တင်းတိတ်ပျောက်မယ့် ပေါင်းတင်နည်း သင်သိပြီးပြီလား

တင်းတိတ်ပျောက်မယ့် ပေါင်းတင်နည်း သင်သိပြီးပြီလား

ရေးသားသူ Yun Sandi Nan Mon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win.

    

အသားအရောင်မညီဖြစ်စေတဲ့ တင်းတိတ်တွေက နဖူး၊ ပါး၊ မေးစေ့တို့လို မျက်နှာပေါ်မှာတင်မကဘဲ  လည်ပင်းမှာတောင်ဖြစ်နိုင်ပါတယ်။ အမျိုးသမီးဟော်မုန်းတွေပိုများရင် melanin ပိုထွက်တာမို့ အမျိုးသားတွေထက် အမျိုးသမီးတွေမှာပိုအဖြစ်များပါတယ်။

မျက်နှာလေးလှပါလျက်နဲ့ တင်းတိတ်တွေကြောင့်အသားမညီရင် တော်တော်စိတ်ညစ်ရမှာပါ။ ကြာရှည် နေလောင်တာရယ်၊ မျိုးဗီဇပြဿနာရယ်၊အမျိုးသမီးဟော်မုန်းတွေမူမမှန်တာရယ်ကြောင့် ဖြစ်နိုင်သလို ကိုယ်ဝန်ဆောင်ချိန်မှာလည်း ဖြစ်လာတတ်တဲ့ပြဿနာပါ။ အရေပြားအလှအပကုထုံးတွေမှာတော့ ဆေးဝါးမျိုးစုံနဲ့ ကုသကြပေမယ့် အကုန်အကျနည်းပြီးဘေးကင်းတဲ့ အိမ်သုံးနည်းလမ်းလေးတစ်ခု အကြံပေးချင်ပါတယ်။ ချက်ချင်းတော့မပျောက်နိုင်ပေမယ့် လွယ်ကူသက်သာတဲ့နည်းနဲ့ လျော့ပါးသွားစေမယ်ဆို ပျိုမေတို့ ဝမ်းသာကြမှာပါ။

အဲဒါကတော့ ငှက်ပျောသီးရယ်၊ ဒိန်ချဉ်ရယ်၊ သံပရာသီးရယ် ပါတဲ့ ပေါင်းတင်နည်းဖြစ်ပါတယ်။

ငှက်ပျောခွံနဲ့ ကပ်တာကတောင် မှဲ့ခြောက်၊တင်းတိတ်တွေ အကုန်လျော့ပါးသက်သာစေနိုင်တယ်လို့ပြောကြတယ်။ အခုလို အာဟာရဓာတ်အပြည့်ပါတဲ့ အသီးအနှံနဲ့နို့ထွက်ပစ္စည်းရောသုံးတာကတော့ တင်းတိတ်အတွက် မတွေးတောင် အသားလှစေမှာ သေချာပါတယ်။

    ငှက်ပျောသီးမှာ မဂ္ဂနိစ်နဲ့ ဗီတာမင် B6၊ ဗီတာမင် C နဲ့ E တို့လို အရေပြားအားဖြည့်ပေးတဲ့ဓာတ်တွေပါဝင်တဲ့အပြင် ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေနဲ့ရေဓာတ်ပါဝင်မှုများလို့ သဘာဝ moisturizer ဖြစ်ပါတယ်။
    ဒိန်ချဉ်က ဇင့်၊ lactic acid ၊ ကယ်လ်စီယမ်နဲ့ အက်စစ်အဆင့် pH ဓာတ်တို့ပါဝင်မှုများလို့ အသားအရေကို ရေဓာတ်ဖြည့်တင်းပေးနိုင်တယ်။ ဆဲလ်သေဖယ်ရှားနိုင်တယ်၊ ဝက်ခြံသက်သာနိုင်တယ်။
    သံပရာသီးကတော့ ဗီတာမင် C ကြွယ်ဝတဲ့ အရည်ရွှမ်းသီးဖြစ်တာမို့ အရေပြားဆဲလ်သေတွေဖယ်ရှားနိုင်တယ်၊ ဆဲလ်အသစ်ဖြစ်ပေါ်မှုကိုအားပေးတယ်၊ ကော်လာဂျင်ထုတ်လုပ်မှုကို နှိုးဆွပေးပြီး အရေပြားပေါ်ကအစက်ပြောက်တွေကို ဖယ်ရှားပေးနိင်တယ်။

တင်းတိတ်တွေ ပါးသွားစေမယ့် ပေါင်းဆေး

ဥုံဖွ ဆိုပြီးချက်ချင်းပျောက်မယ့်နည်းမဟုတ်ပါဘူးနော်။ မကြာမကြာလုပ်ပေးရင်းနဲ့ လအနည်းငယ်ကြာတဲ့အခါ သိသိသာပါးသွားတာတွေ့ရပါလိမ့်မယ်။
ပါဝင်ပစ္စည်းတွေကတော့

    ငှက်ပျောသီးတစ်လုံး
    ဒိန်ချဉ်ရိုးရိုး နှစ်ဇွန်း
    သံပရာရည်သုံးဇွန်း

    ငှက်ပျောသီးကို အနှစ်ဖြစ်အောင်ခြေပါ။
    ဒိန်ချဉ်ထည့်ပြီး ဆက်မွှေပါ။
    ပျစ်နှစ်နေတဲ့အထိ မွှေပြီးမှ
    နောက်ဆုံးမှ သံပရာရည်ထည့်ပြီး ထပ်မွှေပါ။

ဘယ်လိုသုံးရလဲ

    ညဘက်ပေါင်းတင်တာ ပိုကောင်းပါမယ်။
    မျက်နှာသစ်ပြီး ခြောက်တော့မှ အနှစ်ကို သေချာသုတ်လိမ်းပါ။
    မိနစ် ၂၀ လောက်ထားပါ။
    ပြီးမှ ရေအေးနဲ့မျက်နှာသစ်ပါ။

ပေါင်းတင်ပြီးနောက်ပိုင်း

    ပေါင်းတင်ပြီးတဲ့နောက်မှာ နေပူထဲသိပ်မသွားဖို့ အရေးကြီးပါတယ်။ သံပရာသီးရဲ့အက်စစ်ဓာတ်ကြောင့် အရေပြားမှာအကြွင်းအကျန်ရှိနေရင် နေရောင်ခြည်နဲ့ထိတွေ့မိတဲ့အခါ ဓာတုဓာတ်ပြုမှုတွေဖြစ်လာနိုင်သလို လောင်စေနိုင်ပါတယ်။
    ရေများများနဲ့ မျက်နှာသစ်ပစ်ရမှာဖြစ်ပါတယ်။ အချိန်ကိုလည်း မိနစ် ၂၀ ထက်ပိုမကြာပါစေနဲ့။ တင်းတိတ်နည်းတယ်ဆိုရင် ၁၀ မိနစ်လောက်ပဲထားပါ။
    ပေါင်းတင်ပြီးတဲ့အခါ moisturizer လိမ်းပါ၊ အပြင်သွားရင် sunscreen လိမ်းပါ။ ပေါင်းတင်ပြီးကာစ နုနေတဲ့အသားအရေက ထိခိုက်လွယ်နေပါလိမ့််မယ်။
    ဒီနည်းကို နှစ်ပတ် တစ်ကြိမ်လောက်လုပ်ပေးပါ။

သဘာဝပစ္စည်းနဲ့ ပြုလုပ်တဲ့ နည်းလမ်းဖြစ်ပေမယ့် တင်းတိတ်နဲ့အရေပြားပြဿနာတွေ အတွက်က သက်ဆိုင်ရာဆရာဝန်ကို ပြသပြီး ဆွေးနွေးအကြံပြုချက်ယူတာအကောင်းဆုံးပါ။ ပျိုမေတို့တွေ အနာအဆာကင်းတဲ့လှပခြင်းတွေ ပိုင်ဆိုင်နိုင်ကြပါစေ။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly