“ပြောင်းသလား၊ မပြောင်းဘူးလား ဘယ်သူမှန်သလဲ”

“ပြောင်းသလား၊ မပြောင်းဘူးလား ဘယ်သူမှန်သလဲ”

ခုဆိုရင် ရွေေးကာက်ပွဲ ကျင်းပဖို့ တစ်လကျော်ကျော်ပဲ လိုပါတော့တယ်။ အားလုံး သိကြပြီဖြစ်တဲ့အတိုင်း ဒီ ရွေးကောက်ပွဲဟာ အဓိကအားဖြင့် အာဏာရ ပြည်ခိုင်ဖြိုးပါတီနဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်တို့ရဲ့ ပြိုင်ပွဲလို့ ဆိုရင်တောင် ရနိုင်ပါတယ်။ ပြည်သူလူထု ထောက်ခံမှုအများဆုံး ရနေတာကို လက်တွေ့ မြင်နေရတဲ့ အင်န်အယ်လ်ဒီပါတီရဲ့ ဆောင်ပုဒ်ကတော့ “ ပြောင်းလဲချိန် တန်ပြီ၊ အမှန်တကယ် ပြောင်းလဲဖို့ NLD ကိုမဲပေးစို့” ဆိုပြီး ဖြစ်ပါတယ်။ အခုဆိုရင် အဲဒီ ကြော်ငြာစာသားတွေကို ပြည်တွင်းထုတ် သတင်းစာ ဂျာနယ် တွေမှာ ထည့်သွင်း ကြော်ငြာနေတာကိုလည်း တွေ့မြင်ရပါတယ်။ အင်န်အယ်လ်ဒီရဲ့ အဲဒီ အပြောင်းအလဲဆိုတဲ့ စကားလုံးနဲ့ ပတ်သက်လို့ ဝေဖန် စိန်ခေါ်လိုက်သူကတော့ ပြည်ခိုင်ဖြိုးပါတီရဲ့ ဒုတိယ ဥက္ကဋ္ဌ လည်းဖြစ်၊ ပူးတွဲ ဥက္ကဋ္ဌ တာဝန်ကိုပါ ရယူထားတဲ့ ဦးဌေးဦးပါ။ သူ ဘယ်နေရာမှာ ဘယ်လို ဝေဖန်သလဲ၊ တကယ့် အပြောင်းအလဲ ဆိုတာကို ဘယ်လို အဓိပ္ပါယ် ဖွင့်ဆိုသင့်သလဲဆိုတာ ဒီကနေ့ ဆွေးနွေး တင်ပြသွားပါ့မယ်။

    ဦးဌေးဦးဟာ ဒီ အပြောင်းအလဲဆိုတဲ့ စကားလုံးနဲ့ ပတ်သက်ပြီး ဟင်္သာတမြို့မှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂ ရက်နေ့က ပြောခဲ့တာပါ။ ဦးဌေးဦးပြောတဲ့ စကားလုံး အပြည့်အစုံက ခုလိုပါ။ “ ဒီလိုပြောင်းလဲလာတဲ့ ဥစ္စာသည် တစ်အချက် ကျွန်တော် ပြောရဲတာက ဒီလို ပြောင်းလဲလာအောင် လုပ်တဲ့လူတွေသည် ပြောင်းလဲလာတာကို သိတဲ့ လူတွေပဲ ဖြစ်တယ်။ မသိတဲ့ လူတွေကတော့ သူတို့မပါလို့ မသိတာလို့ပဲ တင်ပြချင်ပါတယ်။ မပြောင်းလဲဘူးဆိုတာ သူတို့ ဒီလို လုပ်တဲ့အထဲမှာ မပါတဲ့အတွက် မသိတဲ့အတွက် မပြောင်းလဲသေးဘူး၊ မပြောင်းလဲသေးဘူးလို့ ပြောနေ တယ်လို့ပဲ ယူဆပါတယ်။” ဦးဌေးဦး ပြောတဲ့စကား အဓိပ္ပါယ်ကတော့ အင်န်အယ်လ်ဒီဘက်က ပြောနေတဲ့ ပြောင်းလဲ ရမယ်ဆိုတဲ့ စကားဟာ မှားယွင်းနေတဲ့ အကြောင်း၊ လက်ရှိအခြေအနေ သူတို့ ပါတီနဲ့ အစိုးရဟာ အပြောင်းအလဲ လုပ်ထားပြီ ဖြစ်ကြောင်း၊ ဒီလို အပြောင်းအလဲတွေ လုပ်ထားတာကို မသိလို့၊ ပါဝင်ခွင့်မရလို့ အပြောင်းအလဲဆိုတဲ့ စကားကို ပြောနေတာ ဖြစ်ကြောင်း ဝေဖန်တာ ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် နိုင်ငံရေးပါတီ တစ်ခုနဲ့ တစ်ခု၊ ပါတီ ခေါင်းဆောင်တွေ တစ်ယောက်နဲ့ တစ်ယောက် ခုလို ယဉ်ယဉ်ကျေးကျေး ဝေဖန်ပြောဆို၊ မေးခွန်း ထုတ်ကြတာမျိုးဟာ ကောင်းမွန်တဲ့ ဓလေ့ပါ။ ဒီမိုကရေစီရဲ့ ကျင့်စဉ်ပါ။ ဒီလို ဝေဖန် ထောက်ပြချက် မှန်မမှန်ဆိုတာပဲ အပြန်အလှန် ငြင်းခုံ ကြဖို့ လိုပါတယ်။

    ဦးဌေးဦးပြောတဲ့ သဘောကတော့ သူတို့ စစ်ဗိုလ်ချုပ်တွေအနေနဲ့ အရင် စစ်အာဏာရှင် စနစ်ကနေ လက်ရှိ အစိုးရအဖွဲ့၊ လွှတ်တော်၊ တပ်မတော် သီးခြားစီ တည်ဆောက်ထားတဲ့ ပုံသဏ္ဍာန်ကို ပြောင်းလဲလာတာကို ရည်ညွှန်း ချင်တဲ့ပုံ ရပါတယ်။ အဲဒီမှာ သတင်းမီဒီယာ လွတ်လပ်ခွင့်အပြင် နိုင်ငံရေးနဲ့ စီးပွားရေးအရ ဖြေလျော့ပေးမှုတွေလည်း ပါဝင်နိုင်ပါတယ်။ ဒီ အပြောင်းအလဲကိုလည်း အရင် ပြည်ခိုင်ဖြိုးအသင်းကို တာဝန်ယူခဲ့ကြတဲ့ စစ်ဗိုလ်ချုပ်တွေက လုပ်ခဲ့ကြတယ်၊ သူကိုယ်တိုင်လည်း ပါဝင်ခဲ့တယ်၊ အခု သူတို့ ပြည်ခိုင်ဖြိုးပါတီ ဆိုတာဟာလည်း အရင် ပြည်ခိုင်ဖြိုး အသင်းက ဆင်းသက်လာတာပဲ ဖြစ်တယ်လို့ ပြောခဲ့တာပါ။

    တကယ်ဆိုရင်တော့ အပြောင်းအလဲဆိုတဲ့ မြန်မာ စကားလုံးဟာ သူ့ချည်းပဲ သုံးလို့တော့ မရပါဘူး။ ဘယ်က နေ ဘယ်ကိုပြောင်းတယ်ဆိုတဲ့ ရည်ညွှန်းချက် ပါဝင်ရပါမယ်။ လောလောဆယ် ဦးဌေးဦး အဓိပ္ပါယ် ဖွင့်ဆိုတာကတော့ အရင် စစ်အာဏာရှင်ခေတ်က ဖွဲ့စည်းပုံ အခြေခံဥပဒေ မရှိပဲ တစ်ဦးတည်း အုပ်ချုပ်လာတဲ့ ဆီကနေ အခု ဖွဲ့စည်းပုံ အရ ရွေးကောက်ပွဲလုပ်၊ လွှတ်တော်၊ အစိုးရအဖွဲ့တွေ ပေါ်ပေါက်ပြီး အုပ်ချုပ်လာတာကို အပြောင်းအလဲလို့ ဆိုတာပါ။ အရင် နိုင်ငံရေး၊ စီးပွားရေး အကြီးအကျယ် ဖိနှိပ်၊ ပိတ်ဆို့ထားတဲ့ အခြေအနေကနေ တစ်စုံတစ်ရာ တံခါးဖွင့်ပေး ပြုပြင် ပြောင်းလဲမှုတွေ လုပ်ခဲ့တာကို ဆိုလိုတာပါ။

    ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့ အပြောင်းအလဲ ဆိုတာကတော့ အဲဒီ ရည်ညွှန်းမှုတွေနဲ့ တူပုံ မရပါဘူး။ စစ်အာဏာရှင် စနစ်ကနေ ဒီမိုကရေစီ စနစ်ဆီ ပြောင်းလဲမယ့် အပြောင်းအလဲကို ဆိုလိုတာ ဖြစ်ပုံရပါတယ်။ လက်ရှိ အခြေအနေကို ဒီမိုကရေစီစနစ် ကျင့်သုံးနေတဲ့ အခြေအနေလို့ မပြောနိုင်သေးသလို၊ ဒီမိုကရေစီ စနစ်ဆီ သွားရာ လမ်းကြောင်းမှန်ပေါ် စရောက်နေပြီလား ဆိုရင်လည်း မရာက်သေးဘူးလို့ပဲ ပြောရမှာပါ။ ဒါကြောင့် ဒေါ်အောင်ဆန်းစု ကြည်က ၁၉၆၂ ခုနှစ်ကတည်းက စခဲ့တဲ့ စစ်အာဏာရှင်စနစ် ခုချိန်ထိ အပြောင်းအလဲ ကြီးကြီးမားမား မရှိသေးဘူး၊ ဒါကြောင့် ဒီမိုကရေစီစနစ်နဲ့ သွားဖို့ဆိုရင် အပြောင်းအလဲလုပ်ဖို့ လိုတယ်ဆိုပြီး ပြောတာ ဖြစ်ပါတယ်။

    အဲဒီ ရည်ညွှန်းချက် အရဆိုရင် ဒေါ်အောင်ဆန်းစုကြည် ပြောဆိုတာ သဘာဝ ကျပါတယ်။ အရင် အာဏာရှင် ဦးနေဝင်းခေတ်မှာ တော်လှန်ရေးကောင်စီ ဥက္ကဋ္ဌ အဖြစ်၊ နိုင်ငံတော် သမ္မတအဖြစ်၊ ပါတီ ဥက္ကဋ္ဌအဖြစ် ရာထူးအမျိုးမျိုး ပြောင်းလဲရယူ အုပ်ချုပ်ခဲ့ပါတယ်။ တိုင်းပြည်ဟာလည်း နဂိုက တော်လှန်ရေး ကောင်စီအောက်၊ နောက်ပိုင်း မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ အစိုးရအောက် ရောက်ခဲ့ပါတယ်။ အဲဒီ အခြေအနေ တစ်ခုနဲ့ တစ်ခုအကြား အပြောင်းအလဲ ဖြစ်တယ်လို့ ဘယ်သူမှ မသတ်မှတ်ကြပါဘူး။

    အလားတူ ၁၉၈၈ ပြည်သူလူထုရဲ့ ဒီမိုကရေစီအရေး တောင်းဆိုဆန္ဒပြပွဲအပြီး အာဏာသိမ်း အုပ်ချုပ်ခဲ့တဲ့ စစ်အစိုးရကလည်း အပြောင်းအလဲ ဖော်ဆောင်သူတွေ မဟုတ်ကြသလို၊ တိုင်းပြည်မှာ အပြောင်းအလဲလည်း ဖြစ်ခဲ့ တယ်လို့ ဘယ်သူမှ မသတ်မှတ်ခဲ့ပါဘူး။ အရင် စစ်အာဏာရှင်တွေ လက်ကနေ နောက်ထပ် စစ်အာဏာရှင်တွေ လက်ထဲ အာဏာ လွဲှပြောင်းသွားတာသာ ဖြစ်ပါတယ်။ ၂၀၁၁ အာဏာ အပြောင်းအလဲမှာလည်း ဒီပုံစံ အတိုင်းပါပဲ။ ဒီဗိုလ်ချုပ် လက်ထဲက အာဏာ ဟိုဗိုလ်ချုပ်လက်ထဲ ရောက်သွားတာပါပဲ။ အပြောင်းအလဲ ဖြစ်ပြီး ပြည်သူလူထုက ရွေးချယ်တဲ့ သမ္မတလက်ထဲ အာဏာရောက်သွားတာမျိုး မဟုတ်ပါဘူး။ အဲလို ရှုဒေါင့်က ကြည့်ရင် ဒေါ်အောင်ဆန်းစု ကြည် ပြောတာ မှန်ပါတယ်။

    ဒါကြောင့် အပြောင်းအလဲကို ပြောမယ်ဆိုရင် ဘာကို ရည်ညွှန်းသလဲ ကြည့်ရမှာ ဖြစ်ပါတယ်။ တိုင်းပြည်ဟာ စစ်အာဏာရှင် တစ်ဦးတည်း အုပ်ချုပ်နေရာကနေ စစ်ဗိုလ်ချုပ်တွေနဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေ အာဏာခွဲဝေ အုပ်ချုပ် နေတယ်ဆိုတဲ့ အပြာင်းအလဲ ဖြစ်သွားတယ်ဆိုရင် ဦးဌေးဦး မှန်ပါတယ်။ စစ်အာဏာရှင်တွေကနေ ပြည်သူလူထုက ရွေးချယ်တဲ့ အစိုးရ အုပ်ချုပ်ခြင်းကသာ အပြောင်းအလဲလို့ ယူဆမယ် ဆိုရင်တော့ ဒေါ်အောင်ဆန်းစုကြည်က မှန်ကန်မှာ ဖြစ်ပါကြောင်း သုံးသပ် တင်ပြလိုက်ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly