဒီ BFP ပါတီအစိုးရလက်အောက်တွင် ဘာသာရေးဖိနှိပ်ချုပ်ချယ်မှုများ ကြီးထွားလာခြင်းဟု စိုးရိမ်ပူပန်မှုများ မြင့်တက်လာခဲ့သည်။

အမျိုးသားရေးဝါဒီတစ်ဦးဖြစ်သည့် ဝန်ကြီးချုပ် နာရိန္ဒြာမိုဒီအား ၎င်းပါတီဝင်များက ယင်းကိစ္စအပေါ် အလေးအနက်မထားဟန်မပြ၍ ဝေဖန်မှုများ ပြင်းထန်လာပြီးနောက် ယင်းဖြစ်ရပ်နှင့် ပတ်သက်ပြီး ပြောဆိုရန် တိုက်တွန်းဆော်သြမှုများလည်း မြင့်တက်လာခဲ့သည်။

Ref: AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly