ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဖြင့် ကျေးလက်လျှပ်စစ်မီးရရှိရေး ပဏာမစစ်တမ်းကောက်ယူ

ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဖြင့် ကျေးလက်လျှပ်စစ်မီးရရှိရေး ပဏာမစစ်တမ်းကောက်ယူ
(ဓာတ်ပုံ၊အောင်ကိုဦး၊မဇ္ဈိမ)

မန္တလေး၊ မတ် ၂၇ ။         ။ မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်အတွင်းရှိ လျှပ်စစ်မီးမရရှိသေးသည့် တဲကုန်းကျေးရွာတွင် E-ASIA Project အစီအစဉ်အရ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဖြင့် ကျေးလက်လျှပ်စစ်မီးရရှိရေးအတွက် အိမ်ထောင်စု ၁၀၀ ကို မတ်လ ၂၇ ရက်၊ နံနက် ၁၀ နာရီက ပဏာမစစ်တမ်း ကောက်ယူခဲ့သည်။

E-ASIA Project သည် ဂျပန်နိုင်ငံအပါအဝင် အာဆီယံ ၅ နိုင်ငံ စုပေါင်းထားသည့် အဖွဲ့ဖြစ်ပြီး ၄င်းအဖွဲ့မှ ထောက်ပံ့ငွေဖြင့် Biomass မှ လျှပ်စစ်မီးပေးနိုင်မည့် အစီအစဉ်အတွက် စစ်တမ်းကောက်ယူခြင်း ဖြစ်သည်။

"အာဆီယံ ၅ နိုင်ငံက ပူးပေါင်းလုပ်ဆောင်တဲ့ Project ဖြစ်တယ်။ လျပ်စစ်မီး မရရှိသေးတဲ့ နေရာတွေမှာ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်နဲ့ လျပ်စစ်မီးရဖို့ပါ။ E-Asia ရဲ့ ထောက်ပံ့ရန်ပုံငွေနဲဲ့လုပ်မှာ ဖြစ်တယ်။ Solar တို့ ၊ Hydro Power စတဲ့ စွမ်းအင်အရင်းအမြစ်တွေကနေ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အဖြစ် လျပ်စစ်မီး သုံးစွဲနေကြတယ်။" ဟု Mrs.Andante Hadi Pandyaswargo (Doctor of Engineering) (WASEDA University of Tokyo,Japan ) က ပြောသည်။

ယခုလိုဒေသခံများနှင့်တွေ့ဆုံစစ်တမ်းကောက်ယူပြီး ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် သုံးမျိုးဖြင့် လျှပ်စစ်ဓါတ်အား ရရှိရေး ဆောင်ရွက်သွားမည်ဟု သိရသည်။

"ရွာတစ်ရွာကို အချက်အလက်ကောက်ယူပြီး တစ်အိမ်ထောင်ချင်းစီမှာ လျှပ်စစ်ဓါတ်အား ဘယ်လောက်လို တယ်၊ ဘယ်လောက်သုံးစွဲတယ်ဆိုတာ စာရင်းကောက်တယ်။ ဘယ်လိုပုံစံ ဖြည့်ပေးနိုင်မလဲပေါ့။ ရတဲ့ အချက်အလက်တွေကို Analysis လုပ်မယ်။ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်နဲ့ ပတ်သက်လို့ Developed လုပ်ပြီးသား အစီအစဉ်အတိုင်း လျပ်စစ်ဓါတ်အားရရှိရေး လုပ်မှာပါ”ဟု Mrs.Andante Hadi Pandyaswargo (Doctor of Engineering) (WASEDA University of Tokyo, Japan) က ပြောသည်။

ယခုလို လုပ်ဆောင်ပေးနိုင်ရန်အတွက် မြန်မာနိုင်ငံအစိုးရနှင့်ဂျပန်နိုင်ငံအစိုးရတို့ စာချုပ် ချုပ်ဆိုထားပြီးလည်း ဖြစ်သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly