ဆီးချိုရှိသူတွေအတွက် နွေရာသီစားသောက်နည်းလမ်းညွှန်

ဆီးချိုရှိသူတွေအတွက် နွေရာသီစားသောက်နည်းလမ်းညွှန်

ရေးသားသူ Aye Thi Mon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win.

အသက်ကို ဉာဏ်စောင့်ပါတယ်နော်။ အခြေအနေနဲ့ ရာသီဥတုအလိုက်ကျန်းမာရေးကိုစောင့်ရှောက်နိုင်မှ ရောဂါကင်းပြီး ပျော်ရွှင်တဲ့ဘဝကို ပိုင်ဆိုင်နိုင်မှာပါ။ ဒီတစ်ခေါက်တော့ နွေပူပူမှာ ဆီးချိုကြောင့် နေရထိုင်ရခက်တာမျိုးမဖြစ်စေဖို့ ဘာတွေ စားသင့်လဲဆိုတာကိုပြောပြပါရစေနော်။
သွေးတွင်းသကြားဓာတ်အပေါ်မှာ သက်ရောက်မှုဖြစ်စေတဲ့ အစားအစာတွေ

အဓိကအားဖြင့်တော့ သွေးတွင်းသကြားဓာတ်အပေါ်မှာ သက်ရောက်စေနိုင်တဲ့ အစားအစာအမျိုးအစား ၄ မျိုးရှိပါတယ်။ ဒါတွေကတော့

    ကာဗိုဟိုက်ဒရိတ် (ကစီဓာတ်)
    ပရိုတင်း (အသားဓာတ်)
    အဆီဓာတ်
    အမျှင်ဓာတ်

ကာဗိုဟိုက်ဒရိတ်က ပရိုတင်းနဲ့ အဆီဓာတ်တွေထက် သွေးတွင်းသကြားဓာတ်ကို မြန်မြန်မြင့်တက်စေနိုင်ပါတယ်။ ဒီအစားအစာအမျိုးအစားတွေက သွေးတွင်းသကြားဓာတ်ပေါ်မှာ သက်ရောက်မှုကြီးတဲ့ အုပ်စုတွေပေါ့။ အမျှင်ဓာတ်၊ ပရိုတင်းနဲ့ အဆီဓာတ်တို့က အစားစားပြီးချိန်မှာ သွေးတွင်းသကြားဓာတ်မြင့်တက်မှုကိုလျှော့ချပေးနိုင်တဲ့ အာနိသင်ရှိကြပါတယ်။

ဒီတော့ဘာလုပ်မလဲ။ အစားစားတဲ့အခါ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပြီး ဗိုက်ပြည့်တယ်လို့ခံစားရစေဖို့ ကစီဓာတ်၊ အသားဓာတ် နဲ့ အဆီဓာတ်တို့ကို သမမျှတအောင်စားသုံးရပါမယ်။ ဒါပေမယ့် သတိထားရမှာတစ်ခုက ကျန်းမာတဲ့ ကစီဓာတ်ဖြစ်ဖို့နဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အဆီဓာတ်တွေဖြစ်ဖို့တော့လိုပါမယ်နော်။
နွေပူပူမှာ ဆီးချိုသမားတွေကျန်းမာနေစေဖို့ စားသောက်မှုပုံစံ

ကျန်းမာရေးနဲ့ညီညွတ်တဲ့ ကစီဓာတ်

ခန္ဓာကိုယ်အတွက် ကစီဓာတ်ကလိုအပ်ပါတယ်။  ဆီးချိုသမားတွေအတွက်လည်း လိုအပ်ပါတယ်။ ဒီတော့ သွေးချိုလည်းမတက် ခန္ဓာကိုယ်လည်းကျန်းမာစေဖို့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ ကစီဓာတ်ရရှိအောင် ဘာတွေစားမလဲ။

    ဆန်လုံးညို
    အုတ်ဂျုံ
    ဂျုံကြမ်းပေါင်မုန့်
    သစ်သီး
    ဟင်းသီးဟင်းရွက်
    ကုလားပဲ
    ပဲနီလေး
    အချိုမပါတဲ့ ဒိန်ချဉ်
    အဆီထုတ်နို့ တို့စားပေးလို့ရပါတယ်။

ကျန်းမာရေးနဲ့ညီညွတ်တဲ့ အဆီ

အဆီကလည်း စားသုံးပေးသင့်တဲ့အရာတစ်ခုပါ။ ကျန်းမာရေးနဲ့ညီညါတ်တဲ့အဆီဖြစ်ဖို့တော့လိုမှာပါ။ ဆီးချိုသမားတွေအတွက် သင့်တော်တဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အဆီတွေကတော့

    ပင်လယ်ငါးအဆီ
    အခွံမာသီးတွေနဲ့အစေ့အဆန်တွေကနေရတဲ့အဆီဓာတ်
    ထောပတ်သီး
    သံလွင်ဆီစစ်စစ်
    နေကြာဆီ
    စပျစ်သီးစေ့အဆီ တို့စားပေးလို့ရပါတယ်။

အနီရောင်အသား၊ ပြုပြင်ထားတဲ့အသားတွေတွေမှာပါတဲ့ အဆီတွေ၊ ထောပတ်၊ ဘီစကစ်၊ ကိတ်မုန့်နဲ့ အခြားအဆီများတဲ့ အစားအစာတွေကို မစားလေကောင်းလေပါနော်။

အငန်လျှော့စားပါ

ဆားတွေအများကြီးစားတာက သွေးတိုးတက်စေနိုင်ပါတယ်။ သွေးတိုးတက်တာရဲ့နောက်ဆက်တွဲက နှလုံးရောဂါခံစားရနိုင်ခြေကိုတိုးစေနိုင်သလို  လေဖြတ်နိုင်ခြေကိုလည်းတိုးစေနိုင်ပါတယ်။ နွေပူပူမှာ ရေဓာတ်ဆုံးရှုံးမှုများမှာဆိုတော့ ဆားကိုစားသင့်ပေမယ့် အများကြီးကတော့ မသင့်တော်ပါဘူး။ တစ်နေ့တာမှာ အများဆုံးအနေနဲ့ ဆားကို  လက်ဖက်ရည်ဇွန်းတစ်ဇွန်းစားပဲစားပေးပါ။ ဟင်းတွေကို အငန်ကဲအောင်မချက်ပါနဲ့။ အငန်ကဲတဲ့ အသင့်စားအစားအစာတွေမစားပါနဲ့။ အသီးခြောက်တွေ၊ ငါးခြောက်၊ ဆားရည်စိမ်ထားတဲ့ အသီးအရွက်တွေ၊ ဆားဘဲဥ၊ အာလူးကြော် လိုမျိုးအငန်ကဲမျာတွေမစားပါနဲ့။ ဘာတွေစားမလဆြိုတော့

    ကြက်ရင်အုံသား
    လတ်လတ်ဆတ်ဆတ်ဟင်းသီးဟင်းရွက်
    လတ်လတ်ဆတ်ဆတ်အသား
    ပြောင်းဖူးပြုတ် လိုမျိုးအစားအစာတွေစားပေးလို့ရပါတယ်။

သစ်သီးတွေစားပေးပါ

နွေပူပူမှာ ခန္ဓာကိုယ် ရေဓာတ်ပြည့်ပြီးလန်းဆန်းနေစေဖို့နဲ့ ကျန်းမာတဲ့ အမျှင်ဓာတ်ရရှိစေဖို့ သစ်သီးတွေစားပေးလို့ရပါတယ်။ သစ်သီးစားတဲ့အခါ ရေဓာတ်ပြင် ဗီတာမင် စီ နဲ့ ဗီတာမင် အေတို့ကိုပါရရှိစေမှာဆိုတော့ ခန္ဓာကိုယ်ကျန်းမာဖို့ အထောက်အပ့ံဖြစ်စေမှာပါ။ ဘာသစ်သီးတွေစားလို့ရမလဲဆိုတော့

    ဖရဲသီး
    စတော်ဘယ်ရီ
    ဘလူးဘယ်ရီ
    သခွားမွှေး
    သခွားသီး
    မက်မွန်သီး
    ပန်းသီး
    ပန်းသစ်တော်သီး
    သစ်တော်သီး
    သင်္ဘောသီး
    ခရမ်းချဉ်သီး တို့စားသုံးပေးလို့ရပါတယ်။ သစ်သီးတေါက ရေဓာတ်နဲ့အမျှင်ဓာတ်အပြင် ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အချိုဓာတ်ကိုပါဖြည့်တင်းစေနိုင်ပါသေးတယ်။ သဘာဝအချိုဆိုတော့ သွေးချိုတက်မှာလည်း ပူစရာမလိုတော့ဘူးပေါ့။

အနီရောင်အသားနဲ့ ပြုပြင်ထားတဲ့အသားတွေလျှော့စားပါ

ကစီဓာတ်နည်းနည်းပဲစားရတဲ့အခါ ခန္ဓာကိုယ်ကျန်းမာအောင်ဆိုပြီး ပရိုတင်းဓာတ်ကိုအများကြီးစားမိနိုင်ပါတယ်။ မြင်သာအောင်ပြောပြရရင် ထမင်းလျှော့စားလိုက်ပြီး အသားတွေပိုစားတာမျိုးပါ။ တကယ်တော့ ဒီအယူအဆကလွဲနေပါတယ်နော်။ အနီရောင်အသားတွေနဲ့ ပြုပြင်ထားတဲ့ အသားတွေက နှလုံးရောဂါနဲ့ကင်ဆာဝေဒနာတွေကိုဖြစ်စေနိုင်ပါတယ်နော်။ ထမင်းလျှော့စားရတာကြောင့် ခန္ဓာကိုယ်မှာ အာဟာရမပြည့်မှာစိုးရင် အနီရောင် အသားနဲ့ ပြုပြင်ထားတဲ့ အသားတွေအစား ဒါလေးတွေပိုစားပေးပါ။

    ပဲအမျိုးမျိုး
    ဥအမျိုးမျိုး
    ငါး
    ကြက်သား
    ကြက်ဆင်သား
    ဆားမပါတဲ့ အခွံမာသီးလှော်တွေ
    ဆယ်လ်မွန်ငါး
    မက်ကာရယ်ငါးတို့ စားပေးပါနော်။

အချိုကဲတာတွေ မစားပါနဲ့

ဒါတွေအပြင်နောက်ထပ်ဂရုစိုက်ရမှာက အချိုများတဲ့အစားအစာတွေမစားဖို့ပါ။ အချိုကလုံးဝမစားဖို့မဟုတ်ပေမယ့် အချိုကဲတာတွေမစားသင့်ပါဘူး။ အချိုရည်တွေမသောက်သင့်ပါဘူးနော်။ အားဖြည့်အချိုရည်တွေလည်းမသောက်သင့်ပါဘူးနော်။ ဒါဆိုဘာတွေသောက်ရမလဲ။ ဒါလေးတွေသောက်ပေးလို့ရပါတယ်နော်။

    သဘာဝသစ်သီးစစ်ကိုဖျော်ထားတဲ့ ဖောျ်ရည်
    သကြားမပါတဲ့နို့
    အုန်းစိမ်းရည်
    အချိုမပါတဲ့ လက်ဖက်ရည်
    အချိုမပါတဲ့ ကော်ဖီ
    ရေနွေးကြမ်းတို့သောက်ပေးလို့ရပါတယ်။

ဒါတွေအပြင် ဂရုစိုက်ပေးရမှာက ရေပြည့်ပြည့်ဝဝသောက်ပေးဖို့နဲ့ သင့်တင့်တဲ့ကိုယ်လက်လှုပ်ရှားမှုလုပ်ပေးဖို့ပါ။ ဆီးချိုရှိလည်း စိတ်မပူပါနဲ့။ အခုပြောခဲ့တဲ့အတိုင်း အာဟာရပြည့်အောင်စားသုံးလို့ နွေရာသီကိုအကောင်းဆုံး ကျော်ဖြတ်လိုက်ပါ။
ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly